မတ် ၁၁၊ ၂၀၂၁ #day39

 


စစ်အစိုးရက Arakan Army အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခြင်းမှ ပယ်ဖျက်လိုက်သောသတင်း၊ ဆန္ဒပြသူပေါင်းများစွာသေဆုံးခဲ့ရသည့် မြိုင်မြို့ရှိ အကြမ်းဖက်ဖြိုခွဲသည့်သတင်း၊ စစ်အစိုးရ၏ ဒုတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်သည့် သတင်းများ၊ တရုတ်ကုန်ပစ္စည်းများအား သပိတ်မှောက်ရန် လှုံ့ဆော်နေမှုများသည် မြန်မာဆိုရှယ်မီဒီယာအသုံးပြုသူများအကြား စိတ်ဝင်စားမှုများပြားသော သတင်းများဖြစ်သည်။

၎င်းနှင့် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့သော United League of Arakan (ULA) ရက္ခိုင့်တပ်တော် Arakan Army အား စစ်အစိုးရမှ အကြမ်းဖက်မှုအဖွဲ့အစည်းစာရင်းမှ ပယ်ဖျက်လိုက်ကြောင်း စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ AA အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် NLD အစိုးရလက်အောင်တွင် 2020 ခုနှစ် မတ်လ ၂၃ ရက်နေ့က ကြေညာခဲ့ခြင်းဖြစ်သည်။ အကြမ်းဖက်အဖွဲ့အဖြစ်မှ ရှုတ်သိမ်းခဲ့သော်လည်း မတရားအသင်းအဖြစ်မှ ရှုတ်သိမ်းခြင်းမရှိသေးပါ။ အချို့သောခန့်မှန်းချက်များအရ နှစ်ဦးသဘောတူအပစ်ရပ်စာချုပ်ချုပ်ဆိုပြီးနောက်မှ ဖြစ်နိုင်ကြောင်းသိရသည်။ AA သည် ယခင် ဦးသိန်းစိန်လက်ထက်ကတည်းက ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုရာတွင် အစိုးရက ချန်လှပ်ခဲ့သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်တွင် အလျင်အမြန်ပင် အင်အားကြီးမားလာပြီး တပ်မတော်က တိုက်လေယာဥ်များပင်အသုံးပြု၍ တိုက်ခိုက်ခဲ့ရသော အဖွဲ့ဖြစ်သည်။ သို့သော် ၂၀၂၀ ရွေးကောက်ပွဲကာလမှ စ၍ တပ်မတော်နှင့် ထိတွေ့တိုက်ခိုက်ခြင်းများမရှိတော့ဘဲ ယနေ့တွင်အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ခံရခြင်းဖြစ်သည်။ ပြည်သူများအကြားတွင် အမြင်များဒွဟဖြစ်နေပြီး တပ်မတော်နှင့် တိုက်ခိုက်မှုမရှိတော့သော AA အား ဝေဖန်မှုများရှိသကဲ့သို့ အချို့သူများက ယနေ့ကြေညာမှုအပေါ် AA ဘက်က တရားဝင်ထုတ်ပြန်မှုကို စောင့်ဆိုင်းပြီးမှ ဝေဖန်ကြရန် တိုက်တွန်းနေကြပါသည်။ အင်တာနက်ပေါ်တွင် ပေါက်ကြားလာသော ရခိုင်ပါတီတစ်ခုဖြစ်သည့် Arakan National Party ၏ စစ်ကောင်စီသို့ရေးသားသော စာအရ ANP အား စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွင် ရာထူးများပေးနှင့် AA အား အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ရန် တောင်းဆိုထားသည်ကိုတွေ့ရသည်။
မကွေးတိုင်း မြိုင်မြို့တွင် ဆန္ဒပြသူများအား စစ်သားနှင့်ရဲတပ်ဖွဲ့ဝင်များမှ အကြမ်းဖက်ဖြိုခွဲမှုကြောင့် လူအနည်းဆုံး ၆ ဦးခန့် ယနေ့သေဆုံးခဲ့ရကြောင်းသိရှိရသည်။ လူဦးရေနည်းပြီး ဆန္ဒပြမှုများကြီးကြီးများများမရှိခဲ့သော်လည်း ဆန္ဒပြသူများအား ကျည်အစစ်များသုံး၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများကဆိုသည်။ အဆိုပါအချက်ကြောင့် ပြည်သူများအကြားတွင် အပြောများနေသည့်ကောလဟလတစ်ခုမှာ စစ်ကောင်စီသည် ဗမာအက္ခရာ "မ" နှင့် စသော နေရာဒေသများရှိ ဆန္ဒပြမှုများကို ဦးစားပေး အကြမ်းဖက်ဖြိုခွင်းဖြစ်သည်။ လူအများအပြားသေဆုံးမှုသည် မန္တလေး, မြောက်ဥက္ကလာ, မြေနီကုန်း, မြိတ်, မြိုင်, မိုးကုတ်တို့တွင်ဖြစ်ပွားခဲ့ခြင်းမှာ ရိုးရိုးတိုက်ဆိုင်မှုမဖြစ်နိုင်ကြောင်း ပြောဆိုနေကြသည်။ ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်များသည် ဗေဒင်နှင့် အတိတ်နမိတ်များကို အယုံအကြည်ကြီးကြကြောင်း သိရပြီး ယခုအခါတွင်လည်း "မ" နှင့်စသော မြို့များအား ဦးတည်တိုက်ခိုက်ခြင်းမှာလည်း ဗေဒင်နက္ခများနှင့် ဆက်စပ်နိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြပါသည်။ အချို့သူများက ဦးခေါင်းထိမှန်သေဆုံးသူများပြားခြင်းမှာလည်း အဆိုပါဗေဒင်ယုံကြည်မှုများကြောင့် ဖြစ်နိုင်ကြောင်း ပြောဆိုလျက်ရှိသည်။

