ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁ #day27

 


ယနေ့ ရန်ကုန်၊ မန္တလေးနှင့် မုံရွာစသော မြို့ကြီးများတွင် လုံခြုံရေးအဖွဲ့ဝင်များမှ အင်အားသုံး အကြမ်းဖက်ဖြိုခွင်းမှုများ ဖြစ်ပွားခဲ့သည်။ အရပ်စကားများအရ စစ်အာဏာသိမ်းခေါင်းဆောင်များမှ နိုင်ငံတစ်ဝှမ်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးဆိုင်ရာ တပ်မှူးများအား သပိတ်ကြောင်းများကို မည်သည့်နည်းလမ်းနှင့်မဆို ဖြိုခွင်းရန် အမိန့်ပေးထားသည်ဟု သတင်းများပျံ့နှံ့နေသည်။ ယခင်နေ့များနည်း တူ ယနေ့တွင်လည်း လုံခြုံရေးတပ်သားများမှ သပိတ်စစ်ကြောင်းများအား ကြိုတင်သတိပေးခြင်း၊ စေ့စပ်ညှိ နှိုင်းခြင်းမျိုးမရှိဘဲ လျင်မြန်စွာ အင်အားသုံးဖိနှိပ်ခဲ့သည်။ ရန်ကုန်မြို့တွင်မူ  စမ်းချောင်းနှင့် မြေနီကုန်းမှ GSCN အဖွဲ့များ၏ သပိတ်စစ်ကြောင်းများကို ပစ်မှတ်ထားဖြိုခွင်းခဲ့သည်။ အနည်းဆုံး ချင်းလူငယ် ၁၀ဦးအပါအဝင် တိုင်းရင်းသားလူငယ်များ၊ ကျောင်းသားများအား ဖမ်းဆီးခဲ့ပြီး ပျောက်ဆုံးနေသူများ လည်းရှိသည်။ သတင်းများအရ အဆိုပါနေရာများတွင် ရောက်ရှိနေသော Associated Press (AP)၊ Myanmar Now နှင့် သတင်းတိုက်အများအပြားမှ သတင်းထောက်များလည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရ သည်။ ယင်းအပြင် ရန်ကုန်သပိတ်ကြောင်းများအနီး လာရောက်ကြည့်ရှုနေသူများ၊ ဘတ်စ်ကားဆရာများ၊ ပျံကျဈေးသည်များကိုလည်း လုံခြုံရေးအဖွဲ့များမှ ခြိမ်းခြောက်မှုများနှင့် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြသည်။ အနီးအနား နေထိုင်သူများ၏ ပြောဆိုချက်အရ အဖမ်းခံရသူများမှာ ယာဉ်တန်း၁၀တန်းစာခန့်ရှိပြီး (နာမည်ဆိုးဖြင့်ကျော်ကြားသော)အင်းစိန်ထောင်သို့ ခေါ်ဆောင်သွားသည်ဟုသိရသဖြင့် အဖမ်းခံရသူများ၏ မိသားစုဝင်များမှာ စိုးရိမ်ပူပန်လျက်ရှိနေသည်။ အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများအား ထိန်းသိမ်းလေ့ရှိပြီး မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် လုံခြုံရေးအမြင့်မားဆုံးထောင်လည်း ဖြစ်သည်။ အစောပိုင်းကာလများတွင် ဆန္ဒပြသူများအား သက်ဆိုင်ရာရဲစခန်းများတွင် ထိန်းသိမ်းပြီး နာရီပိုင်း သို့ ရက်ပိုင်းအတွင်း ပြန်လည်လွှတ်ပေးမှုများရှိသော်လည်း ယခုအခါတွင်မူ ဆန္ဒပြသူများအား အင်းစိန် ထောင်သို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား ခြိမ်းခြောက်နေသည့်ဓာတ်ပုံနှင့် အရေးပေါ် ကျန်းမာရေးကုသမှု လုပ်ဆောင်ပေးသည့်အဖွဲ့အား သေနတ်ဖြင့် ချိန်ရွယ်ထားသောပုံတို့မှာ ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့လျက်ရှိသည်။
 
