မတ် ၁၇၊ ၂၀၂၁ #day45
အကြမ်းဖက်ဖြိုခွင်းမှုများစွာကို ပြုလုပ်ပြီးနောက် စစ်အစိုးရသည် သတင်းအချက်အလက်ပိတ်ဆို့ခြင်းနှင့် ဖမ်းဆီးခံများအား တရားစွဲဆို ပြစ်ဒဏ်ပေးခြင်းများဘက်သို့ ဦးစားပေးလုပ်ဆောင်လာသည်။ အင်တာနက်မှာ ပေါက်ကြားလာသော ယနေ့ရက်စွဲ စစ်ကောင်စီ၏ ရုံးတွင်းစာတစ်ခုအရ လက်ရှိ ပြည်သူများသို့ wifi အင်တာနက်ဝန်ဆောင်မှုပေးနေသော လုပ်ငန်းများအား အင်တာနက်ပိတ်ပင်ရန် ညွှန်ကြားထားသည်။ စစ်ကောင်စီ၏ အမြဲတမ်းအတွင်းဝန် စိုးသိန်းလက်မှတ်ရေးထိုးထားသော အဆိုပါစာထဲတွင် Wifi အင်တာနက်အား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၇၇ အရ ယနေ့မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်သိမ်းရန်ဖော်ပြထားသည်။ လှိုင်သာယာတွင် လူအများအပြားအသတ်ခံရသော မတ်လ ၁၄ ရက်နေ့မှစ၍ ယနေ့အထိ မိုဘိုင်းအင်တာနက်များအား စစ်ကောင်စီမှ ပိတ်သိမ်းထားခြင်းဖြစ်သည်။ စစ်အစိုးရသည် အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း အင်တာနက်အားလုံးပတ်သိမ်းမှုပြုလုပ်ခဲ့ဘူးသည်။ လက်ရှိအချိန်တွင်လည်း မနက် ၁ နာရီမှ မနက် ၆ နာရီအထိ ပုံမှန်အင်တာနက်ဖြတ်တောက်မှုကို ပြုလုပ်ထားသည်။ ထို့ကြောင့် လက်ရှိ Wifi အား ပိတ်သိမ်းလိုက်ပါက ပြည်သူများအားလုံး သတင်းအမှောင်ကျသွားပြီး လှိုင်သာယာဖြစ်စဥ်ကဲ့သို့ လူအများပြားထပ်မံ ပစ်မှတ်ထား အကြမ်းဖက်ခံရမည်ကို စိုးရိမ်နေကြပါသည်။ ထို့အပြင် အင်တာနက်ပိတ်သိမ်းခြင်းသည် စံတော်ချိန်နေ့စဥ်သတင်းစာ၏ ယနေ့ ထုတ်ဝေမှုရပ်တန့်လိုက်ပြီးနောက် ပြည်တွင်းရှိပုဂ္ဂလိကသတင်းမီဒီယာများအားလုံး ထုတ်ဝေမှုရပ်တန့်သွားပီဖြစ်သောကြောင့် အင်တာနက်အားကိုး၍ အွန်လိုင်းမှတစ်ဆင့် သတင်းထုတ်လွှင့်နေကြသော သတင်းမီဒီယာများအတွက်လည်း အခက်အခဲများစွာရှိလာတော့မည်ဖြစ်သည်။ ယနေ့တွင်လည်း ရန်ကုန်မြို့တွင် စစ်သားများက ရပ်ကွက်လမ်းမပေါ်ရှိ ဆန္ဒပြသူများပြုလုပ်ထားသော အတားအဆီးများကို ရပ်ကွက်နေသူများက ဖယ်ရှားခြင်းမပြလုပ်ပါက မည်သူမဆိုပစ်ခတ်သွားမည်ဖြစ်ကြောင်း လော်စပီကာများဖြင့် ခြိမ်းခြောက်ခဲ့သည်။ ထို့အပြင် ရန်ကုန်မြို့နယ်အချို့တွင် ဖမ်းဆီးခံရသူများသည် ပေါ်တာများကဲ့သို့ဆက်ဆံခံရပြီး လမ်းပေါ်မှ အတားအဆီးများအား အတင်းအကြပ်ဖယ်ခိုင်းနေသည်ကို တွေ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်အား