မတ် ၈၊ ၂၀၂၁ #day36
စစ်တပ်အာဏာသိမ်းခြင်း ရက်သက်တစ်ပတ် ၅ ပတ် ပြည့်မြောက်သောနေ့ဖြစ်ပါသည်။ ဆန္ဒပြမှုများ ဆက်လက်အားကောင်းလျက်ရှိသလို စစ်ကောင်စီ၏ ရက်စက်သော အကြမ်းဖက်ဖြိုခွဲမှုများလည်း ရပ်တန့်သွားခြင်းမရှိသည်ကိုတွေ့ရသည်။ စစ်ကောင်စီ၏ ယနေ့ပစ်ခတ်ဖြိုခွင်းမှုများကြောင့် မြစ်ကြီးနားနှင့် ဖျာပုံမြို့တို့အပါအဝင် နိုင်ငံအနှံ့အပြားရှိ ဆန္ဒပြမှုများတွင် အနည်းဆုံးလူ ၅ ဦးခန့် ထပ်မံသေဆုံးခဲ့ကြောင်း ခိုင်လုံသောသတင်းများအရ သိရှိရပါသည်။ ယခုအခါတွင် ပစ်ခတ်မှုနှင့် ရိုက်နှက်မှုများကြောင့် သေဆုံးသူ ၅၅ ဦးခန့်ရှိလာပြီ ဖြစ်သည်။ ယမန်နေ့ညက ရန်ကုန်မြို့ရှိ မြို့နယ် ၁၄ မြို့နယ်ခန့်တွင် တပြိုင်နက်တည်း ပိတ်ဆို့ စစ်ဆေးမှု, အသံဗုံးဖောက်ခွဲမှု, ဖမ်းဆီးမှုများ, ဆောင်ရွက်ခဲ့ကြသည်။
ထို့အပြင် ဆန္ဒပြမှုများ နေ့စဥ်ရက်ဆက်ဆန္ဒပြမှုများဖြစ်ပွားနေသာ စမ်းချောင်းမြို့နယ်တွင် တပ်ဖွဲ့ဝင်များက ယနေ့ညအချိန်မှစ၍ လုံခြုံရေးတင်းကျပ်စွာချထားပြီး လမ်းပိတ်ဆို့မှုများကို ပြုလုပ်နေကြောင်း သိရသည်။ ယခုစာရေးသားနေသည့်အချိန်တွင် ဆန္ဒပြသူအများအပြားက ၎င်းတို့သည် စမ်းချောင်းမြို့နယ်အတွင်း ပိတ်မိနေကြကြောင်း ၎င်းတို့၏ ဆိုရှယ်မီဒီယာ စာမျက်နှာများတွင် ရေးသားနေကြသည်။ ထို့အပြင် မြို့နယ်အတွင်း တစ်အိမ်ဝင်တစ်အိမ်ထွက် ဧည့်စာရင်းစစ်ဆေးမှုများကို ပြုလုပ်တော့မည်ဖြစ်ကြောင်း ကောလဟာလများလည်းပြန့်နှံ့လျက်ရှိပါသည်။ တိုက်ခန်းများအတွင်း ပိတ်မိနေသော သူများအား ကယ်တင်ရန်အတွက် နီးစပ်ရာမြို့နယ်များမှ ပြည်သူများသည် ကာဖျူးရှိသော်လည်း လမ်းပေါ်ထွက်လာနေကြကြောင်း သတင်းများလည်းထွက်ပေါ်နေပါသည်။ လက်ရှိအချိန်တွင် အဆိုပါနေရာ၌ အခြေအနေများအလွန်တင်းမာနေပြီး EU ရုံးအပါအဝင် အနောက်နိုင်ငံသံရုံးများက လုံခြုံရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာပေးရန် ၎င်းတို့၏ ဆိုရှယ်မီဒီယာစာမျက်နှာများမှ တိုက်တွန်းနှိုးဆော်နေပါသည်။ စမ်းချောင်းမြို့နယ်သည် ရန်ကုန်မြို့လည်နှင့်ဆက်စပ်လျက်နေသာ မြို့နယ်ဖြစ်ပြီး အစားအသောက်ကောင်းများ, ညအချိန်ဖွင့်သော စားသောက်ဆိုင်များ အရက်ဘားများကြောင့် လူငယ်များနှင့် နိုင်ငံခြားသားများအကြား နာမည်ကျော်သော နေရာဖြစ်ပြီး တိုက်ခန်းများများပြား၍ လူလတ်တန်းစားများနေထိုင်မှုများသော မြို့နယ်လည်းဖြစ်သည်။
