မတ် ၁၂၊ ၂၀၂၁ #day40


 

တောင်ကိုရီးယားနိုင်ငံက မြန်မာစစ်ကောင်စီနှင့် စစ်ရေး လုံခြုံရေးဆိုင်ရာ ချိတ်ဆက်မှုတွေကို ရပ်ဆိုင်းထားတော့မှာဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ ပို့ကုန်တွေကိုလည်း ခွင့်ပြုတော့မှာ မဟုတ်ကြောင်း ဖွံ့ဖြိုးရေးအကူအညီအစီအစဥ်တွေကို ပြန်လည်သုံးသပ်မှာဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ တလက်စတည်းမှာပင် လက်နက်ကိုင်အကြမ်းဖက်ဖြိုခွင်းမှုများအတွက် စစ်ကောင်စီကို ပြစ်တင်ရှုတ်ချလိုက်ပြီး ဖမ်းဆီးခံများအား ချက်ချင်းလွှတ်ပေးရန် ကြေညာခဲ့ပါသည်။ ထို့အပြင် ၎င်းတို့နိုင်ငံတွင်ရှိနေသော ဗီဇာသက်တမ်းကုန်တော့မည့် မြန်မာနိုင်ငံသားများကိုလည်း လူသားခြင်းစာနာမှုသောအနေဖြင့် မြန်မာနိုင်ငံတွင် တည်ငြိမ်မှုများမရှိမခြင်း ၎င်းတို့အား ယာယီဗီဇာသက်တမ်းတိုးပေးမှာဖြစ်ကြောင်း BBC သတင်းဌာနက တင်ပြခဲ့ပါသည်။ ယခုကဲ့သို့ ကိုးရီးယားနိုင်ငံက အရေးယူမှုများနှင့် အစီအစဥ်များပြုလုပ်ခြင်းသည် အာရှနိုင်ငံများတွင် ပထမဦးဆုံးနိုင်ငံဖြစ်သည်။ Korea Economic Institute ၏ ဖော်ပြချက်အရ ၂၀၂၀ ခုနှစ်ကစ၍ စီးပွားရေးအင်အားကြီး တောင်ကိုးရီးယားနိုင်ငံသည် မြန်မာပြည်၏ ခြောက်နိုင်ငံမြောက် နိုင်ငံခြားရင်းနှီးမြှုပ်မှု အများဆုံးပြုလုပ်ထားသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရင်းနှီးမြှုပ်နှံငွေမှာ အမေရိကန်ဒေါ်လာ ၄ ဘီလီယံဝန်းကျင်ခန့်ရှိသည်။ တောင်ကိုရီးယားနိုင်ငံသည် ၁၉၈၇ ခုနှစ် ဇွန်လ လူထုအရေးတော်ပုံကြောင့် အာဏာရှင်စနစ်ချုပ်ငြိမ်းခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

အစိုးရနှင့် Nationwide Ceasefire Agreement ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က ၎င်းတို့၏ နှစ်ရက်တာ အစည်းအဝေးအပြီး စစ်ကောင်စီသည် NCA ကိုလိုက်နာလျက်ရှိသည်ဟု ပြောဆိုသော်လည်း ပြည်သူများအား ပစ်ခတ်သတ်ဖြတ်ခြင်း ဘာသာရေးနှင့် ပြည်သူပိုင်နေရာများတွင် စခန်းချခြင်း ဆန္ဒပြပြည်သူများအား ဥပဒေမဲ့ ဖမ်းဆီးခြင်းတို့သည် NCA စာချုပ်ကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း အဆိုပါ Peace Process Steering Team ၏ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ဝေဖန်လိုက်ပြီး အဆိုပါလုပ်ရပ်များသည် စစ်ကောင်စီရဲ့ “ကမ္ဘာသိလုပ်ရပ်ဆိုးများ” များဖြစ်ကြောင်း ပြစ်တင်လိုက်သည်။ ထို့အပြင် ၎င်းတို့အဖွဲ့များအနေဖြင့်လည်း ပြည်သူများအား ကာကွယ်စောင့်ရှောက်နိုင်ရန် နိုင်ငံတကာအသိုင်းအဝန်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ၎င်းတို့၏ဆိုရှယ်စာမျက်နှာတွင် ဖော်ပြထားပါသည်။ စစ်အာဏာသိမ်းပြီးချိန်မှစ၍ အဆိုပါ ၁၀ ဖွဲ့အနက်မှ စစ်အင်အားအကြီးဆုံးဖြစ်သော Restoration Council of Shan State နှင့် Karen National Union နှင့် စစ်တပ်တို့အကြား မကြာခဏ တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူများအကြားတွင် အဆိုပါအဖွဲ့များသည် အားပေးထောက်ခံမှုများကို ရရှိနေသည်ကိုလည်း တွေ့ရသည်။