ပုဒ်မ လေးခုဖြင့် တရားစွဲဆိုထားပြီး ယနေ့တွင်လည်း နိုင်ငံပိုင် MRTV မှတစ်ဆင့် စစ်အစိုးရက သူမအား အဂတိကျူးလွန်ကြောင်း ထပ်မံစွပ်စွဲလိုက်သည်။ NLD နှင့် နီးစပ်ကြောင်း သတင်းထွက်ပေါ်ခဲ့သော ဆောက်လုပ်ရေးလုပ်ငန်းရှင် မောင်ဝိတ်က တီဗီတွင် ၎င်းအနေဖြင့် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အမေနာမည်ဖြင့်ဖွဲ့စည်းထားသော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ဒေါ်အောင်ဆန်းစုကြည်မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၅ သိန်းခွဲပေးအပ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။ ယခင်ကလည်း နိုင်ငံပိုင်တီဗီမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်သည် သူမနှင့် နီးစပ်သော ရန်ကုန်တိုင်းဝင်ကြီးချုပ် ဖြိုးမင်းသိန်းထံမ ဒေါ်လာ ၆ သိန်းနှင့် ရွှေ တစ်ပိဿ လက်ခံခဲ့ဘူးကြောင်း ကြေညာခဲ့ဘူးသည်။ သို့သော်ပြည်သူအများမှ စစ်အစိုးရသည် ဖမ်းဆီးထားသူများထဲမှ ဒေါ်အောင်ဆန်းစုကြည်နှင့်နီးစပ်သူများအား အတင်းအကြပ်ဖိအားပေး၍ NLD သည် နိုင်ငံခြားအစိုးရ၏ ထောက်ပံ့မှုများအား ရယူနေသည်ဆိုသည့် ၎င်းတို့၏ စွပ်စွဲမှုများ ခိုင်မာစေရန်နှင့် သူမ၏ ပုံရိပ်ကိုဖျက်ဆီးရန် ပြောဆိုစေခြင်းဖြစ်ကြောင်း ဝေဖန်နေကြပါသည်။
မတ်လ ၃ ရက်နေ့ကတည်းက ဖမ်းဆီးချုပ်နှောင်ထားသော ရန်ကုန်တက္ကသိုလ်အပါအဝင် ကျောင်းအသီးသီးမှ ကျောင်းသား ၃၂၂ အား စစ်အစိုးရက နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း သိရသည်။ Myanmar Now ၏ ဖော်ပြချက်အရ လက်ရှိအချိန်တွင် ဖမ်းဆီးခံရသည့်ကျောင်းသား ၃၈၉ ဦးရှိပြီး ၁၇၆ ဦးမှာ ရန်ကုန်တက္ကသိုလ်မှ ဖြစ်သည်။ ပြီးခဲ့သည့်တစ်ပတ်က အသက် ၁၈ နှစ်မပြည့်သေးသည့် ကျောင်းသား ၅၀ ခန့်အား လွှတ်ပေးခဲ့ကြောင်း သိရသည်။ ကျောင်းသားများအား နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန်ထောင်တွင် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။ စစ်အစိုးရက အာဏာသိမ်းစဥ်ကတည်းက ဖမ်းဆီးထားသော ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းအများအပြားအား ယနေ့လွှတ်ပေးလိုက်သည်။ ၎င်းတို့အား တရားရုံးတင်ခြင်း နှစ်လဝန်းကျင်ခန့် ဖမ်းဆီးထားခြင်းဖြစ်ပြီး အဆိုပါဝန်ထမ်းအများစုမှာ CDM ပြုလုပ်သူများနှင့် စစ်ကောင်စီအား ပြောင်ပြောင်တင်းတင်း