မတ် ၉၊ ၂၀၂၁ #day37

 

စစ်ကောင်စီသည် ဆန္ဒပြမှုများကို နည်းလမ်းအသစ်များအသုံးပြု၍ ဖြိုခွဲရန်ကြိုးပမ်းလာသည်ကို တွေ့ရပါသည်။ အထူးသဖြင့် ရန်ကုန်မြို့တွင် ဆန္ဒပြမှုများအား ပြင်းပြင်းထန်ထန်ဖြိုခွဲမှုထက် ဆန္ဒပြမှုများ အဓိကဖြစ်ပွားရာ မြို့နယ်များကို ဦးတည်၍ ညအချိန်တွင် ပိတ်ဆို့ရှာဖွေဖမ်းဆီးမှုများပြုလုပ်လာသည်ကို တွေ့ရသည်။ ယမန်နေ့ညပြုလုပ်ခဲ့သော စမ်းချောင်းမြို့နယ်အတွင်း ပိတ်ဆို့ဖမ်းဆီးမှုများတွင် လူပေါင်း ၅၀ ခန့် ဖမ်းဆီးခံရကြောင်း သတင်းမီဒီယာများက ခန့်မှန်းကြပါသည်။ ထို့အပြင် ယခင်က ဖမ်းဆီးမိသူများကို ချက်ချင်းပြန်လွှတ်ပေးလေ့ရှိသော်လည်း ယခုအခါတွင် ဖမ်းဆီးခံရသူများအား နှိပ်စက်ခြင်းအပြင် အသက်အန္တရယ်ပေးခြင်းတို့ကိုပါပြုလုပ်လာသည်။ ရွှေပြည်သာမြို့နယ်ရှိ NLD တာဝန်ခံ ဦးဇော်မြတ်လင်းသည် ယနေ့မနက်တွင် သေဆုံးကြောင်း စစ်သားများက မိသားစုကို အကြောင်းကြားခဲ့သည်။ ယခုအခါ ဖမ်းဆီးခံစဥ် ရိုက်နက်မှုများကြောင့် အသက်သေဆုံးရသူ NLD ပါတီမှ တာဝန်ရှိသူနှစ်ဦးရှိပြီဖြစ်သည်။ အဆိုပါသတ်ဖြတ်မှုများသည် CRPH ၏ လုပ်ဆောင်ချက်များအား စစ်ကောင်စီက ပြန်လည်တုံ့ပြန်ခြင်း ဖြစ်နိုင်ကြောင်း, ဆန္ဒပြသူများအား ခြိမ်းခြောက်ခြင်းလည်းဖြစ်နိုင်ကြောင်း တချို့က ခန့်မှန်းကြပါသည်။

ထို့အပြင် စစ်ကောင်စီများသည် ယမန်နေ့မှစ၍ သတင်းမီဒီယာများကို ဦးတည်၍ ဖြိုခွင်းမှုများပြုလုပ်လာကြောင်းလည်း သိရသည်။ မီဒီယာတိုက် ၅ ခုအား စစ်ကောင်စီမှ ထုတ်ဝေခွင့် ရုတ်သိမ်းလိုက်ပီဖြစ်ပြီး ယနေ့တွင် ရန်ကုန်မြို့ရှိ Mizzima ရုံးအား လက်နက်ကိုင်များမှ ဝင်ရောက် စီးနင်းမှု ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် ကမာရွတ်မီဒီယာ၏ ရုံးခန်းကိုလည်း ဝင်ရောက်စီးနှင်းမှုပြုလုပ်ခဲ့ပြီး တည်ထောင်သူများဖြစ်ကြသော နေသန်မောင်နှင့် ဟံသာတို့နှစ်ဦးအား ဖမ်းဆီးလိုက်ကြောင်း RFA သတင်းဌာနအရသိရှိရသည်။ မိတ္တူဆိုင်များကိုလည်း ဆန္ဒပြသူများအတွက် ပိုစတာများထုတ်ပေးခြင်းရှိမရှိ လက်နက်ကိုင်များမှ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်းလည်း သိရှိရသည်။

