မတ် ၁၅၊ ၂၀၂၁ #day43

 


ယနေ့တွင် ရန်ကုန်မြို့အတွင်း မာရှယ်လော ကြေညာထားသည့် မြိုနယ် ၆ ခုထိရှိလာပြီဖြစ်သည်။ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်များအပြင် တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်းနှင့် မြောက်ဥက္ကလာမြို့နယ်တို့ကို မာရှယ်လော (စစ်အုပ်ချုပ်ရေး) ထပ်တိုး လိုက်သည်။ အဆိုပါမြို့နယ်များသည် တရုတ်အပါအဝင် နိုင်ငံတကာမှစက်ရုံများရှိသော စက်မှုဇုံများ အများအပြားတည်ရှိရာနေရာဖြစ်သည်သာမက အခြေခံလူတန်းစားများ အများအပြားနေထိုင်ရာ

ရန်ကုန်မြို့၏အစွန်ပိုင်းရှိမြို့နယ်များဖြစ်သည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ၁၉၈၉ ခုနှစ်တွင် ကြေညာခဲ့သော ၂/၈၉ အရ မာရှယ်လောအုပ်ချုပ်မှုတွင် အာဏာသုံးရပ်လုံးအား စစ်တိုင်းမှူးသို့ ပေးအပ်ရမည်ဖြစ်ပြီး စစ်ခုံရုံးတွင် အမှုများကို ကြားနာစစ်ဆေးနိုင်သည်။ တည်ဆဲဥပဒေက မည်သို့ပင်ပြဌာန်းထားပါစေ စစ်ခုံရုံးက အပြစ်ရှိကြောင်းစီရင်ပါက သေဒဏ်အပါအဝင် ပြစ်ဒဏ်အမျိုးမျိုးကို ချမှတ်နိုင်ပါသည်။ ကာကွယ်ရေးဦးစီးချုပ်ထံသို့သာ ပြင်ဆင်ခွင့်တင်သွင်းနိုင်ပြီး ၎င်း၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်ကြောင်း ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

တရုတ်အစိုးရပိုင်မီဒီယာက တရုတ်ပိုင် စက်ရုံ ၃၂ ရုံ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၃၇ သန်းဖိုး ဖျက်ဆီးခံရကြောင်း ၎င်းတို့နိုင်ငံသားနှစ်ဦးတိုက်ခိုက်ခံရကြောင်း ပြောဆိုခဲ့ကြောင်း CNA သတင်းဌာနက ဖော်ပြခဲ့သည်။ တရုတ်အစိုးရမှ ၎င်း၏ ရင်းနှီးမြှပ်နှံမှုများအား လုံခြုံရေးတပ်ဖွဲ့များက အကာအကွယ်ပေးရန်လည်း တိုက်တွန်းခဲ့သည်။ သို့သော် ယမန်နေ့က မီးလောင်ခဲ့သော စက်ရုံ ၃ ခုမှလွဲ၍ အခြားသော ပြည်တွင်းပြည်ပမီဒီယာများတွင် အခြားသောစက်ရုံများဖျက်ဆီးခံရကြောင်း ဖော်ပြထားသည်ကို မတွေ့ရပါ။ မြန်မာဆိုရှယ်မီဒီယာအသုံးပြုသူများကမူ တရုတ်အစိုးရအနေဖြင့် ၎င်း၏ စက်ရုံများအတွက်သာ စိုးရိမ်ပြီး သေဆုံးသွားသော ဆန္ဒပြသူများနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုခြင်းမရှိသောကြောင့် ဝေဖန်နေကြပါသည်။ ထို့အပြင် ပြည်သူများက တရုတ်အစိုးရသည် မိမိသည် မြန်မာပြည်၏ မိတ်ဆွေရင်း ပေါက်ဖော်ဟုပြောဆိုနေသော်လည်း လက်တွေ့တွင် မြန်မာပြည်၏ အိမ်နီးချင်းကောင်းမဟုတ်ဘဲ လူသတ်စစ်အစိုးရအား ဆက်လက်ထောက်ပံ့နေသောကြောင့် တရုတ်သံရုံးအနေဖြင့် မြန်မာပြည်မှ ထွက်သွားရန် သံရုံး၏ ဆိုရှယ်မီဒီယာစာမျက်နှာတွင် ရေးသားနေကြသည်ကိုလည်း တွေ့ရသည်။ တစ်ချိန်တည်းမှာပင် ထိုင်ဝမ်အစိုးရက ထိုင်ဝမ်စက်ရုံများအနေဖြင့် ထိုင်ဝမ်နိုင်ငံအလံများကို စက်ရုံများတွင် လွှင့်ထူထားရန် သတိပေးလိုက်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

