မတ် ၂၁၊ ၂၀၂၁ #day49

 


အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင် International Commission of Jurists - ICJ က မြန်မာစစ်ခေါင်းဆောင်များအား လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်များအတွက် နိုင်ငံတကာအနေဖြင့် ဝင်ရောက်စစ်ဆေးဖို့လိုအပ်ကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။ အဆိုပါ ပစ်မှုသည် လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးရေးသုတ်သင်ရှင်းလင်းမှုများနှင့်အတူ နိုင်ငံတကာဥပဒေအရ အပြင်းထန်ဆုံးသော ရာဇဝတ်မှုများဖြစ်ပြီး Responsibility to Protect (R2P) လိုအပ်ကြောင်း သတ်မှတ်ထားခြင်းဖြစ်သည်။ နိုင်ငံတကာရာဇဝတ်မှုခုံရုံး International Criminal Court (ICC) အား ပေါ်ပေါက်လာစေသော ရောမစာချုပ် Rome Statute ၏ ပုဒ်မ ၇ အရ ပြည်သူလူထုအပေါ် ကျယ်ပြန့်ပြီး စနစ်တကျတိုက်ခိုက်မှုပြုလုပ်လျင် Crime against Humanity သတ်မှတ်နိုင်ပြီး အဆိုပါ ရာဇဝတ်မှုအောက် တွင် လူအများအပြားသတ်ဖြတ်မှု၊ မုဒိမ်းမှု၊ အပြင်းအထန်နာကျင်စေမှု၊ လူပျောက်စေရန် လုပ်ဆောင်မှုကဲ့သို့ ပြစ်မှုပေါင်း ၁၁ ခုပါရှိပါသည်။ မြန်မာပြည်သည် အဆိုပါ ရောမသဘောတူစာချုပ်အား လက်မှတ်မရေးထိုးထားသဖြင့် ICC အနေဖြင့် အရေးယူရန် ခက်ခဲသော်လည်း CRPH အနေဖြင့် နိုင်ငံတကာက အသိအမှတ်ပြုသော အစိုးရတစ်ရပ်အနေဖြင့် ရပ်တည်ပြီးပါက စာချုပ်အား လက်မှတ်ရေးထိုးနိုင်ချေရှိကြောင်းလည်း သိရှိရသည်။

ယနေ့အထိ အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုနှင့် ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် အနည်းဆုံး လူပေါင်း ၂၄၉ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း DVB သတင်းဌာနက ဖော်ပြခဲ့သည်။ အချက်အလက်များရရှိရန် ခက်ခဲသဖြင့် အမှန်တကယ် သေဆုံးသူ ယခုထက်များပြားနိုင်ကြောင်းလည်း မီဒီယာများက ခန့်မှန်းကြပါသည်။ Myanmar Now ၏ အချက်အလက်များအရ ပြီးခဲ့သည် တစ်ပတ်အတွင်းတွင်ပင် သေဆုံးသူမှာ ၁၈၀ ခန့်ရှိပြီး ၁၁၅ ဦးခန့်မှာ ရန်ကုန်မှဖြစ်သည်။ အခြားမြို့ပေါင်း ၂၀ မှ သေဆုံးသူ ၆၀ ခန့်ရှိကြောင်းလည်း သိရှိရသည်။ သေဆုံးသူများတွင် အသက် ၁၈ နှစ်မပြည့်သေးသူ ၁၅ ဦးခန့်ရှိပါရှိပြီး အငယ်ဆုံးမှာ အသက် ၁၄ နှစ်သာရှိသော မောင်ဇင်ကိုကိုဖြစ်ကြောင်းလည်းသိရှိရသည်။ မိသားစုဝင်များက စစ်သားများထံမှ အလောင်းပြန်မရခြင်းမျိုးလည်းရှိခဲ့သည်။ ထို့အပြင် စစ်သားများ၏ အကြမ်းဖက်နှိပ်စက်မှုကြောင့် ဖမ်းဆီးခံရစဥ်အတွင်း သေဆုံးသူ ၆ ဦးခန့်ရှိပြီဖြစ်ကြောင်းလည်း သိရှိရပါသည်။ စစ်တပ်က ဝင်ရောက်တပ်စွဲထားသော ပြည်သူ့ဆေးရုံပေါင်း မြန်မာပြည်အနှံ့တွင် ၃၆ ရုံခန့်ရှိကြောင်း၊ မြန်မာပြည်၏ ကျန်းမာရေးစနစ်သည်လည်း အလုံးစုံပျက်ဆီးသွားပီဖြစ်ကြောင်း RFA သတင်းဌာနက ဖော်ပြထားသည်။ Save the Children, UNESCO နှင့် UNICEF တို့၏ ပူပေါင်းထုတ်ပြန်ချက်အရ စစ်တပ်သည် ပြည်နယ်နှင့်တိုင်း ၁၃ ခုရှိ ကျောင်းပေါင်း ၆၀ ကျော်တွင် တပ်စွဲထားကြောင်းလည်း သိရသည်။ ကျမ်းမာရေးဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများသည် အာဏာဖီဆန်မှုလုပ်ရှားမှုအား စတင်ဦးဆောင်ကြသူများဖြစ်သည်။