လန်ဒန်မြို့ရှိ မြန်မာသံရုံးသည် ဗြိတိသျနိုင်ငံမှတာဝန်ခံများနှင့် တွေ့ဆုံပြီးနောက် ၎င်းတို့ရုံးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုများအား ခံယူသွားမည်ဖြစ်ကြောင်း, နိုင်ငံ့ခေါင်းဆောင်များ လွှတ်မြောက်ဖို့ တောင်းဆိုကြောင်း, သံတမန်နည်းလမ်းအရ လက်ရှိပြဿနာများအား ဖြေရှင်းသွားရန် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အဆိုပါသံရုံး၏ သံအမတ်သည် သံရုံးတွင် ဆန္ဒလာပြသူများအား ရဲခေါ်၍ တားဆီးခဲ့ခြင်းကြောင့် ဝေဖန်ခံခဲ့ရဘူးသည်။ ၎င်းတို့၏စာသည် ရှင်းလင်းတိကျမှုမရှိသော်လည်း ၎င်းတို့ရုံးသည် CRPH နှင့် ချိတ်ဆက်သွားမည်ဟု ဆိုလိုနိုင်ကြောင်း ဆိုရှယ်မီဒီယာတွင် ရေးသားမှုများရှိပါသည်။ အကယ်၍ အဆိုပါကောလဟလမှန်ကန်ပါက အမေရိကန် ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးပြီးနောက် သံရုံးတစ်ခုလုံးနီးပါး CDM ပြုလုပ်သော သံရုံးဖြစ်လာမည်ဖြစ်သည်။ သတင်းများအရ ယခုအခါ ကမ္ဘာအရပ်ရပ်တွင် CDM ပြုလုပ်သူ မြန်မာသံတမန်ဦးရေ ၃၀ ကျော်ရှိပြီးဖြစ်ကြောင်း သိရပါသည်။

CRPH က သတင်းကြေညာချက်အမှတ် ၉ အဖြစ် လက်ရှိ စစ်ကောင်စီအား နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုအဖြစ် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၂ (၁) ၁၂၄ (က) တို့ဖြင့် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ဦးတိုက်လျောက်ထားလိုက်ပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။ နိုင်ငံတော်၏ အာဏာကို မတရားသိမ်းယူခြင်းကြောင့်ဖြစ်ကြောင်း အဆိုပါ ကြေညာချက်အရသိရှိရသည်။ လက်ရှိအာဏာသိမ်းထားသည့် စစ်ကောင်စီက ထိန်းချုပ်ထားသော တရားလွှတ်တော်ချုပ်ဖြစ်ခြင်းကြောင်း လက်တွေ့တွင် အဆိုပါအမှုကို ကြားနာစစ်ဆေးမှုမဖြစ်နိုင်သော်လည်း စစ်ကောင်စီ၏ ပုံရိပ်အားထိခိုက်စေရန် ရည်ရွယ်ရင်းဖြစ်နိုင်ပါသည်။ CRPH ၏ ကြေညာချက်အမှတ် ၁၂/၂၀၂၁ အရ သမ္မတနှင့် အတိုင်ပင်ခံတို့ကိုယ်စား နိုင်ငံတော်အာဏာကို ကျင့်သုံးရန်အတွက် ယခင် NLD အစိုးရလက်ထက်တွင် အမျိုးသားလွှတ်တော် ဥက္ကဌ တာဝန်ယူခဲ့သူ ကရင်လူမျိုးတစ်ဦးဖြစ်သည့် မန်းဝင်းခိုင်သန်းအား ဒုသမ္မတအဖြစ်တင်မြောက်လိုက်ကြောင်း ကြေညာခဲ့သည်။ 1947 ခုနှစ်အာဇာနည်တစ်ဦးဖြစ်သည့် မန်းဘခိုင်၏ မြေးဖြစ်ပြီး ရှေ့နေတစ်ဦးဖြစ်သည့် ၎င်းသည် အာဏာသိမ်းမှု မတိုင်ခင်ကလည်း ဒုသမ္မတနေရာရရှိနိုင်ကြောင်း သတင်းများထွက်ပေါ်ခဲ့ဘူးသည်။

