မတ် ၁၃၊ ၂၀၂၁ #day41

 

အကြမ်းဖက်မှုတွေကြောင့် သေဆုံးမှုနှုန်းသည် တနေ့ထက်တနေ့ပိုများမြင့်တက်လာသည်။ အာဏာသိမ်းပြီး ရက် ၄၀ အကြာတွင် သေဆုံးသူ ၁၀၀ နီးပါးထိရှိလာပြီဖြစ်သည်။ အဆိုပါသေဆုံးသူများတွင် အသက်မပြည့်သေးသော ကလေးငယ်များပါဝင်သကဲ့သို့ ကိုယ်ဝန်ဆောင်မိခင်, ဖခင်များ, ဘာသာပေါင်းစုံ, လိင်စိတ်ကွဲပြားသူပေါင်းစုံ ပါဝင်ကြပါသည်။ ယနေ့တစ်ရက်တည်းတွင်ပင် တစ်နိုင်ငံလုံး၌ သေဆုံးသူ ၁၂ ခန့်ရှိခဲ့ပြီး ရန်ကုန်မြို့တစ်မြို့ထဲ၌ သေဆုံးသူ အနည်းဆုံး ၅ ဦးထိရှိခဲ့ပါသည်။ အကြမ်းဖက်မှုများတိုးပွားလာသည်နှင့်အမျှ ပြည်သူများအကြား အထူးသဖြင့်လူငယ်များအကြားတွင် ငြိမ်းချမ်းသောနည်းဖြင့် ဆန္ဒပြဆန့်ကျင်ခြင်းမှာ ထိရောက်မှုမရှိတော့သဖြင့် စစ်သားနှင့် ရဲ့တပ်ဖွဲ့ဝင်များအား မိမိတို့မှ အပြင်းအထန်ပြန်လည်ခုံခံရန်လိုအပ်ကြောင်း ကျယ်လှောင်စွာ ပြောဆိုနေကြပြီဖြစ်သည်။ သို့သော် အချို့သောသူများက လက်ရှိစစ်တပ်သည် ရက်စက်ကြမ်းကြုတ်သော စစ်တပ်ဖြစ်သဖြင့် ဆန္ဒပြသူများဘက်မှ အကြမ်းဖက်သောနည်းလမ်းများဖြင့် တုန့်ပြန်ပါက အခြေအနေများ ပိုမိုဆိုးရွားလားပြီး သေပျောက်မှုများပိုမိုများပြားလာနိုင်ကြောင်း သတိပေးပြောဆိုနေကြသည်ကို တွေ့ရသည်။ ဝေးလံသောတိုင်းရင်းသားနယ်များတွင် မီးရှို့မှုများ, သတ်ဖြတ်မှုများ, မုဒိမ်းကျင့်မှုများ, တိုက်လေယာဥ်ကဲ့သို့ လွန်ကျူးစစ်အင်အားကို အသုံးပြသကဲ့သို့ မြို့ပြများတွင်လည်း အသုံးပြုလာနိုင်ကြောင်း ပြောဆိုနေကြပါသည်။ သို့သော်အဆိုပါအမြင်မှာ တဖြည်းဖြည်းလွှမ်းမိုးမှုနည်းပါးလာသည်ကိုတွေ့မြင်နေရပါသည်။

သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားသူတွေ၏ ရုပ်အလောင်းများကို တပ်က ယူဆောင်သွားခြင်း, သေဆုံးပြီးနောက်ပိုင်း မိသားစုကို ပြန်လည်မပေးအပ်ခြင်းများကို လုပ်ဆောင်နေကြောင်း ပြည်တွင်းသတင်းမီဒီယာများက ဖော်ပြကြပါသည်။ ထိုသို့ပြုလုပ်ခြင်းမှာ အဆိုပါသေဆုံးမှုများအား ဖျောက်ဖျက်ရန် စစ်တပ်မှ ကြိုးစားခြင်း သို့မဟုတ် သေဆုံးမှုအကြောင်းအရာများကို ပြင်ဆင်ပြောင်းလဲရန် ကြံစည်လိုခြင်းဖြစ်ကြောင်း ဆိုရှယ်မီဒီယာအသုံးပြုသူများက ဝေဖန်နေကြ ပါသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က စစ်တပ်၏ ထိန်းသိမ်းမှုအတွင်း သေဆုံးသွားသော NLD တာဝန်ခံ၏ ရုပ်အလောင်းသည် မိသားစုထံသို့ပြန်လည်ရောက်ရှိလာချိန်တွင် အပြင်းအထန် နှိပ်စက်ခံထားရသည့် လက္ခဏာများရှိနေသော်လည်းဘဲ စစ်တပ်မှ ၎င်းသေဆုံးရခြင်းမှာ မတော်တဆ တိုက်ပေါ်မှပြုတ်ကျခြင်းဖြစ်ကြောင်း အကြောင်းပြချက်ပေးဘူးသည်။

