မတ် ၆-၇၊ ၂၀၂၁ #day34 #day35

 

ယမန်နေ့ညသန်းခေါင်အချိန်တွင် မန္တလေးတွင် စစ်သားများပစ်ခတ်သော ကျည်ထိမှန်သေဆုံးခဲ့သည့် မိန်းကလေးငယ်၏ အုတ်ဂူအား စစ်သားများမှ ညအချိန်ဖောက်၍ အလောင်းအား စစ်ဆေးခြင်းအား မြန်မာ social-media အသုံးပြုသူများမှ အပြင်းအထန်ဝေဖန် လျက်ရှိပါသည်။ ယူန်တရုတ်နွယ်ဝင် ၁၉ နှစ်အရွယ် ကြယ်စင်သည် မတ်လ ၃ ရက်နေ့တွင် ဦးခေါင်းသေနတ်ကျည်ထိသေဆုံးခဲ့ခြင်းဖြစ်ပြီး သူမ၏ အလောင်းအား မိသားစုဝင်များမှ မန္တလေးရှိ တရုတ်သင်္ချိုင်းတွင် မြှုပ်နှံ့ခဲ့ခြင်းဖြစ်သည်။ အစိုးရပိုင်မန္တလေးနေ့စဥ်သတင်းစာနှင့် မြဝတီသတင်းများမှတစ်ဆင့် စစ်ကောင်စီက အဆိုပါသေဆုံးမှုအား စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ Voice of Myanmar သတင်းဌာန၏အဆိုအရ စစ်သားများသည် ညအချိန်တွင် အလုံးအရှင်းနှင့်လာပြီး သူမ၏ အုတ်ဂူအားဖွင့်ဖောက်သွားခြင်းဖြစ်သည်။ ဆိုရှယ်မီဒီယာအသုံးပြုသူများမှ စစ်တပ်အနေဖြင့် အလောင်းအား ဖျက်ဆီးခြင်း, အထောက်အထားသက်သေများအား ဖျက်ဆီးမည်ကို စိုးရိမ်ကြောင်းဖော်ပြကြပြီး အချို့သူများက သေဆုံးသူ ၅၀ ခန့်ရှိသည့်အနက်မှ မကြယ်စင်အမှုကိုသာ စုံစမ်းဖော်ထုတ်ရန် စစ်ကောင်စီက ကြိုးပမ်းခြင်းမှာ သူမသည် တရုတ်နွယ်ဝင်ဖြစ်ခြင်းကြောင့် တရုတ်နှင့် မြန်မာဆက်ဆံရေးထိခိုက်မည်ကို စိုးရိမ်ခြင်းဖြစ်နိုင်ကြောင်း ပြောဆိုနေကြပါသည်။ အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ အစိုးရပိုင်သတင်းဌာနမှ သူမ၏ ဦးခေါင်းတွေတွေ့ရသော ကျည်ဆံအခွံနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသုံးသော ကျည်ဆံအခွံတို့သည် တူညီမှုမရှိခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့များကြောင့် သေဆုံးခြင်းမဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။ နေပြည်တော်တွင် မခင်သွက်သွက်အောင်သေဆုံးစဥ်ကလည်း စစ်ကောင်စီအနေဖြင့် ထို့ကဲ့သို့အလားတူ အကြောင်းပြချက်ပေး၍ ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်း ကြေညာခဲ့ဘူးသည်။ လွတ်လပ်သောမီဒီယာများနှင့် ဆန္ဒပြပြည်သူများက အသုံးမပြုရသေးသော ကျည်ခွံနှင့် အသုံးပြုပြီးသော ကျည်ခွံတို့သည် မည်သို့မျှမတူညီနိုင်ခြင်းကြောင့် စစ်ကောင်စီ၏ အကြောင်းပြချက်များသည် ထုံးစံအတိုင်း ယုံကြည်နိုင်ဖွယ်မရှိကြောင်း ဝေဖန်ကြပါသည်။

