မတ် ၃၊ ၂၀၂၁ #day31

 

မြန်မာပြည်၏ ဒီမိုကရေစီအရေးအတွက် ယနေ့တွင်လည်း အသက်ပေါင်းများစွာပေးဆပ်ခဲ့ကြရပြန်သည်။ အစိုးရမီဒီယာမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ကျည်ဆံအစစ်အသုံးပြု၍ ဆန္ဒပြမှုများအား ဖြိုခွဲခြင်းမပြုရန် ကြေညာပြီးနောက်တစ်နေ့တွင် ၎င်း၏ လုံခြုံရေးတပ်ဖွဲ့များကိုယ်တိုင်ကြောင့် အသက် ၁၄ နှစ်နှင့် အသက် ၁၉ နှစ် လူငယ်များအပါအဝင် လက်နက်မဲ့ဆန္ဒပြသူ ၁၈ ဦးထက် မနည်း အသက်ဆုံးရှုံးခဲ့ရပြန်သည်။ အပြင်းအထန်ဒဏ်ရာရရှိသူများ အများအပြားကျန်ရှိနေသေးခြင်းကြောင့် သေဆုံးသူများ ယခုထက် ပိုမိုများပြားလာနိုင်ကြောင်း အခင်းဖြစ်ပွားရာနေရာအနီးတွင်ရှိနေသော သတင်းထောက်များအရ သိရှိရသည်။ သေဆုံးသူအများအပြားမှာ ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာပမြို့နယ်ရှိ ဆန္ဒပြမှုတွင်ဖြစ်ပြီး ထိုနေရာတစ်ခုတည်းတွင်ပင် သေဆုံးသူ အနည်းဆုံး ၇ ဦးထိရှိနိုင်ပြီး ကျည်ဆံထိမှန်သူ ၄၀ ဦးခန့်ရှိနိုင်ကြောင်း သိရှိရသည်။ စစ်ကိုင်းတိုင်း မုံရွာမြို့တွင်လည်း ပထမဦးဆုံးအကြိမ်ဖြင့် ဆန္ဒပြသူအများအပြားသေဆုံးခဲ့ရသည်။ သတင်းများအရ အနည်းဆုံး လူ ၅ ဦးခန့် သေဆုံးခဲ့ကြောင်းသိရသည်။ ထို့အပြင် ယခင်နေ့များက လူသေဆုံးမှုအများအပြားရှိခဲ့သော မန္တလေးမြို့တွင် ယနေ့တွင်လည်း အနည်းဆုံး ၂ ဦးသေဆုံးပြီး လူ ၉ ဦးခန့် သေနတ်ကျည်ထိမှန်ခဲ့ကြောင်း ခိုင်လုံသောသတင်းဌာနများအရသိရှိရသည်။

လက်ရှိဖြစ်ပျက်နေသာ အကြောင်းအရာများသည် ဆန္ဒပြမှုများအား ဖြိုခွင်းခြင်းမဟုတ်ဘဲ လက်နက်မဲ့ပြည်သူများအား အတုံးအရှုန်းသတ်ဖြတ်နေခြင်းဖြစ်ကြောင်း ဝေဖန်ပြစ်တင်နေကြပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မုံရွာမြို့လမ်းပေါ်တွင် လဲကျနေသာ သတိမေ့နေသူတစ်ဦးအား ဒရွတ်တိုက်ဆွဲသွားသည့် ဗီဒီယိုနှင့် မြောက်ဥက္ကလာတွင် ကယ်ဆယ်ရေးအဖွဲ့ဝင်လူငယ်သုံးဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းရိုက်နက်နေသော ဗီဒီယိုများ ဆိုရှယ်မီဒီယာတွင် ပြန့်နှံ့နေပါသည်။ တိုက်ဆိုင်စွာပင် သေဆုံးသူအများအပြားတွင်ရရှိသော ဒဏ်ရာများမှ ဦးခေါင်းကျည်ထိ ဒဏ်ရာဖြစ်သောကြောင့်, လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပစ်မှတ်များကိုသေချာရွေးချယ်ပြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နှိမ်နင်းခြင်း ဖြစ်ကြောင်းလည်း ဆန္ဒပြသူများမှ ဝေဖန်လျက်ရှိပါသည်။

