မတ် ၁၀၊ ၂၀၂၁ #day38
လုံခြုံရေးတပ်ဖွဲ့များ၏ အကြမ်းဖက်မှုတိုးပွားလာတာနဲ့အမျှ ထွက်ပြေးတိမ်းရှောင်နေသော ရဲတပ်ဖွဲ့ဝင်များလည်း များပြားလာသည်ကို တွေ့ရသည်။ မတ်လ ၆ ရက်နေ့ ဧရာဝတီသတင်းဌာနအရ နိုင်ငံအဝန်းတွင် CDM ပြုလုပ်သည့် ရဲမှူးအဆင့်မှ ရိုးရိုးရဲတပ်သားအဆင့်အထိ စုစုပေါင်း ၆၀၀ ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။ ယနေ့အထိ အိမ်နီးချင်း အိန္ဒိယနိုင်ငံနယ်စပ် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်သော ရဲ ၁၀၀ ဝန်းကျင်ခန့်ရှိပြီးဖြစ်ကြောင်း BBC က ခန့်မှန်းထားပါသည်။ အဆိုပါရဲအများစုသည် ၎င်းတို့၏ အထက်အရာရှိမှ ဆန္ဒပြသူများအား ပစ်သတ်ရန်ပေးသော အမိန့်ကို မလိုက်နာလိုသည့်အတွက်ဖြစ်ကြောင်း သတင်းမီဒီယာများသို့ ပြန်ပြောကြပါသည်။ Reuters မှ အင်တာဗျူးခွင့်ရရှိသော ထွက်ပြေးလာသည့် ရဲသားတစ်ယောက်၏ပြောကြားချက်အရ ၎င်း၏ အရာရှိက ၎င်းအား ဆန္ဒပြသူများကို မသေမချင်းပစ်သတ်ရန် အမိန့်ပေးကြောင်း ပြောပြခဲ့သည်။ အဆိုပါအမိန့်ကို ငြင်းဆံခဲ့ခြင်းကြောင်း ၎င်းအား တာဝန်မှရုပ်သိမ်းခဲ့ကြောင်းသိရသည်။ ၎င်းနဲ့အတူပါသော ရဲသားတစ်ဦး၏အဆိုအရ ထွက်ပြေးတိမ်းရှောင်ချင်သော ရဲများအလွန်များပြားသော်လည်း ရဲစည်းကမ်းအရ အရေးယူခံရမည်ကို ကြောက်လန့်ခြင်း, ရဲတပ်ဖွဲ့အတွင်းဦးဆောင်မည့်သူမရှိခြင်းကြောင့် ထွက်မပြေးနိုင်ခြင်းဖြစ်ကြောင်း သိရပါသည်။
လမ်းပေါ်မှ ဆန္ဒပြပွဲများနည်းပါးလာသည်နှင့်အမျှ စစ်တပ်သည် CDM ပြုလုပ်သော ဝန်ထမ်းများကို ပစ်မှတ်ထားလာသည်ကို တွေ့ရသည်။ ယနေ့ရန်ကုန်မြို့ရှိ မလွှာကုန်းမီးရထားဝန်ထမ်းအိမ်ယာအား စစ်သားနှင့်ရဲများက ဝင်ရောက်စီးနင်းပြီး CDM ပြုလုပ်နေသော ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များအား ဝန်ထမ်းအိမ်ယာမှ နှင်ချခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း အဆိုပါဖြစ်စဥ်အနားတွင်ရှိသူများက ဆိုရှယ်မီဒီယာများတွင် ရေးသားထားကြပါသည်။ ယခင်က အဆိုပါနေရာအား စစ်ကောင်စီက ဖြိုခွဲရန်ကြိုးပမ်းခဲ့ဘူးပါသည်။ အဆိုပါအိမ်ယာထဲတွင် CDM ပြုလုပ်နေသည့် မီးရထားဝန်ထမ်း ၁၀၀၀ ခန့်နေထိုင်လျက်ရှိသော နေရာဖြစ်သည်။ ရန်ကုန်မြို့ရှိ မီးရထားပြေးဆွဲမှုများ ရပ်တန့်လျက်ရှိသည်မှာ တစ်လခန့်ရှိပြီဖြစ်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က လူပေါင်း ၂၀ ကျော်သေဆုံးခဲ့သည့် မြောက်ဥက္ကလာပမြို့နယ် ကန်သာယာတွင် စစ်သားနှင့်ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြမှုများကို ထပ်မံအကြမ်းဖက်ဖြိုခွဲသည်ကိုတွေ့ရပါသည်။ အဆိုပါမြို့နယ်သည် စမ်းချောင်းမြို့နယ်ကဲ့သို့ ဆန္ဒပြမှုများ နေ့စဥ်ရက်ဆက်ဖြစ်ပွားလေ့ရှိသော နေရာဖြစ်ပြီး ယနေ့တွင် စစ်သားများက မြို့နယ်အတွင်းရှိ လမ်းများ ပိတ်ဆို့စစ်ဆေးခြင်းတို့ကို ပြုလုပ်နေခြင်းကြောင်း ကျောင်းသားလူငယ်များစွာ ပိတ်မိနေကြောင်း သိရှိရပါသည်။ သံရုံးများက အဆိုပါလမ်းပိတ်ဆို့မှုများအား ဖွင့်ပြီး လူငယ်များအား အိမ်ပြန်ခွင့်ပေးရန် ကြေညာချက်များထုတ်ပြန်ကြပါသည်။ အချို့သော သတင်းများအရ အဆိုပါမြို့နယ်တွင် ယနေ့ လူပေါင်း ၄၀၀ ဝန်းကျင်ခန့် ဖမ်းဆီးခံရကြောင်း သိရပါသည်။ အဖမ်းခံရသူများတွင် ဆန္ဒပြသူများအား