အာဏာသိမ်းမှုအား ပြောင်ပြောင်တင်းတင်းထောက်ခံသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တပ်မတော်တို့ ဆက်ဆံရေးဆိုးရွားလာလျက်ရှိသည်။ KNU ၏ လက်အောက်ခံ တပ်မဟာ ၁ ထိန်းချုပ်နယ်မြေဖြစ်သည့် သထုံခရိုင်တွင် စစ်တပ်မှ အမြောက်ဖြင့် အချက် ၃၀ ခန့်ပစ်ခတ်ခဲ့ကြောင်း KNU နှင့် နီးစပ်သူများထံမှ သိရှိရသည်။ အဆိုပါပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုရှိမရှိ လက်ရှိအချိန်အထိသိရခြင်းမရှိသေးပါ။ ထို့အပြင် အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်တစ်ခုဖြစ်သည့် KIO ၏ ပြန်ကြားရေးတာဝန်ခံမှ ပြည်သူများအား စစ်ကောင်စီမှ မတရားသတ်ဖြတ်ခြင်းများရှိလာပါက ၎င်းတို့မှ တနည်းနည်းဖြင့် ပြန်လည်တုံ့ပြန်သွားမည်ဖြစ်ကြောင်း Myikyina News သို့ ပြောဆိုခဲ့ပါသည်။ ယမန်နေ့က စစ်သားများ၏ အကြမ်းဖက်ဖြိုခွမ်းမှုကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့ရသည်။ ဆိုရှယ်မီဒီယာအသုံးပြုသူအချို့က KIO သည် မြစ်ကြီးနားမြို့အား လာရောက်တိုက်ခိုက်သိမ်းဆည်းတော့မည်ဖြစ်ကြောင်း ပြောဆိုနေပါသည်။ အချို့သူများက မြို့သိမ်းတိုက်ပွဲများသည် အသေအပျောက်များနိုင်သောကြောင့် KIO မှ အမှန်တကယ်ပြုလုပ်မည် မဟုတ်ကြောင်း တုံ့ပြန်ပြောဆိုကြပါသည်။

အစိုးရပိုင် MRTV က ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေး သြစတေးလျနိုင်ငံသား Sean Turnell ဆီမှ ငွေကြေးဆိုင်ရာ လျို့ဝှက်စာချုပ်စာတမ်းများတွေ့ရှိရကြောင်း ကြေညာခဲ့သည်ဟုသိရှိရသည်။ ယခင်ကလည်း သူမ၏ မိခင်နာမည်ဖြင့် ပြုလုပ်သော ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှလည်း တရားမဝင်နိုင်ငံခြားငွေများ သိမ်းဆည်းရမိကြောင်း ကြေညာခဲ့ဘူးသည်။ NLD ပါတီက နိုင်ငံတကာမှ ငွေကြေးအထောက်အပံ့များရရှိနေကြောင်း စစ်ကောင်စီမှ စွပ်စွဲထားပါသည်။ ထိုင်းနိုင်ငံရှိ Asian Institute of Technology (AIT) မှ ကျောင်းသားများသို့ ပေးပို့သော စာအရ ဆန္ဒပြမှုများတွင် ပါဝင်နေသော မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံလူဝန်မှုကြီးကြပ်ရေးဌာနက ဗီဇာဖျက်သိမ်းခြင်းနှင့် မြန်မာပြည်သို့ ပြန်ပို့ခြင်းတို့ ပြုလုပ်နိုင်ကြောင်း သတိပေးခဲ့ပါသည်။ ပထမဦးဆုံးအကြိမ်အဖြစ် စစ်ကောင်စီမှ နိုင်ငံခြားရေးအဖြစ်ခန့်အပ်ထားသော သူနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးတို့ ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံမှုသည် ပြည်ပနိုင်ငံတနိုင်ငံမှ သံအမတ်နှင့် စစ်ကောင်စီကိုယ်စားလှယ်တို့ ပထမဆုံးတွေ့ဆုံမှုဖြစ်သည်။ ဂျပန်နိုင်ငံသည် မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမှုအများအပြားရှိပြီး ငြိမ်းချမ်းရေး လူမှုဖွံဖြို့ရေးအစီအစဥ်များတွင် ငွေကြေးထောက်ပံ့မှုများစွာ ပေးလျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ လက်ရှိ အာဏာသိမ်းမှုဖြစ်စဥ်ကိုလည်း ရှုတ်ချထားသည့် နိုင်ငံဖြစ်သည်။


Comments

Popular Posts