ပုဂ္ဂလိကပိုင် မီဒီယာများဖြစ်သော Myanmar Now 7Day News DVB Mizzima Khit Thit News ၏ ထုတ်ဝေခွင့်အား စစ်ကောင်စီမှ ရပ်တန့်လိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာန MRTV မှတစ်ဆင့် ကြေညာခဲ့ကြောင်း သိရှိရသည်။ Mizzima Media မှ အဆိုပါ ထုတ်ပြန်ချက်အား လိုက်နာသွားမည်မဟုတ်ဘဲ သတင်းများကို ယခင်အတိုင်းသာ တင်ဆက်သွားမည်ဟု ချက်ချင်းတုန့်ပြန်ခဲ့သည်။ ထို့အပြင် ယနေ့တွင် ရန်ကုန်ရှိ Myanmar Now ရုံးခန်းနှင့် နိုင်ငံရေးအကျဥ်းသားများဖြင့်ဖွဲ့စည်းထားသည့် ၈၈ ပွင့်လင်းလူ့အဖွင့်အစည်း ရုံးကို စစ်သားများမှ ဝင်ရောက်ရှာဖွေမှု ပစ္စည်းများဖျက်ဆီးမှု ပြလုပ်ခဲ့သည်။ AAPP ၏ အချက်အလက် အာဏာသိမ်းမှု စတင်ချိန်မှစ၍ သတင်းသမား ၃၄ ဦး ဖမ်းဆီးခံရကြောင်း သိရှိရသည်။
စစ်ကောင်စီမှ ဘဏ်များအား ယနေ့ဖွင့်ရန် ဖိအားပေးညွှန်ကြားထားပြီး မဖွင့်ပါက အရေးယူမည်ဖြစ်ကြောင်း ကြေညာထားသော်လည်း ဘဏ်များဆက်လက်ပိတ်ထားသည်ကို တွေ့ရသည်။ ဘဏ်များပိတ်ထားသဖြင့် ငွေကြေးစီးဆင်းမှုများရပ်တန့်နေပြီး Covid ကြောင့် နလန်ထကာစ မြန်မာ့စီးပွားရေးသည် အကြီးအကျယ်ထိခိုက်လျက်ရှိကြောင်း ထောက်ပြပြောဆိုနေကြပါသည်။ စစ်တပ်ထိန်းချုပ်ထားသော Mytel တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီ မှ အစုရှယ်ယာများအား ရောင်းထုတ်တော့မည့်ဖြစ်ကြောင်း လုပ်ငန်းစုနှစ်ခုဖြစ်သည့် နိုင်ငံတကာစွမ်းအင်ထုတ်လုပ်ရေး (IPG) နှင့် ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး (GLAD) တို့က ကြေညာခဲ့သည်။ Myanmar Now သတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါကုမ္ပဏီများသည် Mytel တွင် အစုရှယ်ယာ ၂၃ ရာခိုင်နှုန်းပိုင်ဆိုင်ထားသော ပုဂ္ဂလိကလုပ်ငန်းပေါင်း ၁၁ ဖွဲ့ဖြင့်ဖွဲ့စည်းထားသည့် Myanmar National Telcom Holding (MNTH) မှ အဖွဲ့ဝင်များဖြစ်သည်။ Mytel ၏ အစုရှယ်ယာ ၂၈ ရာခိုင်နှုန်းအား တပ်မတော်ပိုင် Star High မှလည်းကောင်း ကျန် ၄၉ ရာခိုင်နှုန်းအား ဗီယက်နမ်စစ်တပ်ပိုင် Viettel Global Investment JSC တို့ကလည်းကောင်း အသီးသီးပိုင်ဆိုင်ထားကြောင်း သိရှိရသည်။ Justice for Myanmar ၏ ခန့်မှန်းချက်အရ တပ်မတော်သည် လာမည့် ၁၀ နှစ်အတွင်း Mytel မှတစ်ဆင့် အမြတ်ငွေ ယူအက်စ်ဒေါ်လာ ၇၀၀ သန်းကျော်ရရှိနိုင်ကြောင်း သိရှိရသည်။
