မတ် ၂၀၊ ၂၀၂၁ #day48

 


အာဏာသိမ်းအစိုးရ၏ အကြမ်းဖက်မှုများဆိုးဝါးလာသည့်အလျောက် ၎င်းအပေါ် ပြည်တွင်းနှင့် နိုင်ငံတကာက ဖိအားများ တဖြည်းဖြည်းများပြားလာပါသည်။ အာဏာသိမ်းမှုဖြစ်ပေါ်ပြီး ၂ လနီးပါးကြာလာသည့်တိုင်အောင် မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီအပေါ် မည်သည့်နိုင်ငံကမှ အသိအမှတ်ပြုခြင်းမရှိသေးကြောင်း တွေ့ရှိရသည်။ အမေရိကန်အပါအဝင် အနောက်နိုင်ငံအများအပြားက ပိတ်ဆို့မှုအချို့ကို ပြုလုပ်ပြီးဖြစ်သည်။ ကုန်သည်ကြီးအသင်းများအပါအဝင် အချို့သော နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများက ၎င်းတို့၏ လုပ်ငန်းများဆက်လက်မလုပ်ကိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။ ယနေ့တွင်လည်း ကချင်ပြည်နယ်ရှိ ရွှေလီရေအားလျှပ်စစ်စီမံကိန်းအတွက် ဒေါ်လာ ၁ ဘီလျံကျော် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်ထားသည့် ပြင်သစ်ကုမ္ပဏီ Electricite de France (EDF) က လုပ်ငန်းရပ်ဆိုင်းလိုက်ကြောင်း ကြေညာလိုက်သည်။ ရွှေလီမြစ်ပေါ်တွင် မက်ဂါဝပ် ၆၇၁ ထုတ်ယူနိုင်မည့် အဆိုပါရွှေလီ ၃ ရေအားလျှပ်စစ်စီမံကိန်းအား ကနဦးလေ့လာစမ်းသပ်သည့်အဆင့်တွင်ပင် ရပ်တန့်ပီး ဆက်လက်မလုပ်ကိုင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း Bloomberg မှ ဖော်ပြခဲ့သည်။ ယခင်ကလည်း မြန်မာပြည်တွင် ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှပ်နှံနေသည့် ဂျပန် Kirin က လက်ရှိဘီယာလုပ်ငန်းအား ရပ်ဆိုင်းခဲ့ဘူးသည်။ သို့သော် တစ်လလျင် ဒေါ်လာ သန်း ၉၀ ခန့်အထိ အစိုးရဝင်ငွေရရှိနေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများမှ Total နှင့် Chevron ကဲ့သို့ စွမ်းအင်ကုမ္ပဏီကြီးများစီက တုံ့ပြန်မှုများမရှိသေးပါ။ အဆိုပါကဏ္ဏတွင် ရင်းနှီးမြှုပ်နှံနေသော နိုင်ငံပေါင်း ၁၃ နိုင်ငံမှ ကုမ္ပဏီပေါင်း အနည်းဆုံး ၂၇ ခုရှိကြောင်း Human Rights Watch က ဖော်ပြထားသည်။ အဆိုပါကုမ္ပဏီများထဲမှ အချို့မှာ နိုင်ငံပိုင်များဖြစ်သည်။ CRPH က ရေနံနှင့်သဘာဝဓာတ်ငွေ့များအနေဖြင့် စစ်အစိုးရအား အခွန်ငွေများပေးဆောင်လျက်ရှိကြောင်းနှင့် ချက်ချင်းရပ်တန့်ရန် စာထုတ်ပြန်ခဲ့ဘူးသည်။

CRPH မှ ယာယီခန့်အပ်ထားသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးတင်ထွန်းနိုင်က ယနေ့ပြည်သူများအား ပြောကြားသော မိန့်ခွန်းတွင် စစ်အစိုးရစီသို့ ငွေကြေးများ မစီးဆင်းနိုင်ရေးအတွက် ပြည်သူများက ဆောင်ရွက်ကြရန် ပန်ကြားခဲ့သည်။ စစ်ကောင်စီအနေဖြင့် လုပ်ငန်းများလည်ပတ်ရန်အတွက် ငွေကျပ် ဘီလျီယံ ၂ သောင်းခွဲ (ဒေါ်လာ ၁၅ ဘီလျီယံ) နှစ်စဥ်လိုအပ်ကြောင်းနှင့် ဝင်ငွေရလမ်း ၃ ခုရှိကြောင်း ဖော်ပြခဲ့သည်။ ၎င်းတို့မှာ ပြည်သူတစ်ဦးချင်း ပေးဆောင်သော အခွန်၊ လျှပ်စစ်နှင့် သယ်ယူပို့ဆောင်ရေးမှ ဝင်ငွေ ကုမ္ပဏီများ ပေးဆောင်သောအခွန် အပါအဝင် လျှပ်စစ်နှင့် သယ်ယူပို့ဆောင်ရေးမှ ဝင်ငွေများနှင့် နိုင်ငံတကာမှ ထောက်ပံငွေများဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် ထိုင်း စင်ကာပူ မလေးရှားရှိ ဘဏ်များရှိ မြန်မာနိုင်ငံ၏ နိုင်ငံခြားအရံငွေများအား စစ်အစိုးရက ထုတ်ပြုနိုင်ခြင်း မရှိစေရန် စာရေးသားပေးပို့ပီဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် စစ်အစိုးရက ငွေစက္ကူများ ပိုရိုက်ထုတ်လာနိုင်သဖြင့် နိုင်ငံတကာနှင့်ညှိနှိုင်းပြီး ကြိုတင်ပြင်ဆင်နေကြောင်းလည်း ဖော်ပြခဲ့သည်။