မန္တလေးတွင် ဆန္ဒပြသူများအား ကိုယ်စားပြုပေးနေသည့် ရှေ့နေတစ်ဦးက ရဲတပ်ဖွဲ့က အဖမ်းဆီးခံ ရသူများထံမှ မြန်မာငွေနှစ်သိန်းကျပ်ကို တောင်းခံထားပြီး ထိုငွေပမာဏအား ပေးနိုင်သူများကိုသာ ပြန်လည်လွှတ်ပေးမှုများရှိနေသည်ဟု ပြောဆိုထားသည်။ ယင်းရှေ့နေကပင် ဆန္ဒပြသူများအနေဖြင့် ရဲတပ်ဖွဲ့များကို ငွေပေးချေမှုများ မပြုလုပ်သင့်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းဖြင့် နောင်ကာလတွင် အဖမ်းအဆီးများ ပိုမိုဖြစ်ပွားလာစေရန် အားပေးအားမြောက်သလို ဖြစ်နေကြောင်း ပြောဆိုထားသည်။ နေပြည်တော်တွင် မြန်မာစံတော်ချိန် ည၈နာရီ၌ သံပုံးတီးခတ်မှုများကြောင့် ပြည်သူ၆ဦး အဖမ်းဆီးခံ ခဲ့ရသည်။ ဖမ်းဆီးမှုများမှာ အစိုးရဝန်ထမ်းအိမ်ရာဝန်းအတွင်း ဖြစ်ပွားခဲ့သဖြင့် CDMလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူဝန်ထမ်းများမှ သံပုံးတီးခဲ့ခြင်း ဖြစ်နိုင်သည်ဟု ယူဆရသည်။
 
မုံရွာမြို့တွင်  လုံခြုံရေးအဖွဲ့များမှ အမျိုးသမီးများအပါအဝင် ဆန္ဒပြသူများအား လက်ကိုင်တုတ်များဖြင့် ရိုက်နှက်ကာဖြိုခွင်းခဲ့သည်။ မုံရွာမြို့နေရာအချို့တွင် ကျည်အစစ်များအသုံးပြုခဲ့သဖြင့် ပြည်သူအနည်းငယ် ထိခိုက်ဒဏ်ရာရခဲ့သည်။ ကျည်ထိမှန်ကာ လဲကျနေသော အမျိုးသမီးဆရာဝန်တစ်ဦး၏ ဓာတ်ပုံမှာ လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့သည်။ အဆိုပါ အမျိုးသမီးအား အခင်းဖြစ်ပွားရာနေရာတွင်ပင် ကျဆုံးခဲ့သည်ဟု ကနဦးသတင်းများ ထွက်ခဲ့သော်လည်း ဒေသခံများမှ အမျိုးသမီးအား ပုဂ္ဂလိကဆေးရုံတစ်ခုသို့ ပို့ဆောင်ခဲ့ပြီး လက်ရှိတွင် အရေးပေါ်ကုသခန်းအတွင်း ရောက်ရှိနေကြောင်း ပြန်လည်ပြောကြားထားသည်။ ထို့အတူ အသက်၃၅နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း ကျည်နှစ်ချက်ထိမှန်ကာ လက်ရှိ ကျန်းမာရေးအခြေအနေ ကို မသိရသေးကြောင်း သတင်းရရှိခဲ့သည်။ သတင်းများအရ မုံရွာ တစ်မြို့တည်း၌ပင် အဖမ်းဆီးခံရသူဦးရေ ၃၀၀ ခန့်ရှိခဲ့သည်။
ဓာတ်ပုံများတွင်ပါဝင်သော လူအချို့မှာ ယူနီဖောင်းများ ဝတ်ဆင်ထားခြင်း မရှိသော်လည်း ဆန္ဒပြသူများအား ရိုက်နှက်မှု၊ ဖမ်းဆီးထောင်ချမှုများ ရှိခဲ့သည်။ ထို့ကြောင့် ဆန္ဒပြသူများက အရပ်ဝတ်များ၏ ဖမ်းဆီးမှုများကို ခုခံကာကွယ်ခွင့်ရန် လူမှုကွန်ယက်များတွင် တောင်းဆိုထားကြသည်။ အကြမ်းဖက်ဖြိုခွင်းမှုများ ဖြစ်ပွားနေသော်လည်း ဆန္ဒပြသူများမှ မနက်ဖြန်တွင်ရောက်ရှိလာမည့်  “လက်ဖက်ရည်ညီနောင်များ၏ လှုပ်ရှားမှု”(MilkTeaAlliance) အား ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ကြရန် လှုံ့ဆော်လျက်ရှိသည်။ ဖမ်းဆီးမှုများ ရှိပါက တွန်းကန်ထကြွရန်နှင့် တစ်ဦးတစ်ယောက် ဖမ်းဆီးခံရပါက အဖွဲ့လိုက် ခုခံပေးကြရန် လှုံ့ဆော်မှုများ လည်းတွေ့ရသည်။ ထို့အပြင် လုံခြုံရေးအဖွဲ့များပစ်သော မျက်ရည်ယိုဗုံးများဒဏ်မှ ကာကွယ်နိုင်ရန် ရည်ရွယ်ကာ လူမှုကွန်ယက်သုံးစွဲသူ ပြည်သူများက အမာခံဦးထုပ်များ၊ ဒိုင်းများ၊ ဓာတ်ငွေ့ကာ နှာခေါင်းဖုံးများအား အချင်းချင်းမျှဝေခဲ့ကြသည်။
 