ယနေ့တွင်ကျရောက်သော နိုင်ငံတကာအမျိုးသမီးများနေ့တွင် အနယ်နယ်အရပ်ရပ်ရှိ အမျိုးသမီးများသည် "စစ်အာဏာရှင်ပြုတ်ကျဖို့ ထဘီအလံထူကြစို့" ဟူသည့် ကြွေးကြော်သံ နှင့်အတူ ၎င်းတို့၏ လုံချည်များအား အလံကဲ့သို့ပြုလုပ်၍ ချီတက်ဆန္ဒပြနေကြသည်ကို တွေ့ရပါသည်။ အဆိုပါလုပ်ရှားမှုသည် မြန်မာလူမျိုးအသိုင်းအဝန်းတွင်ကိန်းအောင်းနေသာ အမျိုးသမီးများ၏ လုံချည်များသည် မသန့်ရှင်းသည့်အတွက် အမျိုးသားများအနေဖြင့် လုံချည်များအောက်သို့ ဖြတ်လျောက်ပါက ၎င်းတို့၏ ဘုန်းကံနိမ့်နိုင်သည်ဟူသော အယူအဆကို တော်လှန်လိုခြင်းဖြစ်သည်။ စစ်သားများ ဆန္ဒပြသူများဆီသို့ မလာနိုင်စေရန် ဆန္ဒပြရာနေရာအများအပြားတွင် အမျိုးသမီးလုံချည်များအား လမ်းမများအထက်တွင် ဆန္ဒပြသူများမှ ချိတ်ဆွဲထားကြသည်သည်။ ဆန္ဒပြသူများ၏အဆိုအရ အချို့နေရာများတွင် စစ်သားများသည် အမှန်တကယ်ပင် လုံချည်ရှိသောလမ်းမများကို ရှောင်ရှားပြီးသွားလာကြကြောင်း သိရှိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မြန်မာပြည်အခြေအနေနဲ့ ပတ်သက်၍ အဆိုပြုချက် ၃ ချက်ကို ထုတ်ပြန်လိုက်သည်။ အဖွဲ့အစည်းအားလုံး အခြေခံဥပဒေဘောင်အတွင်းမှ ငြိမ်းချမ်းစွာဖြေရှင်းကြရန်နှင့် တွေ့ဆုံညှိနှိုင်းမှုများကိုပြန်လုပ်ရန်လိုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများ၏ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်ခြင်းမပြုရန်မူနှင့် ညှိနှိုင်းအဖြေရှာရေးအား ထောက်ခံအားပေးကြောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်သူများ၏ ဆန္ဒကိုလေးစားလိုက်နာကြောင်းနှင့် တရုတ်နိုင်ငံမှ တင်းမာမှုများလျော့ကျစေရေးအတွက် ကြားဝင်စေ့စပ်ပေးလိုကြောင်း တို့ဖြစ်ပါသည်။ ဆိုရှယ်မီဒီယာအသုံးပြုသူများက တရုတ်အနေဖြင့် တရုတ်ဆန့်ကျင်ရေးအမြင်များကြီးထွားလာနိုင်ချေ၊ မြန်မာပြည်အတွင်းရှိ ၎င်း၏ရင်းနှီးမြှုပ်နှံ့မှုများထိခိုက်လာနိုင်ချေနှင့် ၎င်းနှင့်ထိဆက်နေသောနယ်စပ်ဒေသများတွင် မတည်ငြိမ်မှုများဖြစ်ပွားလာမည်ကို စိုးရိမ်နေခြင်းဖြစ်ကြောင်း ရေးသားဖော်ပြနေကြပါသည်။

Comments
Post a Comment