မတ် ၂၊ ၂၀၂၁ #day30


လူ ၂၀ ဦးခန့်သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရခဲ့သော တနင်္ဂနွေနေ့ ဖြစ်စဥ်ကြောင့် စစ်အစိုးရအပေါ် နိုင်ငံတကာမှ ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်လာပြီးနောက်တွင် အစိုးရပိုင် မီဒီယာဖြစ်သော MRTV မှ လူထုအားဖြိုခွဲရာတွင် လုံခြုံရေးတပ်ဖွဲ့များအား ကျည်အစစ်များ အသုံးမပြုရန် ညွှန်ကြားထားကြောင်း ကြေညာလိုက်သည်။ ဆန္ဒပြသူများသည် လောက်လေးဂွ များနှင့် ရေနံဆီဗုံးများအသုံးပြု၍ အကြမ်းဖက်မှုများ ပြုလုပ်နေကြောင်းလည်း စွပ်စွဲလိုက်ပြီး လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် ၎င်းတို့၏ အသက်အားထိခိုက်လာပါက ခါးအောက်ပိုင်းသို့ ပစ်ခွင့်ရှိကြောင်း သတင်းတွင်ဖော်ပြခဲ့သည်။ အဆိုပါခုခံကာကွယ်မှုအတွက်ကျည်အစစ် သုံးခွင့်ရှိမရှိကိုမူ ရှင်းလင်းစွာ ပြောကြားခဲ့ခြင်းမရှိပါ။ သို့သော် ယနေ့တွင် ဆန္ဒပြမှုများတွင် ကျည်အစစ်အသုံးပြုမှုများရှိနေသေးသောကြောင့် ထိခိုက်ဒဏ်ရာရမှုများရှိနေသေးကြောင်း သတင်းအများအရသိရှိရသည်။ မန္တလေးမြို့နှင့် ကလေးမြို့ရှိ ဆန္ဒပြမှုများအား ဖြိုခွဲရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျည်အသစ်များသုံးခဲ့ပြီး မန္တလေးမြို့တွင် အနည်းဆုံး လူ ၂ ဦးနှင့် ကလေးမြို့တွင် အနည်းဆုံး လူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ကလေးမြို့ရှိ လူနာ ၃ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းလည်း ဒေသခံမီဒီယာများအရ သိရှိရပါသည်။ လူအသေအဆုံးနှင့် ထိခိုက်မှုများဖြစ်ပွားခဲ့သော ရန်ကုန်မြို့ဆန္ဒပြပွဲများတွင် ယနေ့ ပြင်းပြင်းထန်ထန်ထိခိုက်မှုများမရှိဘဲ ပြီးဆုံးခဲ့သည်ကိုတွေ့ရသည်။

ယမန်နေ့က စစ်တပ်ဦးဆောင်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ခဲ့သော CRPH သည် ယနေ့တွင် အစိုးရအဖွဲ့ ဖြစ်စည်းလိုက်ကြောင်း ကြေညာလိုက်သည်။ မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံအဖြစ် ဒေါ်အောင်ဆန်းစုကြည်တို့ ဆက်လက်တည်ရှိနေကြောင်းနှင့် ရွေးကောက်ခံကိုယ်စားလှယ်များအနက်မှ ၄ ဦးအား ဝန်ကြီးဌာန ၉ ခု၏ ယာယီပြည်ထောင်စုဝန်ကြီးများအဖြစ်ခန့်အပ်လိုက်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။ ယခုဝန်ကြီးများ ခန့်အပ်ခြင်းသည် စစ်အစိုးရနှင့်စင်ပြိုင်ဖွဲ့သောအစိုးရဖြစ်ကြောင်း ပြောဆိုမှုများရှိသော်လည်း၊ အချို့ကမူ နိုင်ငံတွင် တရားဝင်အစိုးရမရှိခြင်းကြောင်း ယခုအစိုးရအဖွဲ့သည် ၎င်းတို့၏ အစိုးရအစစ်အမှန်ဖြစ်ကြောင်း ဖော်ပြကြသည်။ သို့သော် အချို့သူများက ယခုဖွဲ့စည်းမှုတွင် အာဏာသိမ်းမှုအားဆန့်ကျင်သည့် တိုင်းရင်းသားပါတီများရှိ ရွေးကောက်ခံကိုယ်စားလှယ်များအား မထည့်သွင်းခြင်းအား ဝေဖန်ကြပါသည်။

