မတ် ၁၈၊ ၂၀၂၁ #day46

 


ယနေ့သတင်းများတွင် တပ်ပိုင်းဆိုင်ရာသတင်းများက လွှမ်းမိုးနေပါသည်။ သယံဇာတကြွယ်ဝသော ကချင်ပြည်နယ်တွင် ကချင်လက်နက်ကိုင်အဖွဲ့ဖြစ်သော KIA နှင့် စစ်အစိုးရ၏ တပ်များအကြား တိုက်ပွဲများပြင်းထန်လာသည်။ ယနေ့တွင် KIA မှ စစ်တပ်နှင့် ရဲစခန်းများအား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များ အများအပြားသေဆုံးခဲ့ကြောင်းနှင့် KIA မှ လက်နက်များစွာရရှိခဲ့ကြောင်း ပြည်တွင်းသတင်းမီဒီယာများက ဖော်ပြကြသည်။ ယခင်က တိုက်ပွဲများဖြစ်ပွားရခြင်းမှာ စစ်တပ်ဘက်မှ ထိုးစစ်ပြုလုပ်ခြင်းကြောင့်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ပြောဆိုကြခြင်းဖြစ်သော်လည်း အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ကချင်ဒေသအပါအဝင် ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်အချို့တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက လက်ဦးမှုရယူ၍ တိုက်ခိုက်ခြင်းဖြစ်သည်မှာ ထူးခြားသော ပြောင်းလဲမှုတစ်ခုဖြစ်လာသည်။ စစ်အစိုးရအနေဖြင့် ပြည်တွင်းဆန္ဒပြမှုများအား ဖြိုခွင်းရန်အတွက် ရဲတပ်ဖွဲ့သီးသန့်ဖြင့်လုံလောက်မှုမရှိဘဲ တိုက်ခိုက်ရေးတပ်ရင်းများကိုပါ ဒေသအသီးသီးတွင် တပ်ဖြန့်ထားရခြင်းဖြစ်သည်။ တပ်အင်အားများလုံလောက်ခြင်းမရှိသောကြောင့် အရံတပ်အင်အားများသာမက အမျိုးသမီးစစ်သားများ မီးသတ်တပ်ဖွဲ့ဝင်များ တပ်ထိန်းများကိုလည်းအသုံးပြုနေရကြောင်း ပြည်တွင်းသတင်းအများအပြားက ယခင်ကတင်ပြခဲ့ကြပါသည်။ အဆိုပါအချက်များကြောင့် ဆန္ဒပြသူများအကြားတွင် "တပ်ပျက်နေပြီ" ဆိုသော ကြွေးကြော်သံမှာ ပိုမိုကျယ်လောင်လာပါသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းတွင်လည်း ဗိုလ်ကြီးအဆင့်ရှိသော စစ်သားနှစ်ဦး CDM ပြုလုပ်ကြောင်း သီးခြားစီ ကြေညာခဲ့သည်။ ပထမဗိုလ်ကြီးညီသုတမှာ ဖေဖော်ဝါရီလကတည်းက CDM ပြလုပ်ခြင်းဖြစ်ကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် နောက်ကျမှသာ အသိပေးနိုင်ခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။ ၎င်းသည် ဓာတ်ပုံရိုက်ဝါသနာပါသူဖြစ်သဖြင့် ဓာတ်ပုံလောကမှအချို့က ၎င်းကိုသိသော်လည်း လက်ရှိအချိန်အထိ ၎င်း၏ ရုပ်ပုံအား လက်ရှိအချိန်အထိဖော်ပြခြင်းမရှိသေးပါ။ နောက်တစ်ဦးမှာ ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီးထွန်းမြတ်အောင် (ခ) ရှိန်းလိန်း ဖြစ်ပြီး ၎င်း CDM ပါဝင်ရခြင်းအား မီဒီယာအများအပြားတွင် ပွင့်ပွင့်လင်းလင်းရှင်းလင်းထားသည်။ ၎င်းသည် ချင်းလူမျိုးဖြစ်ပြီး ဘာသာမဲ့ဖြစ်ကြောင်းနှင့် လိင်တူစိတ်ဝင်စားသူဖြစ်ကြောင်းလည်း ဝန်ခံထားပါသည်။ VOA သတင်းတင်ပြမှုအရ ရဲ ၁၅၀ ခန့်နှင့် ချင်းလူမျိုးဖြစ်သည့် စစ်သားနှစ်ဦးသည် အိန္ဒိယနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာကြောင်းသိရသည်။ ၎င်းတို့သည် တောတောင်များကိုဖြတ်၍ ၁၀ ရက်ခန့် တိတ်တစိတ်ဖြတ်ကျော် လာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