ဆန့်ကျင်သူအများစုဖြစ်သည်။ စစ်အစိုးရသည် CRPH မှ ခန့်အပ်ထားသော ယာယီသမ္မတ မန်းဝင်းခိုင်သန်းနှင့် အထူးကိုယ်စားလှယ် ဒေါက်တာဆာဆာတို့အား နိုင်ငံတော်သစ္စာဖောက်များအဖြစ်ကြေညာခဲ့သည်။ ယခင်ကလည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ကျော်မိုးထွန်းကိုလည်း နိုင်ငံတော်သစ္စာဖောက်အဖြစ် စစ်ကောင်စီမှ စွပ်စွဲဘူးသည်။
နိုင်ငံတကာမှ မြန်မာ့ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်နေသည်ဆိုသည့် စွပ်စွဲချက်များကို သက်သေပြရန် အာဏာသိမ်းစစ်ကောင်စီမှ ကြိုးပမ်းလာကို တွေ့ရသည်။ အာဏာသိမ်းစစ်ကောင်စီက အစိုးရမဟုတ်သော အဖွဲ့အစည်းများအား ပြစ်မှတ်ထားလာနေပြီး ယခင်အပတ်က ပုဂ္ဂလိကဘဏ်များအား Oxfam, Open Society Myanmar, International Foundation for Electoral Systems များအပါအဝင် အဖွဲ့အစည်းများ၏ စုငွေများ ငွေကြေးလွဲပြောင်းမှုများကို တင်ပြရန်အကြောင်းကြားထားသည်။ သတင်းမီဒီယာအပါအဝင် စကော်လားရှစ်များ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ငွေကြေးထောက်ပံ့နေသော ဘီလျံနာသူဌေးကြီး George Soros ထည်ထောင်သော Open Society Foundation မှ ဝန်ထမ်းတစ်ဦးအား စစ်ကောင်စီမှ ဖမ်းဆီးထားပြီး အခြားသောဝန်ထမ်း ၁၁ ကိုလည်း ဖမ်းဆီးရန်ဝရမ်းထုတ်ပြန်လိုက်ကြောင်း Nikkei Asia မှ တင်ပြခဲ့သည်။ OSM သည် ဒေါ်လာမီလျီယံနှင့်ချီ၍ ပြည်တွင်းရှိဘဏ်တစ်ခုမှ အစိုးရအားအကြောင်းမကြားဘဲ ငွေကြေးမသမာမှုပြလုပ်ခြင်းဖြစ်ကြောင်း စွပ်စွဲထားခြင်းဖြစ်သည်။
ယနေ့တွင် CRPH မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးအား မတရားအသင်းနှင့် အကြမ်းဖက်အသင်းအဖြစ်မှ ပယ်ဖျက်ကြောင်း ကြေညာလိုက်သည်။ NCA စာချုပ်ရေးထိုးထားသော အဖွဲ့များမှ လွဲ၍ အခြားသော လက်နက်ကိုင်အဖွဲ့များသည် အစိုးရ၏ မတရားအသင်းနှင့် အကြမ်းဖက်အသင်းအဖြစ်သတ်မှတ်ခံရခြင်းဖြစ်ပြီး အဆိုပါအဖွဲ့များနှင့် ဆက်သွယ်သူများသည် တရားစွဲဆိုခံရလေ့ရှိသည်။ CRPH ၏ အဆိုပါလုပ်ရပ်အား ပြည်သူအများအပြားမှ ကြိုဆိုလိုက်ပြီး ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရန်အတွက် အရေးကြီးသော ခြေလှမ်းဖြစ်ကြောင်း ချီးမွန်းနေကြပါသည်။ လွန်ခဲ့သည့်အပတ်က စစ်အစိုးရမှ Arakan Army အား အကြမ်းဖက်အသင်းအဖြစ်မှ ပယ်ဖျက်ခဲ့သေးသည်။



Comments
Post a Comment