မြန်မာပြည်သူအကြားတွင် လွှမ်းမိုးသော သတင်းနောက်တစ်ခုမှာ မြန်မာပြည်အရေးအတွက်ကျင်းပသော ASEAN အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးဖြစ်သည်။ ယခုအစည်းအဝေးတွင် စစ်အစိုးရမှ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ထားသော စစ်ဗိုလ်ဟောင်းတစ်ဦးဖြစ်သည့် ဝဏ္ဏမောင်လွင် တက်ရောက်ခဲ့သည်ကို တွေ့ရသည်။ ASEAN အဖွဲ့ဝင်နိုင်ငံအများစုသည် လက်ရှိမြန်မာပြည်အခြေအနေအား စိုးရိမ်ကြောင်းပြောဆိုခဲ့ကြပြီး စင်ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့သည် အခြားနိုင်ငံများထက် စစ်အစိုးရအား ပိုမိုဖိအားပေးခဲ့ကြသည်ကိုတွေ့ရသည်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက စစ်တပ်အနေဖြင့် ဖမ်းဆီးထားသည့် နိုင်ငံရေူခေါင်းဆောင်များအား ခြွင်းချက်မရှိအမြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ASEAN နိုင်ငံများအနေဖြင့် ASEAN ၏ ပြည်တွင်းရေးမစွက်ဖက်သည့်မူဝါဒအား မဖြစ်မနေလိုက်နာရမည်ဖြစ်သော်လည်း ဒီမိုကရေစီ လူ့အခွင့်အရေး တရားဥပဒေတို့ကိုလည်း တန်းတူလေးစားလိုက်နာရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် ASEAN မှ ကြားဝင်ညှိနှိုင်းပေးနိုင်ရေးအတွက် တပ်မတော်အနေဖြင့် တံခါးဖွင့်ရန် တောင်းဆိုလိုက်သည်။

ထူးခြားမှုအနေဖြင့် မြန်မာ့အရေးနှင့်ပတ်သက်၍ နှုတ်ဆိတ်လျက်ရှိသော စင်ကာပူနိုင်ငံသည် မြန်မာ့လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး ၎င်း၏အမြင်အား ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့သည်ကိုတွေ့ရသည်။ စစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြနေသူများအပေါ် လူသေစေလောက်သော အင်အားအသုံးပြု၍ အကြမ်းဖက်ဖြိုခွဲခြင်းအား ၎င်းတို့အနေဖြင့် လုံးဝဆန့်ကျင်ကြောင်းနှင့် တပ်မတော်အနေဖြင့် အကြမ်းဖက်မှုများ ရပ်တန့်ရန် တောင်းဆိုလိုက်သည်။ သို့သော် ဆန္ဒပြသူများက စင်ကာပူအစိုးရအနေဖြင့် မြန်မာပြည်တည်ငြိမ်ရေးအတွက် အမှန်တကယ်စေတနာရှိပါက ၎င်း၏နိုင်ငံအတွင်းတွင်ရှိနေသော များပြားသည့် တပ်နှင့်ဆိုင်သော အပ်ငွေများ စီးပွားရေးလုပ်ငန်းများအား အရေးယူရန်လိုအပ်ကြောင်း ထောက်ပြကြသည်။

အခြားသောလူထူစိတ်ဝင်စားသောသတင်းတစ်ခုမှာ တပ်မတော်မှ တပ်သား ၁၀ ဦးသည် ကရင်ပြည်နယ်အတွင်းအခြေစိုက်သည့် တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့ဖြစ်သော ကရင်အမျိုးသားအစည်းအရုံး၏ တပ်မဟာ ၅ နယ်မြေအတွင်းတွင် CDM လှုပ်ရှားမှုတွင် ပါဝင်ကြောင်း ကြေညာခဲ့သည်။ ၎င်းတို့သည် CDM တွင်ပါဝင်သည့် ပထမဆုံးတပ်မတော်သားများဖြစ်လာမည်ဖြစ်သည်။ ယခင် မုံရွာမြို့တွင် တပ်ကြပ်ကြီးအဆင့်ရှိသည့် တပ်သားတစ်ဦး CDM တွင်ပါဝင်ကြောင်း ကြေညာခဲ့ဘူးသော်လည်း ရက်အနည်းငယ်တွင် ၎င်း၏ ဆန္ဒအစစ်အမှန်မဟုတ်ဘဲ ဆန္ဒပြသူများ၏ ဖြားယောင်းသွေးဆောင်မှုကြောင့် CDM တွင် ပါဝင်ခဲ့ရခြင်းဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာတွင် ပြန်လည်ဖြေကြားခဲ့သည်။ DVB မီဒီယာမှ သတင်းထောက်တစ်ဦးသည် ယမန်နေ့ညက မြိတ်မြို့တွင် အဖမ်းခံရသည်။ လုံခြုံရေးတပ်ဖွဲ့များ ဝိုင်းလာစဉ် ဖေ့ဘုတ်တွင် လိုက်ခ်လွင့်ခဲ့ပြီး ၄င်း၏ ဦးခေါင်းကို ကျည်ထိမှန်ခဲ့ကြောင်းလည်း သိရသည်။ Fortify rights ၏ အဆိုအရ သတင်းထောက်ပေါင်း ၁၈ ဦးခန့် ဖမ်းဆီးခံရပြီးဖြစ်ကြောင်းသိရသည်။


Comments

Popular Posts