CRPH အဖွဲ့ဝင်တစ်ဦးမှ CRPH အနေဖြင့် လူမျိုးပေါင်းစုံပါဝင်သော ဖက်ဒရယ်စစ်တပ်ဖွဲ့စည်းရန် ကြိုးပမ်းနေပြီးဖြစ်ကြောင်း ယနေ့ပြောဆိုလိုက်သည်။ CRPH ၏ အထူးကိုယ်စားလှယ် Dr. Sasa မှလည်း ယခင်က ပြောဆိုခဲ့ဘူးသည်။ ၎င်းတို့အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချို့နှင့် တံခါးပိတ်ဆွေးနွေးမှုများပြုလုပ်နေကြောင်းနှင့် ၎င်းတို့၏ မဟာဗျူဟာများအား ပေါင်းစပ်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့သော် မည်သည့်တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးနေသည် မည်သူတွေပါဝင်မည်ဆိုသည်မှာ မရှင်းလင်းသေးပါ။ ယခင်ကာလများကတည်း တိုင်းရင်းသားလက်နက်ကိုင်များအကြားတွင် စစ်ရေးမဟာမိတ်များဖွဲ့စည်းခဲ့ဘူးပြီး အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) အဖွဲ့မှာ ထင်ရှားပါသည်။ ၁၉၈၈ ခုနှစ်တော်လှန်ရေးကာလအတွင်း လူငယ်ကျောင်းသားအများအပြားသည် တိုင်းရင်းသားလက်နက်ကိုင်များထိန်းချုပ်သော နယ်မြေများသို့ သွားရောက်ပူးပေါင်းခဲ့ပြီး အာဏာရှင်အားလက်နက်ကိုင် ပြန်တိုက်ခဲ့ဖူးသည့် သာဓကရှိခဲ့ဘူးသည်။ ထို့အပြင် CRPH သည် ၎င်းတို့အနေဖြင့် ပြည်တွင်းပြည်ပ ကချင်လူမျိုးအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော ကချင်အမျိုးသားကိုယ်စား နိုင်ငံရေးဆိုင်ရာလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်မည့် Kachin Political Interim Coordination Team (KPICT) နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်အမှတ် ၁၅/၂၀၂၁ ကို ထုတ်ပြန်၍ ကြေညာလိုက်သည်။ CRPH အနေဖြင့် ကရင်နှင့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆွေးနွေးခဲ့ဘူးပြီး ယခုအခါတွင် ကချင်လက်နက်ကိုင် KIA ပါဝင်သည်ဟု ယူဆရသော KPICT နှင့်လည်း တရားဝင်ဆွေးနွေးမှုများ ပြုလုပ်တော့မည်ဖြစ်သည်။

ယမန်နေ့က စစ်ကောင်စီ၏ ညွှန်ကြားချက်ကြောင့် အများပြည်သူသုံး Wifi များအား ယနေ့မှစ၍ တစ်နိုင်ငံလုံး ဖြတ်တောက်လိုက်ကြောင်း သိရသည်။ သို့သော် အိမ်နှင့် ရုံးသုံး ဖိုင်ဘာဆက်သွယ်ရေးအင်တာနက်အား ဖြတ်တောက်ခြင်းမရှိသေးကြောင်း သိရသည်။ CRPH ၏ ယာယီဝန်ကြီး တင်ထွန်းနိုင်က မြန်မာပြည်သူများအနေဖြင့် လျှပ်စစ်အသုံးပြုခများအား ဖေဖော်ဝါရီ ၁ ရက်နေ့မှ စ၍ ပေးဆောင်ရန်မလိုကြောင်း ကြေညာလိုက်သည်။ ယခင်ကလည်း CRPH မှာ ပြည်သူများ လုပ်ငန်းများအနေဖြင့် အခွန်အမျိုးမျိုးအား ပေးဆောင်ရန်မလိုကြောင်း ကြေညာခဲ့ဘူးသည်။ ၎င်းတို့က တရားမဝင် အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသော စစ်ကောင်စီထံသို့ ငွေကြေးများစီးဆင်းမှု ရပ်တန့်စေရန် ကြိုးပမ်းခြင်းလည်းဖြစ်သည်။ Myanmar Now ၏ ဖော်ပြချက်အရ လှိုင်သာယာမြို့နယ်တွင် စက်ရုံပိုင်ရှင် တရုတ်လူမျိုးက စစ်သားများအားခေါ်ယူရာမှ အလုပ်သများ ၇၀ ခန့်အား ပြန်လွှတ်ပေးရန် တောင်းဆိုနေသော သူများနှင့် အချင်းများပြီး အလုပ်သများသမဂ္ဂခေါင်းဆောင်တစ်ဦးဖြစ်သည် အမျိုးသမီးတစ်ဦးအပါအဝင် ၅ ဦးထပ်မံသေဆုံးခဲ့ကြောင်း သိရှိရသည်။ စစ်ကိုင်းတိုင်းကလေးမြို့တွင်လည်း စစ်သားများ၏ အကြမ်းဖက်မှုကြောင်း ဆန္ဒပြသူ ၄ ဦးခန့်သေဆုံးခဲ့ရကြောင်းလည်း သိရှိရသည်။ AAPP ၏ မတ်လ ၁၇ ရက်နေ့ထိ စာရင်းများအရ စစ်အစိုးရကြောင့် သေဆုံးသူ အနည်းဆုံး ၂၁၇ ဦးထိရှိခဲ့ပြီဖြစ်သည်။ ထို့အပြင် နေရာအနှံ့တွင် စစ်သားများက အကြောင်းမရှိ ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးနေကြောင်းနှင့် အိမ်နှင့်စျေးဆိုင်များအတွင်းမှ ငွေကြေးများ အဖိုးတန်ပစ္စည်းများကို လုယူနေကြောင်း သတင်းများစွာ ထွက်ပေါ်နေပါသည်။

Comments

Popular Posts