၈-၁၅ ဖေဖော်ဝါရီ၊ ၂၀၂၂

 

ဖေဖော်ဝါရီ ၁၂ ရက်နေ့မှစ၍ ရန်ကုန်မြို့အင်းစိန်ထောင်အတွင်းရှိ နိုင်ငံရေးအကျဥ်းသားများက "စစ်အာဏာရှင် ဖြုတ်ချရေးအတွက်" ၃ ရက်တာ အစာငတ်ခံဆန္ဒပြနေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက Khit Thit ကိုပြောဆိုသည်။ တိုင်းရင်းသားနယ်မြေများတွင် စစ်သင်တန်းတက်ရောက်ရန် သွားသည်ဟူသော သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည့် အသက် ၂၀ ဝန်းကျင် ဘားအံတက္ကသိုလ် ကျောင်းသား ၉ ဦးနှင့် ယာဉ်မောင်း တစ်ဦးတို့ကို စစ်ကောင်စီက ပုဒ်မ ၅၀၅-က နိုင်ငံတော် ပုန်ကန်မှု ရာဇသတ်ကြီးတ ပုဒ်မ ၁၂၄ (ဂ) တို့ဖြင့် စွဲချက်တင်ပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ထောင်ဒဏ် ၁၂ နှစ်စီ ချလိုက်သည်။
မန္တလေးတိုင်းတွင် စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှုများကြောင့် ပြည်သူစုစုပေါင်း ၂၇၁ ဦးသေဆုံးခဲ့ကြောင်း AAPP ၏ မှတ်တမ်းများအရသိရှိရသည်။ သတ်ဖြတ်ခံရသူအများစုမှာ ငြိမ်းချမ်းစွာဆန္ဒပြစဥ် ပစ်ခတ်ဖြိုခွင်းမှုများကြောင့် သေဆုံးခြင်းဖြစ်ပြီး သေဆုံးရသည့် ဒုတိယအများဆုံးအကြောင်းအရာမှာ စစ်ကြောရေးအတွင်း ညှင်းပန်းနှိပ်စက်မှုများကြောင့် ဖြစ်ကြောင်း သိရသည်။
ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်သူ ပြည်ထောင်စုနေ့အား အမျိုးသားညီညွတ်ရေးအစိုးရနှင့် စစ်ကောင်စီ တို့ အပြိုင်ကျင်းပခဲ့ကြသည်။ NUG ကျင်းပသည့် အွန်လိုင်းအခမ်းအနားသို့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ နိုင်ငံရေးပါတီများနှင့် သပိတ်ကော်မတီများနှင့် မြန်မာနိုင်ငံဆိုင်ရာ ပြည်ပသံရုံး ၂၀ ကျော်မှ သံတမန်များ တက်ရောက်ကြသည်။ စစ်ကောင်စီကျင်းပသော နေပြည်တော်ရှိ အခမ်းအနားသို့ EAO ၉ ဖွဲ့ တက်ရောက်ခဲ့ပြီး နောက်တနေ့တွင် စစ်ကောင်စီကိုယ်စားလှယ်များနှင့် သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါအစည်းအဝေးအတွက် စစ်ကောင်စီက ကြိုတင်ကန့်သတ်ချက်များ မထားဘဲ ဆွေးနွေးမည်ဟု ဆိုကာ EAO များကို ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့က AA အဖွဲ့ဝင် ၄၆ ဦးအပါအဝင် ထောင်ကျအကျဉ်းသား ၈၁၄ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့သည်။ ထို့အပြင် ထောင်ဒဏ်နှစ် ၈၀ ချခံထားသော NLD ပါတီ၏ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၏ ပြစ်ဒဏ်ကို တဝက်လျှော့ခဲ့ကြောင်း စစ်ကောင်စီကသတင်းထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီမှ ခန့်အပ်ထားသော အရပ်ဘက်အုပ်ချုပ်ရေးဝန်ထမ်းများ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို ၎င်းတို့၏ ထိန်းချုပ်နယ်မြေအတွင်းမှ ထွက်ခွာရန် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ဖာပွန်ခရိုင် တပ်မဟာ (၅) နှင့် သထုံခရိုင် တပ်မဟာ (၁) တို့က ကြေညာချက်အသီးသီး ထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီ ၈ရက်နှင့် ၉ ရက်အတွင်း ရပ်စောက်မြို့နယ်အတွင်းဖြစ်ပွားသောတိုက်ပွဲများတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်ဖွဲ့ရန်ဆွေးနွေးနေသည့် RCSS တပ်မဟာမှူးကို အရှင်ဖမ်းမိသည်ကြောင်း စစ်ကောင်စီသည် RCSS ဘက်မှနေ၍ လေကြောင်းမှတဆင့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ကြောင်း SSPP က People’s Spring သို့ပြောဆိုခဲ့သည်။ စစ်ကောင်စီက လေကြောင်းပစ်ကူပေးသည်ဆိုခြင်းအပေါ် RCSS ဘက်က ငြင်းဆိုထားသည်။
နော်ဝေနိုင်ငံအခြေစိုက် Telenor ဆက်သွယ်ရေးကုမ္ပဏီက မြန်မာနိုင်ငံတွင်ရှိသော ၎င်း၏ ကုမ္ပဏီခွဲကို ရောင်းချမှုနှင့် ပတ်သက်၍ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ခြင်း မြောက်မမြောက် စုံစမ်းစစ်ဆေးပေးရန် နော်ဝေအရပ်ဘက် ၅၀ ခန့်က ဖေဖော်ဝါရီ ၁၁ တွင် နော်ဝေရဲတပ်ဖွဲ့ထံတွင် အမှုဖွင့် တိုင်ကြားလိုက်သည်။ တယ်လီနောမြန်မာအား စစ်တပ်နှင့် ဆက်နွှယ်နေသော ကုမ္ပဏီထံရောင်းချရန် ပြင်ဆင်နေသဖြင့် ၎င်း၏ကွန်ယက်အသုံးပြုသူ ၁၈ သန်းကျော်နှင့်ဆိုင်သော မှတ်တမ်းများကို စစ်ကောင်စီက အသုံးချသွားနိုင်သည့် အခြေအနေရောက်ရှိနေခြင်းဖြစ်သည်။

Comments

Popular Posts