မတ် ၄-၅၊ ၂၀၂၁ #day32 #day33
ဗုဒ္ဓဟူးနေ့ ပစ်ခတ်မှုများကြောင့် သေဆုံးသူ အနည်းဆုံး ၃၈ ဦးထိရှိသည်။ မီဒီယာများအတည်ပြုနိုင်သော စာရင်းအရ ယနေ့ထိ စစ်ကောင်စီအမိန့်ပေးချက်အရ ရဲနှင့်စစ်သားများ၏ အကြမ်းဖက်မှုကြောင့် သေဆုံးသူ ၄၇ ဦးထိရှိခဲ့ပြီး ယနေ့ မန္တလေးဆန္ဒပြမှုတွင် ကျည်ထိသေဆုံးခဲ့သူပါဝင်လျင် ၄၈ ဦးထိရှိပြီဖြစ်သည်။ သို့သော် ရပ်တန့်သွားခြင်းမရှိဘဲ ဆန္ဒပြမှုများသည်လည် အရှိန်ဟုန်ကောင်းကောင်းဖြင့် နည်းလမ်းပေါင်းစုံသုံး၍ မြန်မာပြည်အနှံဆက်လက်ဖြစ်ပွားလျက်ရှိနေပါသည်။ ဆန္ဒပြသူများသည် အိမ်သုံးပစ္စည်းများ ဆောက်လုပ်ရေးပစ္စည်းများကိုအသုံးပြ၍ ခေါင်းဆောင်းများ ဒိုင်းကာများအပြင် ကျည်ကာဝတ်စုံများအား ပြုလုပ်နေကြပြီးအချင်းချင်းလက်ဆင့်ကမ်း မျှဝေလျက်ရှိသည်ကိုလည်းတွေ့ရပါသည်။
နိုင်ငံရေးဦးဆောင်မှုနှင့်ပတ်သက်ပြီး အစဥ်တစိုက် ဝေဖန်ခံရသော CRPH သည် ယနေ့တွင်တော့ အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသူအများအပြား၏ ချီးကျုးမှုကိုရရှိခဲ့သည်။ အာဏာသိမ်းသည့်နေ့မှစ၍ နိုင်ငံရေးဦးဆောင်မှု အဖွဲ့အစည်းတစ်ခုအဖြစ်ရပ်တည်ခဲ့သော CRPH သည် လက်ရှိဆန္ဒပြပွဲများနှင့် ဆက်စပ်၍ ၎င်း၏ အချက်လေးချက်ပါသော နိုင်ငံရေးရည်မှန်းချက်များကို ထုတ်ဖော်ပြောဆိုခဲ့သည်။ အဆိုပါအချက်များမှာ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံရသူများအားလုံး လွှတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေးနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးတို့ဖြစ်သည်။ ယခင်က NLD ခေါင်းဆောင်များ လွှတ်မြောက်ရေးနှင့် ရွေးကောက်ပွဲရလဒ်အသိအမှတ်ပြုရေး ရည်မှန်းချက်များကိုသာ CRPH မှ ဦးစားပေးသည်ဟူ၍ စွပ်စွဲခံရပြီးမှ ယခုအခါတွင် တိုင်းရင်းသားအင်အားစုများ တောင်းဆိုလျက်ရှိသော နိုင်ငံရေးရည်မှန်းချက်များအားထည့်သွင်းခြင်းဖြစ်သည်။ CRPH ၏ ပြောခွင့်ရသူအဆိုအရ မကြာမှီတွင် အမျိုးသားညီညွတ်ရေး အစိုးရအသစ်အား ဖွဲ့စည်းသွားရန်ရှိကြောင်းလည်း သိရှိရသည်။ အာဏာသိမ်းမှုမတိုင်ခင်ကလည်း NLD အစိုးရမှ Unity government ဖွဲ့စည်းရေးအတွက် တိုင်းရင်းသားပါတီများဖြင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ဘူးသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်ဖြစ်သည့် United Kingdom ၏ တောင်းဆိုမှုအရ လုံခြုံရေးကောင်စီသည် မြန်မာ့အရေးအား ယနေ့တွင် တခါးပိတ်ဆွေးနွေးမှုပြုလုပ်မည်ဖြစ်သည်။ ကောင်စီအနေဖြင့် ယခင်အစည်းအဝေးတွင် မြန်မာပြည်အရေးအား အထူးပင်စိုးရိမ်ကြောင်း အားလုံးသဘောတူသော ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ဘူးသည်။ CRPH မှ အထူးသံတမန်အဖြစ်ခန့်အပ်ထားသော Dr. Sa Sa က နိုင်ငံတကာအနေဖြင့် R2P (Responsibility to Protect) အကောင်အထည်ဖော်သင့်ကြောင်း UN သို့ စာရေးသားပေးပို့ခြင်းကြောင့် မြန်မာလူထုအကြားတွင် ယခုအစည်းအဝေးအား အထူးပင်စိတ်ဝင်စားနေကြသည်ကို တွေ့ရှိရသည်။ သို့သော် မြန်မာ့အရေးနှင့် ပတ်သက်ပါက တပ်မတော်အား အစဥ်အမြဲကာကွယ်ပြောဆိုလေ့ရှိပြီး လုံခြုံရေးကောင်စီဆုံးဖြတ်ချက်များအား ဗီတိုအာဏာသုံး၍ ပယ်ချလေ့ရှိသော တရုတ်နှင့် ရုရှားနိုင်ငံတို့ကြောင့် ယခုအစည်းအဝေးကိုလည်း များစွာမမျှော်လင့်သင့်ကြောင့် ပြောဆိုမှုများလည်းရှိပါသည်။