ယမန်နေ့ ပစ်ခတ်အကြမ်းဖက်မှုများကြောင်း လှိုင်သာယာတစ်နေရာတည်းတွင်ပင် လူဦးရေ ၄၀ ဝန်းကျင်ခန့်သေဆုံးခဲ့ပြီး ရန်ကုန်တစ်မြို့လုံးတွင် အနည်းဆုံး ၅၉ ဦးသေဆုံးခဲ့ကြောင်း Myanmar Now က ဆေးရုံများကို မေးမြန်းခြင်းမှ သိရသည်။ အချို့က စစ်တပ်သည် လမ်းမပေါ်မှ သေဆုံးသူများ၏ အလောင်းများအား သယ်ဆောင်သွားလေ့ရှိခြင်းကြောင့် အမှန်တကယ်အရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်းလည်း ပြောဆိုကြပါသည်။ သွေးမြေကျမှုတွေရပ်တန့်သွားခြင်းမရှိသေးဘဲ ယနေ့တွင် ကျည်ထိမှန်သေဆုံးသူ အနည်းဆုံး ၁၀ ဦးခန့်ရှိကြောင်း BBC ကတင်ပြခဲ့ပါသည်။ AAPP ၏ စာရင်းအရ မတ်လ ၁၄ ရက်နေ့အထိ သေဆုံးသူ ၁၂၆ ဦးကျော်ရှိပီဖြစ်ပြီး ဖမ်းဆီးချုပ်နှောင်ခံရသူ ၁၈၃၇ ဦးအထိရှိပါသည်။ အဆိုပါ ဖမ်းဆီးခံရသူများတွင် ရန်ကုန်တက္ကသိုလ်နှင့် အခြားသောတက္ကသိုလ်များမှ ဆယ်ကျော်သက်ကျောင်းသားကျောင်းသူအရွယ် များစွာရှိနေသေးကြောင်း သိရပါသည်။

ယမန်နေ့က လှိုင်သာယာတွင် အကြမ်းဖက်မှုဖြစ်နေစဥ်မှစ၍ နိုင်ငံအဝန်းတွင် မိုဘိုင်းအင်တာနက်များအား ဖြတ်တောက်လိုက်ပြီး wifi သာရရှိတော့ကြောင်း သိရသည်။ ဆိုရှယ်မီဒီယာများတွင် ပြည်သူများအနေဖြင့် စစ်တပ်အား ၎င်းတို့၏ လမ်းများအလိုက် ရပ်ကွက်များအလိုက် ခုံခံကာကွယ်ရန် ပြင်ဆင်နေကြပြီဖြစ်ကြောင်းလည်း ရေးသားနေကြပါသည်။ မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်ရှိ သတင်းများအရ KIA နှင့် စစ်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်လာပြီး စစ်ဘေးရှောင်များ တဖြည်းဖြည်းများပြားလာကြောင်းလည်းသိရှိရသည်။ သို့သော် စစ်တပ်နှင့် အပစ်ရပ်ထားသည့် Arakan Army အဓိလှုပ်ရှားရာ မြန်မာပြည်အနောက်ပိုင်းရှိ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားမှုမရှိသောကြောင့် ရန်ကုန်မြို့နှင့် အခြားသောဒေသများမှ ရခိုင်တိုင်းရင်းသားများသည် အဆိုပါဒေသသို့ ထွက်ခွာနေကြကြောင်းလည်း သတင်းဓာတ်ပုံများအရသိရှိရပါသည်။

Comments

Popular Posts