CRPH မှ ယာယီဒုသမ္မတအဖြစ် ခန့်အပ်လိုက်သော မန်းဝင်းခိုင်သန်းသည် ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံတော်အခြေပြမိန့်ခွန်းအား အွန်လိုင်းမှတစ်ဆင့် ပြောဆိုခဲ့သည်။ ၎င်းသည် အခြားသော NLD ခေါင်းဆောင်များနည်းတူ ၎င်း၏အိမ်တွင် အကျယ်ချုပ်ကျခံခဲ့ရသော်လည်း ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ၎င်း၏ ၆ မိနစ်ခွဲကြာသော မိန့်ခွန်းတွင် လက်ရှိအချိန်သည် မြန်မာနိုင်ငံ၏ အမှောင်မိုက်ဆုံးအချိန်ဖြစ်သော်လည်း မကြာခင်တွင် ရောင်နီလာတော့မည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။ ထို့အပြင် ပြည်သူများမိမိကိုယ်ကို ခုခံကာကွယ်နိုင်ရေးအတွက် လိုအပ်သော ဥပဒေများအား CRPH မှ ရေးဆွဲသွားမည်ဖြစ်ကြောင်း, ပြည်သူ့အုပ်ချုပ်ရေးများကို ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း, လုံခြုံရေးတပ်ဖွဲ့နှင့် ဝန်ထမ်းများအနေဖြင့် လူတစ်စု၏အကျိုးအတွက်ထက် နိုင်ငံတော်နှင့် နိုင်ငံသားများအား သစ္စာစောင့်သိသွားရန်ဖြစ်ကြောင်း, ၂၀၀၈ ခုနှစ်အခြေခံဥပဒေအားဖျက်သိမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို အခြေခံသော ဥပဒေရေးဆွဲမည်ဖြစ်ကြောင်း, ပြည်သူများအတွက် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အစီအမံများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ပါသည်။

ထို့အပြင် မြန်မာပြည်၏ တစ်ခုတည်းသော ဆက်သွယ်ရေးဂြိုလ်ထုအစီအစဥ်အား ၎င်းတို့မှ ရပ်ဆိုင်းလိုက်ကြောင်း ဂျပန်နိုင်ငံက ကြေညာခဲ့သည်။ ဒေါ်လာ ၁၅ သန်းခံအကုန်အကျခံ၍ ဂျပန်နှင့်မြန်မာနိုင်ငံတို့ ပူးတွဲ တည်ဆောက်ခဲ့သော အဆိုပါဂြိုလ်ထုကို စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းများအား စောင့်ကြည့်လေ့လာရန် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်သော်လည်း မြန်မာစစ်တပ်မှ အဆိုပါဂြိုလ်ထုတွင်ပါဝင်သော ကင်မရာများကို အသုံးပြု၍ စစ်ရေးအတွက် အသုံးချလာနိုင်ခြင်းကြောင့် ဂျပန်နိုင်ငံက ပိတ်သိမ်းခြင်းဖြစ်ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့သည်။ ထို့အပြင် ပြည်သူများအကြားတွင် တရုတ်နိုင်ငံအခြေပြု Huwaei နည်းပညာကုမ္ပဏီအား သပိတ်မှောက်ကျရန် လှုံဆော်နေကြသည်။ စစ်ကောင်စီမှ smart cities အကြောင်းပြ၍ အဆိုပါကုမ္ပဏီအကူအညီဖြင့် တရုတ်နိုင်ငံကဲ့သို့ Face Recognition မျက်နှာသွင်ပြင်ကိုအခြေခံ၍ စောင့်ကြည့်ခြေရာခံခြင်းအား အကောင်အထည်ဖော်နေကြောင်း သတင်းများကျယ်ပြန့်စွာထွက်ပေါ်လာခြင်းကြောင့်ဖြစ်သည်။

ယနေ့ရန်ကုန်လေဆိပ်တွင် အမေရိကန်လေတပ်ပိုင် Boeing C 17 Globemaster အမျိုးအစား ဆင်းသက်ခဲ့သော ဓာတ်ပုံများ ဆိုရှယ်မီဒီယာတွင် ပြန့်နှံခဲ့ပြီး ပြည်သူအများအကြားတွင် အမျိုးမျိုးထင်ကြေးပေးနေကြပါသည်။ လူအများစုက အဆိုပါလေယာဥ်ဆိုက်ရောက်လာခြင်းမှာ နိုင်ငံအတွင်းရှိ အမေရိကန်နိုင်ငံသားများအား နိုင်ငံပြင်ပသို့ ရွေ့ပြောင်းခြင်းသာ ဖြစ်နိုင်ကြောင်း ပြောဆိုကြပါသည်။ လက်နက်အင်အားကြီးဒီမိုကရေစိနိုင်ငံများဖြစ်သော အမေရိကန် ဂျပန် သြစတေးလျနှင့် အိန္ဒိယနိုင်ငံတို့၏ နိုင်ငံခေါင်းဆောင်များသည် ပထမဦးဆုံးအကြိမ်အဖြစ် လေးနိုင်ငံထိပ်သီးအစည်းအဝေး (Quad Summit) ပြုလုပ်ခဲ့ကြပြီး တောင်တရုတ်ပင်လယ်အရေး အာရှပစိဖိတ်ဒေသအရေး Covid ဆေးဝါးအပါအဝင် မြန်မာ့အရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း ကမ္ဘာ့သတင်းမီဒီယာများက ဖော်ပြကြပါသည်။ အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် ၎င်းတို့သည်မြန်မာပြည်နှင့် နိုင်ငံသားတို့အား အစဥ်အမြဲထောက်ခံနေသောနိုင်ငံများ ဖြစ်သည်နှင့်အညီ ဒီမိုကရေစီပြန်လည်တွန်းကားရေးအတွက် ၎င်းတို့အထူးအလေးထားမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။


Comments

Popular Posts