အင်တာနက်စာမျက်နှာများပေါ်တွင် ပေါက်ကြားလာသော စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနတွင်းစာတစ်ခုအရ လက်ရှိတာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား နိုင်ငံတော်အပေါ်ကျေးဇူးသိစ္စာစောင့်သိခြင်းရှိမရှိ ကတိသိစ္စာပြုပြီးမှစာ ရာထူးတိုးပေးရန် ညွှန်ကြားထားသည်ကိုတွေ့ရသည်။ ယခုကဲ့သို့ညွှန်ကြားရခြင်းမှာ အချို့သောဝန်ထမ်းများသည် ဌာနအတွင်း လုပ်ငန်းများဆက်လက်လုပ်ကိုင်လျက်ရှိသော်လည်း ပြင်ပရှိဆန္ဒပြသူများနှင့် ပူးပေါင်းခြင်းများ ဌာနတွင်းအတွင်းသတင်းများကို အပြင်သို့ပေးပို့ခြင်းများ လုပ်ဆောင်ခြင်းကြောင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းကြပါသည်။ အာဏာသိမ်းပြီးနေ့မှစ၍ လျှို့ဝှက်အဖြစ်သတ်မှတ်ထားသော ဌာနတွင်းစာများ ပြင်ပသို့ ပေါက်ကြားလေ့ရှိပါသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်သော အစည်းအဝေးအချက်အလက်များအင်တာနက်တွင် ပေါက်ကြားခဲ့ပြီးနောက် နိုင်ငံခြားရေးရုံးရှိ ဒုညွှန်မှူးတစ်ဦးအား စစ်ကောင်စီမှ ဖမ်းဆီးချုပ်နှောင်ခြင်း ပြုလုပ်ခဲ့ပါသည်။

စစ်ကောင်စီ၏ အဆမတန်ပြင်းထန်သော အကြမ်းဖက်ဖြိုခွင်းမှုများနှင့် ဖမ်းဆီးချုပ်နှောင်ခြင်းများကြောင့် ရန်ကုန်မြို့ရှိ လမ်းပေါ်ထွက်ဆန္ဒပြမှုများ သိသိသာသာလျော့နည်းလာကြောင်း ဆန္ဒပြမှုများတွင် ပါဝင်လေ့ရှိသူများက ဆိုကြပါသည်။ သို့သော် လွန်ခဲ့သည့် ရက်အနည်းငယ်မှစ၍ အာဏာရှင်စနစ်အားဆန့်ကျင်သော ပြည်သူများသည် နေ့အချိန်လမ်းပေါ်ထွက်ဆန္ဒပြခြင်းအစား ညအချိန်တွင် ကာဖျူးအမိန့်အားလွန်ဆန်၍ ၎င်းတို့၏ အိမ်အနီးတွင် စုဝေးခြင်းများ လမ်းဆုံများတွင် ဖယောင်းတိုင်မီးထွန်း၍ ငြိမ်သက်စွာ ဆန္ဒပြခြင်းများကို ပြောင်းလဲလုပ်ဆောင်လာကြသည်ကို တွေ့မြင်ရပါသည်။ CDM လှုပ်ရှားမှုတွင် ပါဝင်သော ဝန်ထမ်းများအား ဝန်ထမ်းအိမ်ယာများမှ အတင်းအကြပ်နှင်ထုတ်မှုများကို နိုင်ငံအဝန်းတွင် လုပ်ဆောင်လာသည်ကို တွေ့ရသည်။ ယနေ့တွင် ချင်းပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ဆေးရုံဝန်းအတွင်းရှိ ဝန်ထမ်းလိုင်းခန်းများမှ ထွက်ခွာရန် စစ်သားများက အတင်းအကြပ်ခိုင်းစေခြင်းကြောင့် လူနာများအပါအဝင် ဆရာဝန်များအားလုံး ၎င်းတို့၏ အိမ်ခန်းများအား စွန့်ခွာပေးရကြောင်းသိရှိရသည်။ ဒေသခံများက ဝန်ထမ်းများအား နေထိုင်စရာအကူအညီများပေးသော်လည်း ရာပေါင်းများစွာသော ဝန်ထမ်းများသည် နေစရာအိမ်များရှားပါးမှုကြောင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ချင်းပြည်နယ်အခြေစိုက်မီဒီယာများက တင်ပြကြပါသည်။

ထို့အပြင် စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြမှုများအား သတင်းယူရင်း ဖမ်းဆီးခံရသော သတင်းသများ ၆ ဦးအား ယနေ့တွင် ရုံးထုတ်စစ်ဆေးခဲ့သည်။ ၎င်းတို့အား နိုင်ငံတော်တည်ငြိမ်မှုပျက်ပြားစေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ယနေ့ တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း မီဒီယာများ ၅ ခု၏ ထုတ်ဝေမှုလိုင်စင်များအား ပိတ်သိမ်းခဲ့ပြီး ယခုအခါ သတင်းထောက်များအား တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။ ယမန်နေ့ တောင်ကြီးမြို့ဆန္ဒပြပွဲတွင် သတင်းယူနေသော ပိုလန်နိုင်ငံသား သတင်းဓာတ်ပုံဆရာကိုလည်း စစ်သားများမှ ဖမ်းဆီးခဲ့သည်။ ၎င်း၏ တည်နေရာနှင့် အခြေအနေကိုမှု သိရှိရခြင်းမရှိသေးပါ။

Comments

Popular Posts