UN အထွေထွေညီလာခံ၌ CRPHအဖွဲ့အစည်းကို ကိုယ်စားပြုခဲ့သောကြောင့် မြန်မာ(အမြဲတမ်း) ကိုယ်စားလှယ်အား နိုင်ငံတော်ပုန်ကန်မှုဖြင့် ရာထူးမှဖြုတ်သိမ်းခဲ့ကြောင်း နိုင်ငံပိုင် သတင်းမီဒီယာမှ ယနေ့ညနေပိုင်းတွင် ကြေငြာခဲ့သည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆန္ဒပြသူများကလည်း သံတမန်ရေးရာ နှင့် နိုင်ငံတကာဆက်ဆံရေးတွင် မိမိတို့ဖက်မှ အသာစီးရနေကြောင်း ဖော်ထုတ်ခဲ့ကြသည်။ ယနေ့အချိန် အထိ အာဏာသိမ်းစစ်အစိုးရအား တရားဝင်ထောက်ခံသည့်၊ အာဏာသိမ်းစစ်အစိုးရမှ ကတိပြုထား သည့် ရွေးကောက်ပွဲအစီအစဉ်ကို ထောက်ပံ့ကြောင်း ကြေငြာထားသည့် နိုင်ငံတစ်နိုင်ငံမျှ မရှိသေးချ။ ဩစတေးလျနိုင်ငံ Woodside Energy စွမ်းအင်ကုမ္ပဏီမှာမူ မြန်မာ့နိုင်ငံရေးအခြေအနေအား နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်တစ်ခုဟု မှတ်ချက်ပြုခဲ့သည့်အတွက် ကျယ်ကျယ်ပြန့်ပြန့် အဝေဖန်ခံခဲ့ရပြီးနောက် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုများအား ရပ်ဆိုင်းခဲ့ပြီး မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီရရှိချိန်မှ ရင်းနှီးမြှုပ်နှံများအား ပြန်လည်လုပ်ဆောင်သွားမည်ဟု ကြေငြာခဲ့သည်။
 

Comments

Popular Posts