ပုန်းခိုခွင့်ပေးသော အိမ်ရှင်များလည်းပါကြောင်းသိရသည်။ ကျည်ထိသူ အနည်းဆုံး နှစ်ယောက်ရှိကြောင်းနှင့် လည်ပင်းတွင် ကျည်ထိသူမှာ စိုးရိမ်ရကြောင်း BBC က တင်ပြခဲ့သည်။ လွန်ခဲ့သည့်နှစ်ရက်က ပိတ်စို့ထားခြင်းခံရသော စမ်းချောင်းတွင် ရဲတပ်ဖွဲ့ဝင် ၅၀၀ ခန့်က ပိတ်ဆို့ထားကြောင်း သိရသည်။ တပ်ဖွဲ့ဝင်တစ်ဦး၏ လက်နက်တစ်လက်ပျောက်ဆုံးနေခြင်းကြောင့် ပိတ်ဆို့ခြင်းဖြစ်ကြောင်းနှင့် တစ်အိမ်တက် တစ်အိမ်ဆင်း ရှာဖွေမည်ဖြစ်ကြောင်း လော်စပီကာနှင့် ကြေညာလျက်ရှိကြောင်း အဆိုပါနေရာတွင် နေထိုင်သူများ၏ ဆိုရှယ်မီဒီယာများအရသိရသည်။ ထို့အပြင် ကျောင်းသားသမဂ္ဂခေါင်းဆောင်များ၏ ရုပ်ပုံများအား ရာဇဝတ်သားများကဲ့သို့ စစ်တပ်ပိုင်မီဒီယာ MWD တွင်ဖော်ပြခဲ့ပြီး ၎င်းတို့အား ဖမ်းဆီးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ မြိတ်အကျဥ်းထောင်တွင် ဖမ်းဆီးခံရသော ဆန္ဒပြသူများအား သံကြိုးများ ကြာပွတ်များဖြင့် ရိုက်နှက်မှုများရှိနေကြောင်း လွှတ်မြောက်လာသူများနှင့် နီးစပ်သူများက ၎င်းတို့၏ ဆိုရှယ်မီဒီယာတွင်ရေးသားထားကြပါသည်။
CRPH က အစိုးရသစ်တစ်ရပ်ကို မကြာခင်ဖွဲ့စည်းတော့မှာ ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ယမန်နေ့က ဒုသမ္မတအား ခေတ္တအနေဖြင့် ရွေးချယ်ထားခဲ့ပြီး အဆိုပါအစိုးရသစ်တွင် သမ္မတနေရာလည်းပါမှဖြစ်ကြောင်း CRPH ၏ ပြောခွင့်ရပုဂ္ဂိုလ်က BBC အားပြောကြားခဲ့သည်။ အဆိုပါအဖွဲ့တွင် မည်သူများ မည်သည့်အဖွဲ့အစည်းများ ပါဝင်မည် မည်သည့် အခြေခံဥပေဒေကို အခြေခံပြီးဖွဲ့စည်းမည်ဆိုသည်မှာ သိရှိရခြင်းမရှိသေးပါ။ သို့သော် CRPH မှ တာဝန်ခံများသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပါအဝင် အခြားသော နိုင်ငံရေးအင်အားစုများနှင့် တွေ့ဆုံလျက်ရှိသည်ကို ၎င်းတို့၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။ CRPH သည် ၂၀၀၈ အခြေခံဥပဒေအား လက်မခံကြောင်း ငြင်းဆိုထားပြီး အမျိုးသားညီညွှတ်ရေးအစိုးရဖွဲ့စည်းရန် ကြေညာထားပြီးဖြစ်သည်။ နယူးရောက်တွင် ကျင်းပလျက်ရှိသော မြန်မာပြည်ဆိုင်ရာ လုံခြုံရေးကောင်စီအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်တစ်ခုချနိုင်ရန် ဆွေးနွေးလျက်ရှိသည်။ UK နိုင်ငံမှ အဆိုပါအစည်းအဝေးခေါ်ယူရန် တိုက်တွန်းခဲ့သော နိုင်ငံဖြစ်ပြီး အဆိုပါနိုင်ငံကပင် မြန်မာစစ်တပ်၏ အာဏာသိမ်းခြင်းအား ရှုတ်ချသည့် ကြေညာချက်မူကြမ်း တင်သွင်းထားသော်လည်း အိန္ဒိယ တရုတ် ရုရှား ဗီယက်နမ်နိုင်ငံများက အဆိုပါမူကြမ်းအား ပြင်ဆင်ရန်ပြောဆိုခဲ့ခြင်းကြောင့် အားလုံးသဘောတူညီချက်မရနိုင်သေးဘဲ ဆက်လက်ဆွေးနွေးလျက်ရှိကြောင်း BBC မှ တင်ပြခဲ့သည်။ စစ်ကောင်စီမှ နိုင်ငံတကာတွင် လော်ဘီလုပ်ရန်အတွက် ဌားရမ်းထားသော Dickens and Madson (Canada) Inc. အား အမေရိကန် ဒေါ်လာ ၂ သန်းပေးချေရမည်ဖြစ်ကြောင်း အမေရိကန်အစိုးရ တရားရေးဌာန၏ မှတ်တမ်းတွင်ဖော်ပြထားသည်။ Canada နိုင်ငံသည် အမေရိကန်နည်းတူ မြန်မာစစ်ခေါင်းဆောင်များအား စီးပွားရေးပိတ်ဆို့မှုပြုလုပ်ထားသည့်အတွက် အဆိုပါလော်ဘီသည် ဥပဒေအားချိုးဖောက်နိုင်ချေရှိကြောင်း ဝေဖန်မှုများလည်းရှိပါသည်။
Comments
Post a Comment