မတ် ၁၉၊ ၂၀၂၁ #day47


ရှမ်းပြည်နယ် အောင်ပန်းမြို့တွင် တပ်ဖွဲ့ဝင်များ၏ လက်နက်ကိုင်အကြမ်းဖက်ခြင်းကြောင်း ယနေ့ အနည်းဆုံး ၉ ဦးခန့် သေဆုံးကြောင်း DVB TV မှ တင်ပြခဲ့သည်။ မျက်ရည်ယိုဗုံးများ ကြိုတင်သတိပေးမှုများ ပြလုပ်ခြင်းမရှိဘဲ ဆန္ဒပြသူများအား စက်သေနတ်ဖြင့် တရက်စက်ပစ်ခတ်ခြင်းဖြစ်ကြောင်း မျက်မြင်များက ပြောဆိုခဲ့သည်။ ရန်ကုန်မြို့ရှိ အချို့မြို့နယ်များတွင် တပ်ဖွဲ့ဝင်များသည် ရပ်ကွက်နေသူများအား အတင်းအကြပ်ခြိမ်းခြောက်၍ အရံအတားများကို ဖယ်ရှားစေခြင်းများ၊ လူနေရပ်ကွက်များအတွင်းဝင်ရောက်၍ ပစ်ခတ်ခြင်းများ၊ လမ်းပေါ်တွင် ရပ်ထားသော မော်တော်ကားများအား ဖျက်ဆီးခြင်းများ ပြုလုပ်နေကြောင်းလည်း သိရသည်။ သဲအိတ်အားမသယ်ယူနိုင်သော လူတစ်ဦးအား ရဲတပ်ဖွဲ့ဝင်များမှ ရိုက်နှက်ခြင်း လမ်းပေါ်တွင် ထွားသွားစေခြင်းများ ပြုလုပ်နေသော ဗီဒီယိုမှာ ဆိုရှယ်မီဒီယာတွင် ပြန့်နှံ့နေပါသည်။

နေပြည်တော်တွင် သတင်းရယူလျက်ရှိသော BBC Burmese ၏ သတင်းထောက် ကိုသူရနှင့် Mizzima သတင်းထောက် သန်းထိုက်အောင်တို့အား စစ်အစိုးရဖမ်းဆီးခဲ့သည်။ သတင်းထောက် ကိုသူရသည် ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ကပြုလုပ်ခဲ့သော စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းမေးမြန်းခဲ့သော မေးခွန်းများကြောင့် ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ကြပါသည်။ ၎င်းက စစ်သားများ၏ အကြမ်းဖက်ဖြိုခွင်းနေမှုများနှင့် R2P အရေးတို့ကို မေးမြန်းခဲ့သူဖြစ်သည်။ ထို့အပြင် စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူက တစ်နိုင်ငံလုံးတွင် ဆန္ဒပြသူအရေအတွက်မှာ လူဦးရေ၏ ၁၀ ၁၅ ရာခိုင်နှုန်းသာရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည့်အပေါ် ၎င်းက ဘယ်လောက်ရာခိုင်နှုန်း ဆန္ဒပြမှ တပ်မတော်အနေဖြင့် အရေးတယူလုပ်မည်နည်းဟု မေးမြန်းခြင်းကြောင့် စစ်တပ်၏ အမြက်ထွက်ခဲ့ခြင်းဖြစ်နိုင်ပါသည်။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ ရွာအချို့တွင် စစ်သားများက တပ်စွဲထားသဖြင့် ရွာသားများအားလုံး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း Myanmar Now က တင်ပြခဲ့သည်။ မတ်လ ၁၈ ရက်နေ့က တည်တောနှင့် သပြေကုန်းကျေးရွာအနီးတွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့ခဲ့ပြီးနောက် ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။ စစ်သားများက ရွာအတွင်းရှိ ပစ္စည်းများအား လုယက်ကြောင်းနှင့် ဝက်တစ်ကောင်ပေးရန် အတင်းအကြပ်တောင်းဆိုကြောင်း ဒေသခံများက ပြောဆိုခဲ့သည်။

မြန်မာဆိုရှယ်မီဒီယာအသုံးပြုသူများအကြားတွင် ကနေဒါရှိ York တက္ကသိုလ်မှ ဆရာတစ်ဦးနှင့် အဆိုပါကျောင်းတွင် မြန်မာပြည်မှ အွန်လိုင်းမှတစ်ဆင့် တက်ရောက်နေသော ကျောင်းသားတို့၏ အီးမေလ် screenshot များအကြောင်းလည်း အပြောများနေပါသည်။ အာဏာသိမ်းကာလအတွင်း အင်တာနက်အခက်အခဲကြောင့် စာမေးပွဲရွေ့ပေးရန် အဆိုပါကျောင်းသားက တောင်းဆိုခြင်းဖြစ်သော်လည်း ဆရာက ခွင့်မပြုပေးနိုင်ဘဲ အင်တာနက်ပျက်ခြင်း ဆန္ဒပြ၍ လူသေခြင်းများကို ခနဲ့ပြောဆိုခဲ့သည်။ အဆိုပါလုပ်ရပ်ကြောင့် ၎င်း၏ ကျောင်းမှ ၎င်းကို အရေးယူခဲ့ကြောင်းလည်းသိရသည်။ Covid စတင်ချိန်ကတည်းက မြန်မာပြည်မှနေ၍ အွန်လိုင်းဖြင့် နိုင်ငံတကာကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသားရာပေါင်းများစွာရှိနေပြီး, ယခုအခါ အာဏာသိမ်းမှုကြောင်း ၎င်းတို့အနေဖြင့် ပညာဆက်သင်ရန်အတွက် အခက်အခဲများစွာ ကြုံတွေ့နေရပီဖြစ်သည်။