ဆိုရှယ်မီဒီယာအသုံးပြုသူအချို့က လုံခြုံရေးအဖွဲ့ဝင်များ ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများသို့ပေးပို့ခြင်းဖြင့် လက်ရှိစစ်အစိုးရအား crime against humanity ဟူသော စွဲချက်တည်နိုင်ပြီး နိုင်ငံတကာတပ်ဖွဲ့ဝင်များ မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်ကြောင်း ပြောဆိုမှုများရှိပါသည်။ သို့သော် အချို့သော သူများက နိုင်ငံတကာမှတပ်ဖွဲ့များသည် နိုင်ငံထဲသို့အလွယ်တကူဝင်ရောက်မည်မဟုတ်သောကြောင့် ၎င်းတို့ကို အားကိုးပြီး မျှော်နေမည့်အစား မိမိတို့ကိုယ်တိုင် အာဏာသိမ်းအစိုးရကို တိုက်ထုတ်နိုင်ရန်အတွက် ကြိုးပမ်းရမည်ဖြစ်ကြောင်း ပြောဆိုနေကြပါသည်။ UNICEF မှ ပဲခူးမြို့ဆန္ဒပြပွဲများတွင် အသက် ၁၇ နှစ်နှင့် ၁၈ နှစ်အရွယ်လူငယ်များသေနတ်ဖြင့် ပစ်သတ်ခံရခြင်းနှင့် မန္တလေးတွင် အသက်မပြည့်သေးသည့်ကလေးငယ်တစ်ဦးနှင့် ကချင်ပြည်နယ်တွင် အသက် ၅ နှစ်အရွယ်ကလေးငယ်တစ်ဦး အပြင်းအထန်ဒဏ်ရာများရရှိစေခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့များ၏ လုပ်ရပ်အား ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဂျာမနီနိုင်ငံဖက်ဒရယ်ပါလီမန်ဥက္ကဌမှ ရွေးကောက်ခံကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသော CRPH လုပ်ဆောင်ချက်များအား အားပေးထောက်ခံကြောင်း စာထုတ်ပြန်ခဲ့ပြီး ချက်သမ္မတနိုင်ငံပြီးနောက် တရားဝင်ထုတ်ပြန်သော နိုင်ငံဖြစ်လာသည်။ ယခင်အပတ်ကလည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးမှ စစ်တပ်ကိုယ်စားလှယ်နှင့်မတွေ့ခင် CRPH ခေါင်းဆောင်အား ဖုန်းပြောဆိုခြင်းရှိခဲ့ကြောင်းလည်း သိရသည်။ UN အစည်းအဝေးတွင် CRPH ကိုယ်စား မိန့်ခွန်းပြောကြားခဲ့သော မြန်မာပြည်၏ UN ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ကျော်မိုးထွန်းကိုလည်း CRPH အနေဖြင့် လက်ရှိတာဝန်အပြင် နိုင်ငံ၏ နိုင်ငံခြားရေးရာနှင့် သံတမန်ရေးရာကိစ္စရပ်များကို ဆောင်ရွက်ရန် တာဝန်ပေးလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ သို့သော် ASEAN နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးတွင် နိုင်ငံအားလုံး၏ ဘုံသဘောတူညီမှု မရရှိခြင်းကြောင့် မြန်မာနိုင်ငံဆိုင်ရာ သဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်နိုင်ခြင်းမရှိခဲ့ပေ။ ယမန်နေ့ အစည်းအဝေးတွင် ၉ နိုင်ငံအနက် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ဖိလစ်ပိုင်တို့ကသာ နိုင်ငံရေးခေါင်းဆောင်များအား လွတ်ပေးရန်နှင့် ဆန္ဒပြမှုများအား ငြိမ်းချမ်းစွာဖြေရှင်းရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင်ယနေ့ထွက်ရှိလာသော သတင်းများအရ နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၏ ဝန်ထမ်း ၁၁၅ ဦး သည် CDM ကို ပူးပေါင်းလာကြောင်းနှင့် နေပြည်တော်အတွင်းရှိ CDM လှုပ်ရှားမှုတွင် ပါဝင်သူ ရဲတပ်ဖွဲ့ဝင်စုစုပေါင်း အယောက် ၇၀ နီးပါးခန့်ရှိလာပြီဖြစ်ကြောင်း သိရသည်။ ထို့အပြင် မြန်မာပြည်တောင်ပိုင်းရှိ တနသာရီတိုင်းတွင်လည်း ရဲမေ ၇ ဦး CDM တွင်ပါဝင်လာသည်ကိုတွေ့ရသည်။ CRPH မှ ယမန်နေ့ကဖွဲ့စည်းခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့သည် (၁/၂၀၂၁) ကြေညာချက်ဖြင့် မတ်လ (၁၀) ရက်နေ့နောက်ဆုံးထား၍ မြန်မာပြည်ရှိ မြို့နယ်အသီးသီးတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းရန်, စစ်ကောင်စီ၏ အုပ်ချုပ်မှုများအားလုံးကို လွဲပြောင်းရယူရန်, ကြားကာလပြည်သူ့အုပ်ချုပ်ရေး အစီအစဥ်များကို စီမံဆောင်ရွက်ရန်နှင့် CRPH ဖွဲ့စည်းထားသည့် ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ဥပဒေအမှတ် ၂ ဖြင့် လက်ရှိအခွန်အကောက် ဥပဒေအားပြင်ဆင်ကြောင်းကြေညာလိုက်သည်။ ထိုကြေညာချက်အရ စစ်ကောင်စီ အခွန်ငွေများ အလွဲသုံးစားမှုပြုများအား တားဆီးနိုင်ရန်အတွက် ပြည်သူများအနေဖြင့် လက်ရှိအခွန်ဆောင်နေမှုများကို စက်တင်ဘာလ ၃၀ ရက်နေ့အထိ ဆိုင်းငံထားရန် ထုတ်ပြန်ခဲ့သည်။


Comments

Popular Posts