စစ်ကောင်စီသည် ယနေ့နေ့လည်ပိုင်းတွင် နေပြည်တော်မြို့၌ သတင်းစာရှင်းလင်းပွဲအား ဒုတိယအကြိမ်ပြုလုပ်ခဲ့သည်။ ပထမအကြိမ်ကဲ့သို့ပင် သတင်းမီဒီယာပေါင်းများစွာက သပိတ်မှောက်ခဲ့ခြင်းကြောင့် မီဒီယာအများအပြား သတင်းလာရောက်ရယူခြင်းမရှိကြောင်း တွေ့ရသည်။ စစ်ကောင်စီခန့်အပ်ထားသော ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိကြောင်း, စစ်တပ်ပြောခွင့်ရသူက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ခေါင်းဆောင်ပိုင်းများတွင် အဂတိနှင့် ညှိစွန်းသော လုပ်ရပ်များ ကျူးလွန်ခဲ့သည့် အထောက်အထားများရှိနေကြောင်း, ဆန္ဒပြမှုများအား စည်းမျဥ်းစည်းကမ်းများနှင့်အညီ ထိန်းသိမ်းနေကြောင်း, CDM လှုပ်ရှားမှု ဦးဆောင်သူများနှင့် ဆန္ဒပြမှုဦးဆောင်သည့် ကျောင်းသားများ ဝန်ထမ်းများအား လိုက်ခံဖမ်းဆီးနေကြောင်းတို့ကို ရှင်းလင်းပြောဆိုခဲ့သည်။ နိုင်ငံခြားလော်ဘီအားဌားရမ်းသည်မှာ မှန်ကန်သော်လည်း ၎င်းပြောဆိုသလို တရုတ်၏ လွှမ်းမိုးမှုကို မလိုလားဘဲ အနောက်နိုင်ငံများနှင့် နီးစပ်လိုကြောင်း ပြောဆိုမှုမှာ စစ်ကောင်စီ၏ ရပ်တည်ချက်မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲအရ စစ်ကောင်စီသည် NLD ခေါင်းဆောင်ပိုင်းများအား အဂတိနှင့်ဆိုင်သော ပုဒ်မများ, နိုင်ငံတော်ပုန်ကန်မှုပုဒ်မများနှင့် တရားထပ်မံစွဲဆိုလာနိုင်ကြောင်း ခန့်မှန်းနိုင်ပါသည်။ ထို့အပြင် နိုင်ငံတကာက တောင်းဆိုနေသည့် စေ့စပ်ညှိနှိုင်းမှုလမ်းစဥ်အား ရွေးချယ်မည်မဟုတ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက သွယ်ဝိုက်ပြောဆိုခဲ့ပါသည်။