ယနေ့ညနေတွင် နိုင်ငံအဝန်းတွင် လျှပ်စစ်မီးပျက်တောက်မှုများဖြစ်ပေါ်ခဲ့သည်။ အဆိုပါသတင်းနှင့်ဆက်စပ်ပြီး ရန်ကုန်မြို့အား လာမည့် ၄၈ နာရီအတွင်း hard lockdown ရက် နှစ်ဆယ်ခန့်ပြုလုပ်မည်ဆိုသည့် သတင်းများယနေ့တွင်ထွက်ပေါ်လာပါသည်။ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီးဖြစ်သော်လည်း ယခု lockdown ပြုလုပ်ပါက အင်တာနက်များဖြတ်တောက်ခြင်း၊ လျှပ်စီးမီးများဖြတ်တောက်ခြင်း၊ အိမ်တွင်းမှ အိမ်ပြင်မထွက်စေခြင်းနှင့် ပစ်မိန့်ပေးခြင်းများ ပါဝင်လာမည်ဟု ကောလဟာလသတင်းများအရသိရသည်။ ဆန္ဒပြသူများက လက်ရှိကာလသည်လည်း ဖြတ်တောက်မှုများနှင့် ပစ်ခတ်မှုများရှိသည့်အတွက် ပြောင်းလဲမှုများကြီးကြီးမားမားရှိမည်မဟုတ်ကြောင်း ပြောဆိုနေကြပါသည်။ ဗုဒ္ဓဘာသာအသိုင်းအဝန်းတွင် သြဇာကြီးသော ရွှေကျင်ဂိုဏ်းမှ ဆရာတော်ကြီးများက စစ်တပ်အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ပြည်သူများအား အကြမ်းဖက်ခြင်းနှင့် သတ်ဖြတ်ခြင်းအား အမြန်ဆုံးရပ်ဆိုင်းရန် စာထုတ်ပြန်ခဲ့သည်။ ထို့အပြင် စစ်သားများအနေဖြင့် ပြည်သူအများ၏ ဥစ္စာပစ္စည်းများကိုလည်း လုယူခြင်းမပြုသင့်ကြောင်းနှင့် ဗုဒ္ဓဘာသာဝင်များပီပီ မေတ္တာဖြင့် ပြုမှုဆက်ဆံသင့်ကြောင့် ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းထားပါသည်။
ရဲဝန်ထမ်း ၁၉ ဦးခန့် အိမ်နီးနားချင်း အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း RFA သတင်းအရသိရှိရပါသည်။ ၎င်းတို့သည် လက်နက်များကို စွန့်ခွာခဲ့ပြီး ထွက်ပြေးခြင်းဖြစ်ကြောင်းနှင့် နောက်ထပ်ရောက်လာမည့် ရဲဝန်ထမ်းများလည်းရှိနိုင်ကြောင်း အိန္ဒိယရဲအရာရှိတစ်ဦးမှ ပြောဆိုခဲ့ပါသည်။ Irrawaddy သတင်းဌာန ယခုအချိန်အထိ တစ်နိုင်ငံလုံးတွင် CDM လုပ်ရှားမှုတွင်ပါဝင်သော ရဲတပ်ဖွဲ့ဝင်စုစုပေါင်း ၁၀၀ ကျော်ပီဖြစ်ကြောင်း ရေးသားထားပါသည်။ KNU တပ်မဟာ ၅ မှ တပ်ဖွဲ့ဝင်များသည် ကရင်ပြည်နယ်ရှိ ဆန္ဒပြသူများအား ဆန္ဒပြရာလမ်းတစ်လျောက်တွင် ပေါ်ပေါ်ထင်ထင်ပင် လုံခြုံရေးယူပေးခဲ့သည်ကိုတွေ့ရသည်။ ယခင်က တပ်သားများအနေဖြင့် အရပ်ဝတ်များဖြင့် အကာကွယ်ပေးမှုပြုလုပ်ခဲ့ဘူးသော်လည်း ယခုအကြိမ်တွင်မူ တပ်သားများသည် ဝတ်စုံအပြည့်ဖြင့်ဖြစ်ပြီး တပ်ဖွဲ့ဝင်အရေအတွက်လည်းသိသိသာသာများပြားလာခြင်းဖြစ်သည်။ ထို့အပြင် KNU တပ်မဟာ ၅ အနေဖြင့် လိုအပ်ပါက နိုင်ငံတကာနှင့်လည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း စာထုတ်ပြန်ခဲ့သည်။ တပ်မဟာ ၅ သည် လွန်ခဲ့သည့် နှစ်အနည်းငယ်မှစ၍ တပ်မတော်နှင့် အစဥ်အမြဲထိတွေ့တိုက်ခိုက်မှုများဖြစ်လေ့ရှိသည့် အဖွဲ့ဖြစ်သည်။



Comments
Post a Comment