၁၆-၂၃ ဖေဖော်ဝါရီ၊ ၂၀၂၂

 

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အစပ် မိုးဗြဲမြို့တွင် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစ၍ ယနေ့အထိ ကရင်နီ ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေပြီး အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်သား ၆၀ ကျော်သေဆုံးခဲ့ကြောင်း KNDF က ထုတ်ပြန်ခဲ့သည်။ ၆ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီက တနေ့လျှင် လက်နက်ကြီး အကြိမ် ၅၀၀ နီးပါးခန့် ပစ်ခတ်ကြောင်း လေကြောင်း တိုက်ခိုက်မှု ၂၁ ကြိမ် ပြုလုပ်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
နယ်မြေခံသတင်းဌာနများ၏ ဖော်ပြချက်အရ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် PDF ဘက်က အယောက် ၂၀ ကျော်ကျဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။ ဖေဖေါ်ဝါရီလ ၁၇ရက်နေ့က စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကံကြီးကုန်းကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၂ ဦးအထိ ကျဆုံးခဲ့ကြောင်း DVB က ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၁၈ ရက်နေ့ညက ရန်ကုန်မြို့ မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီ လေတပ်ဌာနချုပ်ထဲကို People's force (Yangon) က ဝင်ရောက်၍ အဝေးထိန်းခလုတ်ဖြင့် ဗုံးခွဲတိုက်ခိုက်ခဲ့သဖြင့် YAK 130 တိုက်လေယာဉ် ၂ စီး ပျက်စီးခဲ့ကြောင်း NUG ၏ Public Voice TV က ဖော်ပြထားသည်။ သို့သော်ထိုကဲ့သို့တိုက်ခိုက်ခံရမှုမရှိကြောင်း စစ်ကောင်စီက BBC ကို ပြောဆိုခဲ့သည်။
ထောင်အတွင်းရှိ နိုင်ငံရေးအကျဥ်းသားများ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံနေရကြောင်း ၎င်းတို့နှင့် နီးစပ်သူများက လူမှုကွန်ယက်မီဒီယာတွင် ရေးသားထားကြသည်။ မန္တလေးမြို့ အိုးဘိုထောင်တွင် ဖမ်းဆီးခံထားရသော ကျောင်းသားသမဂ္ဂမှ အသက် ၂၃ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် မုဒိမ်းကျင့်ခံရသဖြင့် ဒဏ်ရာများရရှိခဲ့ကြောင်း၊ ထို့အပြင် အခြားသော ယောက်ျားလေး ၂ ဦး သည်လည်း မုဒိမ်းကျင့်ခံထားရကြောင်းသိရသည်။
စစ်ကောင်စီခန့်အပ်ထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများအား စာရင်းစစ်ဆေးမှုပြုလုပ်နေသော်လည်း အဆိုပါ စစ်ဆေးမှုကို NLD နှင့် SNLD ပါတီတို့က လက်ခံခြင်းမရှိကြောင်း Myanmar Now က ဖော်ပြထားသည်။ အာဏာသိမ်းသည့်နေ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရသော လူသိများထင်ရှားသော စာရေးဆရာ မောင်သာချိုနှင့် စာရေးဆရာထင်လင်းဦးတို့ကို ပုဒ်မ ၅၀၅ ဖြင့် စစ်ကောင်စီက ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း Burma VJ က ဖော်ပြထားသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဇီးဖြူကုန်းရွာတွင် အခြေစိုက်နေကြသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများများအား ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဖမ်းဆီးခံထားရသည့် ရွသား ၄၀ ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူများက Myanmar Now ကိုပြောဆိုသည်။
စစ်ကောင်စီနှင့်ဆက်စပ်လျက်ရှိသော လူပုဂ္ဂိုလ်များ ၂၂ ဦးနှင့် စီးပွားရေးလုပ်ငန်း ၄ ခုတို့အား ဥရောပသမဂ္ဂကောင်စီက ထပ်မံစီးပွားရေးပိတ်ဆို့မှု ပြုလုပ်လိုက်ကြောင်းသိရသည်။ အဆိုပါစာရင်းတွင် စစ်ကောင်စီခန့်ဝန်ကြီးများ UEC အဖွဲ့ဝင်များအပါအဝင် ထူးလုပ်ငန်းနှင့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့လည်း ပါဝင်သည်ကိုတွေ့ရသည်။
၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန် နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Convention on the Prevention and Punishment of the crime of Genocide) ကို မြန်မာနိုင်ငံက ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ကြားနာမှုများကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ပြန်လည်စတင်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားလှယ် (Agent) အဖြစ် စစ်ကောင်စီခန့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကတက်ရောက်နေသည်။

Comments

Popular Posts