မြန်မာနိုင်ငံအပါအဝင် နိုင်ငံငါးနိုင်ငံအရေးကိစ္စများအတွင် အရေးယူမှုပြလုပ်ရန် အမေရိကန်သမ္မတ Joe Biden မှ အထူးအစည်းအဝေးပြုလုပ်ခဲ့သည်။ ယခုလအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အလှည့်ကျ ဥက္ကဌဖြစ်သော အမေရိကန်အနေဖြင့် အဆိုပါနိုင်ငံများအရေးအား ဆွေးနွေးရန်အဆိုပြုမည်ဖြစ်ကြောင်း သိရသည်။ ယခင်ကလည်း ဗြိတိန်၏ တောင်းဆိုမှုကြောင့် လုံခြုံရေးကောင်စီတွင် မြန်မာ့အရေးအား တံခါးပိတ်ဆွေးနွေးမှု ပြုလုပ်ဘူးသည်။ Quad သို့မဟုတ် The Quadrilateral Security Dialogue (QSD) အဖွဲ့ဝင်နိုင်ငံများနှင့် ပြင်သစ်နိုင်ငံတို့ ဘဂလားပင်လယ်အော်တွင် ဧပြီလ ၄ ရက်မှ ၇ ရက်နေ့အထိ ရေတပ်စစ်ရေးလေ့ကျင့်မှုပြုလုပ်မည့် သတင်းသည်လည်း မြန်မာလူထုအကြား အထူးရေပန်းစားနေပါသည်။ အချို့သူများက အဆိုပါလေ့ကျင့်ခန်းသည် မြန်မာစစ်အစိုးရကို စိုးရိမ်စိတ်များကိုဖြစ်ပေါ်စေကြောင်း၊ မြန်မာပြည်အားတချိန်ချိန်တွင် တိုက်ခိုက်ရန်အတွက် ပြင်ဆင်ခြင်းဖြစ်နိုင်ကြောင်း ပြောဆိုကြသော်လည်း အချို့က ၎င်းလေ့ကျင့်ခန်းသည် အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏ လွှမ်းမိုးမှုကိုတန်ပြန်ရန် လုပ်ဆောင်ခြင်းကိစ္စသာဖြစ်သောကြောင့် မြန်မာပြည်အား သက်ရောက်မည်မဟုတ်ကြောင်း ပြောဆိုကြပါသည်။

အင်ဒိုနီးရှားနိုင်ငံသမ္မတ Joko Widodo က မြန်မာနိုင်ငံအရေးအတွက် အဖြေရှာနိုင်ရန် အရေးပေါ် အာဆီယံအဆင့်မြင့်အစည်းအဝေးတစ်ရပ်ကျင်းပရနှင့် စစ်တပ်၏ အကြမ်းဖက်မှုများရပ်တန့်ရေး ကြိုးပမ်းကြရန်လည်း အာဆီယံနိုင်ငံခေါင်းဆောင်များကို ၎င်းက တောင်းဆိုလိုက်ကြောင်း The Straits Times ကဖော်ပြခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသည် မြန်မာပြည်နှင့် တူညီသောသမိုင်းကြောင်းရှိခဲ့ပြီး စစ်တပ်က နိုင်ငံရေးတွင် လွှမ်းမိုးခဲ့ပြီး လူထုတော်လှန်ရေးမှတစ်ဆင့် ဒီမိုကရေစီနိုင်ငံဖြစ်လာခြင်းဖြစ်သည်။ အင်ဒိုနီးရှား၏ အဆိုပါတောင်းဆိုမှုကို မလေးရှားနိုင်ငံမှလည်း သဘောတူလက်ခံကြောင်း တုံ့ပြန်လိုက်သည်။ မြန်မာပြည်အခြေစိုက် နိုင်ငံတကာကုန်သည်ကြီးများအသင်း ၈ သင်းက ငြိမ်းချမ်းစွာဆန္ဒပြသူများအပေါ် အကြမ်းဖက်ခြင်းအား ကန့်ကွက်ရှုတ်ချကြောင်း စာထုတ်ပြန်လိုက်သည်။ ယခင်ကလည်း အဆိုပါအသင်းများက စစ်အစိုးရလုပ်ဆောင်သော တွေ့ဆုံဆွေးနွေးပွဲများသို့ တက်ရောက်မည်မဟုတ်ကြောင်း စာထုတ်ပြန်ခဲ့ဘူးသည်။ မြန်မာပြည်ဆိုင်ရ အနောက်နိုင်ငံများ၏ သံအမတ်ကြီးများက စစ်ကောင်စီအနေဖြင့် လှိုင်သာယာအပါအဝင် လက်နက်မဲ့ပြည်သူများအား ရက်စက်စွာအကြမ်းဖက်ခြင်းသည်, သူရဲဘောကြောင်သော ခွင့်လွှတ်၍မရသော လုပ်ရပ်ဖြစ်ကြောင်း စုပေါင်းစာထုတ်ပြန်လိုက်သည်။

Comments

Popular Posts