မတ် ၁၄၊ ၂၀၂၁ #day42

 

လက်ရှိအာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုများသည် ပိုမိုပြင်းထန်လာနိုင်ပြီး လက်နက်ကိုင်ဆန့်ကျင်မှုဘက်သို့ ရောက်ရှိလာမည့် အလားအလာများမြင်တွေ့နေရပြီဖြစ်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်မှစ၍ ဆန္ဒပြပြည်သူများသည် ပြစ်ခတ်မှုများကြုံလာပါက လူစုကွဲသွားမည့်အစား လက်နက်ကိုင် စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို ထိပ်တိုက်ရင်ဆိုင်နေသည်ကို သိသိသာသာတွေ့မြင်နေရပြီဖြစ်သည်။ လက်နက်မဲ့ လူပေါင်းများစွာ လမ်းပေါ်တွင် သေကြေဒဏ်ရာရရှိခဲ့ပြီးနောက် CRPH က ယမန်နေ့ ယာယီဒုသမ္မတ၏ မိန့်ခွန်းတွင်ထည့်သွင်းပြောဆိုသည့်အတိုင်း ပြည်သူများသည် ရာဇသတ်ကြီး ပုဒ်မ အခန်း (၄) ကာကွယ်ခုခံပိုင်ခွင့်ဆိုင်ရာပြဌာန်းချက်များအရ အကြမ်းဖက်မှုများမှ မိမိကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်ရှိကြောင်း ယနေ့ကြေညာလိုက်သည်။ အဆိုပါပုဒ်မသည် အရင်ကတည်းကအသက်ဝင်နေသော ပုဒ်မတစ်ခုဖြစ်ပြီး CRPH က တရားမဝင်စစ်အစိုးရ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာထားပြီးဖြစ်သောကြောင့် စစ်ကောင်စီ၏ အကြမ်းဖက်မှုလုပ်ရပ်များအားလုံးကို မိမိအတွက်သော်လည်းကောင်း အခြားသူများအတွက် သော်လည်းကောင်း နည်းမျိုးစုံဖြင့် ခုံခံကာကွယ်နိုင်ကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မွေးရာပါလူသားအခွင့်အရေးဖြစ်သဖြင့် မိမိအသက်ရှင်သန်ပိုင်ခွင့်ကို ကာကွယ်ရမည်ဖြစ်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ ခုခံမှုများသည် ပြစ်မှုမြောက်မည်မဟုတ်ကြောင်းလည်း ပါရှိပါသည်။ သို့ပါသောကြောင့် ငြိမ်းချမ်းစွာဆန္ဒပြနေသူများအား နေ့စဥ်ရက်ဆက်အကြမ်းဖက် သတ်ဖြတ်နေသော စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူများ၏ ပြင်းထန်သော တုံ့ပြန်မှုများကို ကြုံတွေ့ရတော့မည်ဖြစ်သည်။ အဆိုပါအချက်နှင့် ဆက်စပ်၍ ယခင်မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Yanghee Lee ဦးဆောင်သော မြန်မာပြည်ဆိုင်ရာအထူးအကြံပေးကောင်စီက လက်ရှိမြန်မာနိုင်ငံအခြေအနေသည် လာမည့်ရက်အနည်းငယ်တွင် အလွန်ဆိုးဝါးသော အခြေအနေရောက်ရှိလာတော့မည် ဖြစ်သောကြောင့် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်ခြင်းကို ပြုလုပ်ရန်လိုအပ်ပြီဖြစ်ကြောင်း ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်ပါသည်။

အဆိုပါအချက်နှင့် ဆက်စပ်၍ ယခင်မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Yanghee Lee ဦးဆောင်သော မြန်မာပြည်ဆိုင်ရာအထူးအကြံပေးကောင်စီက လက်ရှိမြန်မာနိုင်ငံအခြေအနေသည် လာမည့်ရက်အနည်းငယ်တွင် အလွန်ဆိုးဝါးသော အခြေအနေရောက်ရှိလာတော့မည်ဖြစ်သောကြောင့် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်ခြင်းကို ပြုလုပ်ရန်လိုအပ်ပြီဖြစ်ကြောင်း ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်ပါသည်။ ဆိုရှယ်မီဒီယာအသုံးပြုသူများအနေဖြင့် မြန်မာနိုင်ငံသည် မကြာခင်တွင် ကြီးမားကျယ်ပြန့်သော ပြည်တွင်းစစ်များဖြစ်လာနိုင်ကြောင်းနှင့် နိုင်ငံသည်လည်း ကျရှုံးသောနိုင်ငံ ဖြစ်လာတော့မည်ဖြစ်ကြောင်း စိုးရိမ်မကင်းပြောဆိုနေကြပါသည်။