လူအများစိတ်ဝင်စားသော သတင်းတစ်ခုမှာ CRPH မှ ခန့်အပ်ထားသော အထူးကိုယ်စားလှယ်နှင့် ပြည်တွင်းရှိ အင်အားကြီးသော တိုင်းရင်းသားလက်နက်ကိုင် KNU မှ ခေါင်းဆောင်အချို့ အတူရိုက်ကူးထားသော ဓာတ်ပုံဖြစ်သည်။ KNU သည် NCA ငြိမ်းချမ်းရေး ဖြစ်စဥ်အား ဦးဆောင်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ခဲ့ပြီး အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်တပ်အား အပြင်းအထန်ဝေဖန်သော အဖွဲ့ဖြစ်သည်။ KNU သည် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်မည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါ အစည်းအဝေးအကြောင်း နှစ်ဖက်စလုံးမှ ထုတ်ပြန်ခြင်းမရှိသော်လည်း ပြည်သူအများက CRPH နှင့် KNU တို့ အာဏာသိမ်းမှု ဆန့်ကျင်ရေးအတွက် နီးနီးကပ်ကပ်ပူးပေါင်းတော့မည်ဖြစ်ကြောင်း ခန့်မှန်းပြောဆိုနေကြပါသည်။ KNU ကဲ့သို့ စာထုတ်ပြန်ထားသော အင်အားကြီးသည့် RCSS အဖွဲ့ခေါင်းဆောင်များနှင့်လည်း မကြာခင်တွေ့ဆုံမည်ဖြစ်ကြောင်း အဆိုပါ အထူးကိုယ်စားလှယ်၏ ဆိုရှယ်မီဒီယာတွင် ရေးသားထားပါသည်။ အဆိုပါအဖွဲ့နှစ်ဖွဲ့သည် ၂၀၁၅ ခုနှစ်မှ စတင်ခဲ့သော NCA အခြေပြု ငြိမ်းချမ်းရေးဖြစ်စဥ်တွင် တိုင်းရင်းသားလက်နက်ကိုင်များဘက်မှနေ၍ နိုင်ငံရေး စစ်ရေးတို့အား ဦးဆောင်ဆွေးနွေးနေသော အဖွဲ့ နှစ်ဖွဲ့ဖြစ်သည်။ ထိုကဲ့သို့ စစ်အာဏာသိမ်းမှုအား တိုင်းရင်းသားလက်နက်ကိုင်များနှင့် အရပ်သားအစိုးရကိုယ်စားလှယ်များ ပေါ်ပေါ်ထင်ထင်ပူးပေါင်း ဆန့်ကျင်လိုကြောင်း အရိပ်အယောင်ပြခြင်းသည် ၁၉၈၈ ခုနှစ်အရေးအခင်းကာလနှင့်မတူသော ခွဲပြားခြားနားမှုတစ်ခုဖြစ်သည်။ အခြားတစ်ဖက်တွင်တော့ တစ်ဖက်သတ်အပစ်ခတ်သက်တမ်းတိုးခဲ့သော TNLA အား တအောင်းလူမှုအဖွဲ့အစည်း ၁၂ ဖွဲ့က ကန့်ကွက်ကြောင်း စာထုတ်ပြန်ခဲ့ကြောင်း Irrawaddy သတင်းဌာနမှ ဖော်ပြထားပါသည်။

CRPH ၏ ဦးဆောင်သူတစ်ဦးလည်းဖြစ်သူ ပါမောက္ခချုပ်တစ်ဦးဖြစ်သော ဒေါက်တာဇော်ဝေစိုးအား စစ်ကောင်စီမှ သေဒဏ်ကျခံနိုင်သည့် ပုဒ်မဖြစ်သည့် နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၂ ဖြင့် တရားစွဲဆိုလိုက်သည်။ အဆိုပါပုဒ်မအရ ၎င်းနှင့်ဆက်စပ်နေသော ကူညီပေးနေသူများအားလုံးကိုလည်း တရားစွဲဆိုနိုင်တော့မည်ဖြစ်သည်။ CRPH ကိုယ်စားပြုသူများ အားလုံးကိုလည်း ယခုကဲ့သို့ ပုဒ်မများတပ်၍ တရားစွဲဆိုလာနိုင်ကြောင်း သုံးသပ်ပြောဆိုနေကြပါသည်။ အရိုးရောဂါအထူးကု ဆရာဝန်ကြီးတစ်ဦးလည်းဖြစ်သူ ဒေါက်တာဇော်ဝေစိုးသည် CRPH ဦးဆောင်သူများအနက်မှ လွှမ်းမိုးမှုအရှိနိုင်ဆုံးသူအဖြစ် သတ်မှတ်နိုင်ပြီး ဝန်ထမ်းများအား CDM ပြုလုပ်ရန် အစဥ်အမြဲတိုက်တွန်းနေသူဖြစ်သည်။ ယနေ့တွင်လည်း ဝန်ထမ်းများအား လာမည့်တနင်္လာနေ့အား နောက်ဆုံးထား၍ CDM ပြုလုပ်ကြရန် ဖိအားပေးလိုက်ပြီး တနင်္လာနေ့မှစ၍ ရုံးများအားလုံး ၁၀ ရက်ပိတ်ရန် တိုက်တွန်းထားပါသည်။ ထို့အပြင် ဌာနများအလိုက် CDM အဖွဲ့များဖွဲ့ထားရန် ပါဝင်သူစာရင်းများကောက်ထားရန် CRPH နှင့် ချိတ်ဆက်ဆောင်ရွက်ရန်တို့ကိုလည်း တိုက်တွန်းထားပါသည်။