အားလုံးက ဆန္ဒပြနေသူများအား စစ်တပ်မှ အကြမ်းဖက်တိုက်ခိုက်နေခြင်းအား အားလုံးသဘောတူညီ ရှုတ်ချခဲ့ကြောင်း ကောင်စီဥက္ကဌ၏ စာတွင်ရေးသားထားပါသည်။ သို့သော် တရုတ်, ရုရှား, အိန္ဒိယနှင့် ဗီယက်နမ်တို့၏ ကန့်ကွက်မှုကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆွေးနွေးမှုတွင် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကျနိုင်ရန် ခက်ခဲနေကြောင်း သိရှိရပါသည်။ ထို့အတွက်ကြောင့် ပြည်တွင်းတွင် တရုတ်ဆန့်ကျင်ရေးလုပ်ဆောင်ရန် လှုံဆော်မှုများကျယ်ပြန့်လာပါသည်။ ယခုအခါတွင် တရုတ်ထုတ်ကုန်များအား သပိတ်မှောက်ရန် လှုံဆော်ကြသလို တရုတ်နိုင်ငံသို့သွယ်တန်းထားသော ဓာတ်ငွေ့ပိုက်လိုင်းအား ဖျက်ဆီးပစ်ရန်လည်း အာဏာသိမ်းမှုအားဆန့်ကျင်သောသူများအကြား လှုံဆော်နေကြသည်ကိုတွေ့ရသည်။ တရုတ်အစိုးရက အာဏာသိမ်းမှုအား ၎င်းတို့ ကြိုတင်မသိရှိကြောင်း, စစ်အစိုးရအား ကူညီပေးနေခြင်းမျိုးမရှိကြောင်း, တရုတ်နိုင်ငံမှ ကြားဝင်စေ့စပ်ညှိနှိုင်းပေးလိုကြောင်း ယခင်နေ့များက ထုတ်ပြန်ကြေညာထားပါသည်။

စစ်ကောင်စီက ကနေဒါအခြေစိုက် လောဘီအဖွဲ့အားဌားရမ်းလိုက်ကြောင်း သတင်းထွက်ပြီး နှစ်ရက်အကြာတွင် CRPH က ၎င်းတို့အတွက် နိုင်ငံတကာဥပဒေကျွမ်းကျင်သည့် ဥပေဒေအကျိုးဆောင် Volterra Fietta နှင့် အလုပ်ပူးတွဲလုပ်ကိုင်တော့မည်ဖြစ်ကြောင်း ယနေ့ကြေညာလိုက်သည်။ စစ်တပ်၏ တရားမဝင်အာဏာသိမ်းမှု, ငြိမ်းချမ်းစွာဆန္ဒပြသူများအား အကြမ်းဖက်ဖြိုခွင်းမှုများ, လူ့အခွင့်အရေးချိုးဖောက်မှုများအား နိုင်ငံတကာဥပဒေများနှင့်အညီ တရားစွဲဆိုအရေးယူနိုင်ရေးအတွက် အကြံဥာဏ်များရယူနိုင်ရေးအတွက် အဆိုပါဥပဒေအကျိုးဆောင်နှင့် လက်တွဲခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာ့အရေးအတွက်ဖွဲ့စည်းထားသောအဖွဲ့အား Robert Volterra မှာ ဦးဆောင်သွားမည်ဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများအား စုဆောင်းနေပြီဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားပါသည်။ လက်ရှိ ICJ တွင် တရားရင်ဆိုင်နေရသော မြန်မာအစိုးရအတွက်လည်း အဆိုပါအဖွဲ့ပါဝင်လာခြင်းဖြင့် သက်ရောက်မှုများရှိလာနိုင်ပါသည်။

ဒေသတစ်ချို့တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်တပ်တို့ တိုက်ပွဲငယ်များဖြစ်ပွားလျက်ရှိသည်။ တောင်ငူမြို့အနီးကျေးရွာတစ်ခုတွင် တပ်စခန်းတစ်ခုအား ၁၀၇မမ ရှောတိုက်ဗုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ထို့အပြင် ကချင်ပြည်နယ် သယံဇာတအများအပြားထွက်ရှိသော ဖားကန့်ဒေသတွင် တပ်နှင့် Kachin Independent Army တို့ စစ်ပွဲဖြစ်ပွားခဲ့ကြောင်း RFA သတင်းဌာနမှ တင်ဆက်ခဲ့သည်။ KIA မှ အဆိုပါဒေသတွင် တပ်စွဲထားသော တပ်စခန်းတခုအား အလစ်ဝင်တိုက်ခြင်းဖြစ်ပြီး တပ်ဖက်မှ အကျအဆုံးများကြောင်းလည်း သိရှိရပါသည်။ ထို့အပြင် ဆိုရှယ်မီဒီယာအသုံးပြုသူများအကြားတွင် KIA က တပ်မတော်အား တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ရေးသားထားသည့် စာများလည်း ပြန့်နှံ့လာပါသည်။ KIA ၏ ပြောရေးဆိုခွင့်ရှိသူက အဆိုပါစာသည် အတုသာဖြစ်ကြောင်း Myitkyina Media သို့ ယနေ့ညနေတွင် ပြောကြားခဲ့သည်။ သို့သော် KIA နှင့် စစ်တပ်တို့သည် အာဏာသိမ်းမှုပြီးနောက် ဆက်ဆံရေးတင်းမာလာပြီး ရံဖန်ရံခါ ၎င်းတို့အကြား ထိတွေ့တိုက်ခိုက်မှုများရှိခဲ့ပါသည်။

Comments

Popular Posts