စက်မှုဇုံများစွာတည်ရှိပြီး အခြေခံလူတန်းစားဦးရေများပြားသော ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင်တည်ရှိသော တရုတ်ပိုင် အထည်ချုပ်စက်ရုံသုံးခု ယနေ့နေ့ခင်းပိုင်းမှစ၍ မီးလောင်နေကြောင်း သိရှိရသည်။ မည်ကဲ့သို့ မီးစတင်လောင်ကျွမ်းသည် မည်သူ့တွင် တာဝန်ရှိသည်ကို မသိရသော်လည်း ဆိုရှယ်မီဒီယာအသုံးပြုသူအများအပြားက စစ်သားများကိုယ်တိုင် မငြိမ်သက်မှုများဖန်တီးချင်သောကြောင့် မီးရှို့ခြင်းများ ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောဆိုနေကြပါသည်။ အဆိုပါမီးလောင်မှုဖြစ်ပွားခြင်းကြောင့် စစ်ကောင်စီ၏တပ် အများအပြားလှိုင်သာယာမြို့နယ်တွင် ရောက်ရှိနေပြီး ဆန္ဒပြသူများနှင့် ထိပ်တိုက်တိုးနေကြောင်း သိရှိရသည်။ ဆန္ဒပြသူများအား ကျည်အစစ်များသုံး၍ ဖြိုခွင်းခြင်းကြောင့် ဆန္ဒပြသူအနည်းဆုံး ၁၄ ဦးသေဆုံးပီဖြစ်ကြောင်း Myanmar Now က တင်ပြခဲ့သည်။ ယခုစာရေးချိန်တွင် ဖတ်ရသောသတင်းအချို့အရ သူများက သေဆုံးသူ ၃၀ ဝန်းကျင်ခန့်ရှိပြီဖြစ်ကြောင်းနှင့် မကြာခင်ပိုမိုများပြားလာမည်ဖြစ်ကြောင်း ဖော်ပြနေကြပါသည်။ တရုတ်သံရုံးမှ အဖျက်အမှောက်လုပ်သူများသည် တရုတ်ပိုင် စက်ရုံများအား မီးရှို့ခြင်း ဖျက်ဆီးခြင်း လုယူခြင်းများပြုလုပ်ခြင်းကြောင်း လုံခြုံရေးတပ်ဖွဲ့များအား အကူအညီတောင်းခဲ့ရကြောင်းနှင့် တရုတ်အလုပ်သမားများ စက်ရုံများထဲတွင် ပိတ်မိနေသဖြင့် အကြမ်းဖက်မှုများရပ်တန့်ရန် ၎င်း၏ facebook စာမျက်နှာတွင် ဖော်ပြခဲ့ပါသည်။ ယခင်နေ့များကလည်း ဆန္ဒပြသူများက စစ်ကောင်စီအား တရုတ်နိုင်ငံမှ အထောက်အပံများပေးအပ်နေသည်ဟု ယူဆထားသဖြင့် တရုတ်ပိုင်စီးပွားရေးလုပ်ငန်းများအား ဖျက်ဆီးမည်ဖြစ်ကြောင်းနှင့် အဆိုပါဖျက်ဆီးမှုများသည် တရုတ်နှင့် မဆိုင်ဘဲ မြန်မာပြည်ပြည်တွင်းရေးသာဖြစ်ကြောင်း တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို သယော်နေကြပါသည်။

လွန်ခဲ့သည့်မိနစ်အနည်းငယ်တွင် စစ်ကောင်စီမှ ဆန္ဒပြမှုများအပြင်းအထန်ဖြစ်ပွားနေပြီး စက်မှုရုံအများအပြားရှိသည့် လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်နှစ်ခုအား စစ်အုပ်ချုပ်ရေးသတ်မှတ်ကြောင်း ကြေညာခဲ့သည်။ စစ်ကောင်စီသည် အဆိုပါအမိန့်အား တရုတ်သံရုံး၏ ထုတ်ပြန်ချက်အပြီး နာရီပိုင်းအတွင်း ချက်ချင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ဆိုရှယ်မီဒီယာအသုံးပြုသူအချို့မှ လက်ရှိကာလသည် အာဏာသိမ်းအစိုးရက အုပ်ချုပ်နေသော ကာလဖြစ်ခြင်းကြောင်း စစ်အုပ်ချုပ်ရေးသည် များစွာပြောင်းလဲမှုရှိမည်မဟုတ်ကြောင်း ဝေဖန်နေကြပါသည်။


Comments

Popular Posts