CRPH ၏ ကြေညာချက် အမှတ် ၉/၂၀၂၁ အရ ရန်ကုန်တိုင်းနှင့် မကွေးတိုင်းတို့ရှိ မြို့နယ်များအားလုံးတွင် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များဖွဲ့စည်းပြီးဖြစ်ကြောင်း သိရသည်။ အခြားသော မြို့နယ်များတွင်လည်း အဆိုပါအဖွဲ့များထပ်မံဖွဲ့စည်းရန် CRPH မှ တိုက်တွန်း လိုက်ပါသည်။ အဆိုပါအဖွဲ့များအား ဒေသခံများ CDM ပြုလုပ်နေသည့် ဝန်ထမ်းများနှင့် ဆန္ဒပြပြည်သူများဖြင့် ဖွဲ့စည်းခြင်းဖြစ်ပြီး စစ်ကောင်စီ၏ အမိန့်အာဏာကို ဖီဆန်၍ မိမိတို့၏ မြို့နယ်များကို ပြည်သူများက ကိုယ်ပိုင်အုပ်ချုပ်သည့်စနစ်ကို ကျင့်သုံးမည်ဖြစ်သည်။ မတ်လ ၃ ရက်နေ့က ဖမ်းဆီးခံရသော ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ်ပေါင်းများစွာမှ ကျောင်းသူကျောင်းသား ၃၅၀ ဝန်းကျင်ခန့်သည် လက်ရှိအချိန်ထိ အင်းစိန်ထောင်တွင်ရှိနေပြီး ၎င်းတို့၏ မိသားစုဝင်များနှင့် တွေ့ခွင့်မရရှိသေးပါ။ တည်ဆဲဥပဒေများအရ ၂၄ နာရီသာ ချုပ်နှောင်ခွင့်ရှိသော်လည်း ၎င်းတို့ချုပ်နှောင်ခံရသည်မှာ ယခုအခါတွင် နာရီပေါင်း ၇၂ ကျော်ရှိပြီဖြစ်သောကြောင့် ၎င်းတို့၏ လုံခြုံရေးနှင့် ကျန်းမာရေးအခြေအနေများအား စိုးရိမ်ပူပန်နေရကြောင်း အဆိုပါကျောင်းသားများ၏ မိသားစုများ မိတ်ဆွေများက ဆိုရှယ်မီဒီယာများတွင် ထုတ်ဖော်ပြောဆိုနေကြပါသည်။