လာမည့် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် တပ်မတော်နေ့အခမ်းအနားအား မတက်ရောက်ရန် ဂျပန်နိုင်ငံက ဆုံးဖြတ်လိုက်ကြောင်းသိရသည်။ ထို့အပြင် NCA လက်မှတ်ရေးထိုးထားသည့် အချို့သော တိုင်းရင်းသားလက်နက်ကိုင်များမှလည်း တက်ရောက်မည်မဟုတ်ကြောင်း ပြည်တွင်း သတင်းဌာနများက ဖော်ပြခဲ့သည်။ ကိုလိုနီခေတ် ၁၉၄၅ ခုနှစ်မှ စ၍ တော်လှန်ရေးနေ့အဖြစ် ကျင်းပခဲ့သော မတ်လ ၂၇ ရက်နေ့အား ယခင်စစ်အစိုးရ ဗိုလ်ချုပ်နေဝင်းလက်ထက်တွင် တပ်မတော်နေ့အဖြစ်ပြောင်းလဲလိုက်ခြင်းဖြစ်သည်။ ဆန္ဒပြသူများအကြားတွင် စစ်တပ်အနေဖြင့် အဆိုပါ မတ်လ ၂၇ ရက်နေ့အမှီ ဆန္ဒပြမှုများ ကွယ်ပျောက်သွားစေရန်အတွက် အပြင်းအထန် ခြေမှုန်းနေခြင်းဖြစ်ကြောင်း ခန့်မှန်းပြောဆိုကြပါသည်။ ဂျပန်ရောက် မြန်မာ ၂၅ ဦးသည် မြန်မာသံရုံးနှင့် ကုလသမဂ္ဂရုံးရှေ့များတွင် အစာငတ်ခံ ဆန္ဒပြနေကြောင်း Myanmar Now က ဖော်ပြခဲ့သည်။ ရန်ကုန်မြို့တွင် စစ်သားများက ရပ်ကွက်များအတွင်း ရပ်ထားသော ကားများကို အကြောင်းမဲ့ ဘူဒိုဇာဖြင့် တိုက်၍ ဖျက်ဆီးနေသော ဓာတ်ပုံများ ဗီဒီယိုများ အင်တာနက်သုံးစွဲသူများအကြား ပြန့်နှံ့နေပါသည်။ ပြင်းထန်သော အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် ရန်ကုန်မြို့တွင် ဆန္ဒပြရာတွင် ပျောက်ကြားနည်းစနစ်များကို အသုံးပြုနေရပြီး ယခင်ကကဲ့သို့ လူအစုအဖွဲ့ဖြင့် ပြရန် ခက်ခဲနေကြောင်း ဆန္ဒပြလူငယ်များက ပြောဆိုနေကြပါသည်။ ထို့အပြင် ရပ်ကွက်အတွင်းရှိ အချို့သော အသက်ကြီးသူများကလည်း ၎င်းတို့ရပ်ကွက်များအတွင်း ဆန္ဒမပြရန် ပြောဆိုမှုများရှိသဖြင့် လူငယ်များအကြား ဝေဖန်ကန့်ကွက်မှုများ ပြုလုပ်နေကြပါသည်။ လူငယ်များက အဆိုပါကန့်ကွက်သော သူများအား generation lee ဖြစ်ကြောင်း လှောင်ပြောင်သရော်ကြသည်ကိုလည်း တွေ့ရသည်။

မြဝတီခရိုင်ရှိ ကျေးရွာတစ်ခုတွင် အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားသော ကျေးရွာဥက္ကဌနှစ်ဦးနှင့် ပြည်သူ့စစ် တစ်ဦးတို့ သေနတ်ဖြင့် ပစ်သတ်အသတ်ခံရကြောင်း ကရင်ပြည်အခြေစိုက် မီဒီယာများမှဖော်ပြခဲ့သည်။ လုပ်ကြံသည့် အဖွဲ့အစည်းအား သိရှိခြင်းမရှိသော်လည်း အဆိုပါနယ်တွင်လှုပ်ရှားနေသော တိုင်းရင်းသားလက်နက်ကိုင် တစ်ဖွဲ့ဖွဲ့ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြပါသည်။ ထို့အပြင် ထိုင်းနိုင်ငံအခြေစိုက် The Reporters ၏ ဖော်ပြချက်အရ ထိုင်းအစိုးရသည် မြန်မာစစ်တပ်စခန်းမှ စစ်သားများအတွက် ဆန်အိတ် ၇၀၀ ခန့်အား နယ်စပ်မှ တစ်ဆင့်ပေးပို့လိုက်ကြောင်း သိရသည်။ ထိုင်းနှင့် မြန်မာနယ်စပ်တွင် အခြေချသော အဆိုပါ မြန်မာစစ်တပ်သည် Karen National Union ၏ တပ်မဟာ ၅ တပ်ဖွဲ့ဝင်များမှ စားနပ်ရိက္ခာလမ်းကြောင်း ပိတ်ဆို့ထားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါသတင်းအောက်တွင် ထိုင်းနိုင်ငံသားများက ၎င်းတို့၏ စစ်တပ်လုပ်ရပ်အား ကန့်ကွက်ကြောင်းနှင့် မြန်မာပြည်သူများနှင့် အတူရှိကြောင်း မှတ်ချက်များရေးသားထားသည်ကိုတွေ့ရသည်။ အိန္ဒိယဗဟို အစိုးရအနေဖြင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများအား အကူအညီပေးရန် တိုက်တွန်းကြောင်း မီဇိုရမ် ဝန်ကြီးချုပ်မှ ယမန်နေ့က စာရေးသားပေးမပို့တောင်းဆိုလိုက်ကြောင်း Chin World မှ ဖော်ပြခဲ့သည်။

Comments

Popular Posts