ထို့အပြင် ရန်ကုန်တက္ကသိုလ်အပါအဝင် အချို့သော ကျောင်းများနှင့် ဘုရားရင်ပြင်များတွင် စစ်သားများက ဝင်ရောက်တပ်စွဲမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဆိုရှယ်မီဒီယာတွင် ပြန့်နှံ့နေသော ဓာတ်ပုံများအရ သိရပါသည်။ ရန်ကုန်မြို့တွင် စစ်သားများနှင့်ရဲများသည် သန်းခေါင်းယံဖမ်းဆီးမှုများကို ခပ်စိပ်စိပ်ပြုလုပ်လာသည်သည်ကိုတွေ့ရသည်။ စစ်ကောင်စီသည် နေ့အချိန်တွင် သပိတ်ဖြိုခွဲခြင်းအား အရှိန်လျော့၍ ညအချိန်တွင် သပိတ်ခေါင်းဆောင်များအား ဖမ်းဆီးခြင်းကို ပိုမိုဦးစားပေးလာခြင်းဖြစ်ကြောင်း ခန့်မှန်းပြောဆိုကြပါသည်။
ယမန်နေ့ညက ဖမ်းဆီးခံရသော ပန်းဘဲတန်း NLD ရပ်ကျေးဥက္ကဌသည် ယနေ့ နံနက်ပိုင်း သေဆုံးသွားပြီဖြစ်ကြောင်း စစ်ကောင်စီမှ ၎င်း၏ မိသားစုအားအကြောင်းကြားခဲ့သည်။ ၎င်းသည် အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ပြီး စစ်သားများ၏ ရိုက်နက်မှုကြောင့် သေဆုံးရခြင်း ဖြစ်ကြောင်း Khit Thit Media က ဖော်ပြခဲ့သည်။ အခြားသော NLD ၏ မြို့နယ် အမှုဆောင်ကော်မတီဝင်အိမ်များကိုလည်း ညအချိန်တွင်ဝင်ရောက်၍ ဖျက်ဆီးခြင်း ထိန်းသိမ်းခြင်းများ ပြုလုပ်လျက်ရှိကြောင်းလည်း သိရှိရသည်။

Fortify Rights ၏ အဆိုအရ စစ်တပ်သည် ဆန္ဒပြမှုများတွင်ပါဝင်သူ ၁၅၀၀ ကျော်ကို ဖမ်းဆီးရန်ကြိုးပမ်းနေကြောင်း သိရသည်။ AAPP ယမန်နေ့က ထုတ်ပြန်သော စာအရ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များသည် ဖမ်းဆီးခံရသူများအား ထိုးကြိတ်ခြင်း စစ်ဖိနပ်ဖြင့်ကန်ခြင်း လက်ကိုင်ဒုတ်များဖြင့် ရိုက်နှက်ခြင်း ရဲကားများဆီသို့ တရွတ်တိုက်စွဲခြင်းများ ပြုလုပ်ကြောင်းသိရသည်။ ခြေထောက်တွင် သေနတ်ဒဏ်ရာ ရရှိခဲ့သူ အသက် ၂၁ နှစ်အရွယ်ရှိ ကိုနိုင်မင်းကို ဆိုသူသည် မန္တလေးမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်မှုကြောင့် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် စစ်တပ်ကျောထောက်နောက်ခံပြုထားသော ကြံ့ခိုင်ရေးပါတီဝင်များမှ မကွေးတိုင်း ပွင့်ဖြူမြို့နယ်တွင် NLD မြို့နယ်ဥက္ကဠနှင့် အသက် ၁၇ နှစ်အရွယ် ၎င်း၏ တူအား နေ့အချိန်တွင် သတ်ဖြတ်မှုကို ပြုလုပ်ခဲ့သည်။ AAPP ၏ စာရင်းအရ ယမန်နေ့ မတ်လ ၆ ရက်နေ့အထိ ဖမ်းဆီးခံရသူ ၁၇၅၈ ဦးရှိပြီး လူပေါင်း ၁၄၄၀ မှာ ထောင်ထဲတွင်ပဲ ရှိနေပါသည်။

စစ်သားများသည် Tiktok အသုံးပြု၍ အရပ်သားများကို ခြိမ်းခြောက်သော ဗီဒီယိုများစွာကို ဖြန့်ဖြူးလျက်ရှိသည်။ လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ ထောက်ပြမှုကြောင့် Tiktok က ၎င်းတို့၏ စည်းမျဥ်းစည်းကမ်းများနှင့် ကိုယ်ညီမှုမရှိသော အဆိုပါ ဗီဒီယိုများအား စာမျက်နှာများမှ ပိတ်ပင်တော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာအရေးအခင်းတွင်လည်း facebook ကို အသုံးပြု၍ အမုန်းပွားသော အကြောင်းအရာများစွာကို ဖြန့်ခဲ့ကြသည်။ CRPH မှ စစ်ကောင်စီအား အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာပြီးနောက်ပိုင်း သတင်းမီဒီယာအချို့သည် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များအား လက်နက်ကိုင်အဖွဲ့များအဖြစ်လည်းကောင်း အာဏာသိမ်းစစ်တပ်များအဖြစ်လည်းကောင်း စစ်အုပ်စုလက်နက်ကိုင်များအဖြစ်လည်းကောင်း သုံးနှုန်းလာကြသည်ကိုတွေ့ရသည်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းခွင်အနီးတဝိုက်ကို မတ်လ ၁ ရက်နေ့မှစ၍ ဧပြီလ ၃၀ ရက်နေ့အထိ ကန့်သတ်နယ်မြေ ပုဒ်မ ၁၄၄ သတ်မှတ်ကြောင်းဖော်ပြသည့် အမိန့်စာတစ်စောင်သည် အင်တာနက်တွင် ပြန့်နှံ့လာပါသည်။ အဆိုပါစာကြောင့် ပြည်သူများအကြားတွင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအား စစ်ကောင်စီမှ ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း ကောလဟာလသတင်းများ ပြန့်နှံ့လာပါသည်။ မြစ်ဆုံစတင်ပါက လူ ၁၆ သန်းခန့်မှီခိုနေရသော ဧရာဝတီမြစ်အား ထိခိုက်လာနိုင်ကြောင်း ဝေဖန်ပြောဆိုနေကြပါသည်။ အဆိုပါစီမံကိန်းအား တရုတ်အစိုးရပိုင်ကုမ္ပဏီမှ အကောင်အထည်ဖော်ရန် ပြင်ဆင်ထားခြင်းဖြစ်သော်လည်း ယခင်ဦးသိန်းစိန်အစိုးရလက်အောက်တွင် ပြည်သူများ၏ အပြင်းအထန်ကန့်ကွက်မှုကြောင့် ဆိုင်းငံ့ထားသော စီမံကိန်းဖြစ်ပါသည်။

စစ်ကောင်စီသည် အစ္စရေးထောက်လှမ်းရေးဟောင်းဖြစ်သော Ari Ben-Menashe ဦးဆောင်ဖွဲ့စည်းထားသည့် Dickens & Madson Canada ဆိုသည့် လော်ဘီအဖွဲ့တစ်ဖွဲ့အား အာဏာသိမ်းအစိုးရနှင့် အနောက်နိုင်ငံများဆက်ဆံရေးကောင်းစေရန် ဌားရမ်းလိုက်ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါလော်ဘီသည် ယခင်ကလည်း ဇင်ဘာဘွေနိုင်ငံ၏ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော အာဏာရှင် Robert Mugabe အတွက်လည်း လော်ဘီအလုပ်လုပ် ပေးခဲ့ဘူးသည်။ ၎င်းသည် အာဏာသိမ်းမှုပြီးနောက် စစ်ကောင်စီခေါင်းဆောင်များနှင့် နှစ်ကြိမ်တိုင် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်းနှင့် စီးပွားရေးကန့်သတ်ပိတ်ဆို့မှုများ ပပျောက်သွားစေရန် အတွက် အဓိက ဦးတည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း Reuters သတင်းအရသိရှိရသည်။ ၎င်း၏ အဆိုအရ စစ်ခေါင်းဆောင်များသည် နိုင်ငံရေးမှ ဆုတ်ခွာလိုကြောင်း စစ်ခေါင်းဆောင်များသည် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကိုမလိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်အစိုးရနှင့် အလွန်နီးစပ်ခဲ့ကြောင်း ဆန္ဒပြမှုများအား မြန်မာပြည်သူအများစုက လက်မခံကြောင်း ရိုဟင်ဂျာများနေရပ်ပြန်ရေးအတွက် စစ်ကောင်စီမှ ဆောင်ရွက်နေကြောင်း သိရပါသည်။ စစ်ကောင်စီသည် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများအား စိုးရိမ်ပူပန်မှုမရှိကြောင်း ပြောဆိုခဲ့သော်လည်း ယခုကဲ့သို့ လောဘီဌားရမ်းခြင်းမှာ ၎င်းတို့ယခင်ကပြောဆိုမှုနှင့် ဆန့်ကျင်ကွဲပြားနေပါသည်။


Comments

Popular Posts