ဆန္ဒပြသူများအကြားတွင် လာမည့် မတ်လ ၂၄ ရက်နေ့တွင် အသံတိတ်သပိတ်ပြုလုပ်ကြရန် ဆော်သြနေကြပါသည်။ အဆိုပါလှုပ်ရှားမှုအရ လူများအားလုံးအပြင်မထွက်ကြရန်၊ ကားမမောင်းကြရန်၊ လုပ်ငန်းများရပ်တန့်ထားကြရန်ဖြစ်သည်။ အဆိုပါသပိတ်၏ ရည်ရွယ်ချက်မှာ စစ်ကောင်စီက မြို့များ ပုံမှန်ကဲ့သို့ ဖြစ်နေပီဖြစ်ကြောင်း သက်သေပြရန်ကြိုးပမ်းနေခြင်းကို တန်ပြန်ဆန့်ကျင်ရန်ဖြစ်သည့်အပြင် ဆန္ဒပြသူများအားလုံး ပြန်လည်အနားယူနိုင်ရန်ဖြစ်ကြောင်းလည်း ပြောဆိုရေးသားနေကြပါသည်။ ယနေ့တွင် မန္တလေးမြို့၏ နာမည်ကြီး စျေးချိုစျေးကြီးအား စစ်သားများက ပြန်ဖွင့်ရန် အတင်းအကြပ်ဖိအားပေးသော်လည်း ဆိုင်ပိုင်ရှင်များက မဖွင့်ဘဲ စျေးမှာလည်း လူသူကင်းမဲ့နေကြောင်း နိုင်ငံသားသတင်းထောက်များ၏ ဖော်ပြချက်များအရ သိရှိရပါသည်။ မန္တလေးမြို့တွင်ပင် ယမန်နေ့က ပြည်သူ့ဆေးရုံမှာ ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း စစ်သားများက ဆေးရုံရှေ့တွင် စာကပ်ထားသည်ကိုလည်း တွေ့ရပါသည်။ တစ်ဖက်တွင် CRPH မှလည်း ဝန်ထမ်းများအား CDM ပြုလုပ်ရန် ဆက်လက်ဖိအားပေးလိုက်ပြီး လာမည့်မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ပါဝင်ကြရန် တိုက်တွန်းလိုက်သည်။ အဆိုပါရက်ကျော်သွားပါက ၎င်းတို့အနေဖြင့် အရေးယူမှုများ ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထို့အပြင် CDM ပြုလုပ်သော ဝန်ထမ်းများအား ၎င်းတို့အနေဖြင့် ဆုတံဆိပ်များပေးအပ်သွားမည်ဖြစ်ပြီး အစိုးရယန္တရားသစ်အား ၎င်းတို့ဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထိုင်းစစ်တပ်အနေဖြင့် မြန်မာစစ်တပ်သို့ ရိက္ခာများပေးပို့မှုမရှိကြောင်း ငြင်းဆိုလိုက်သည်။။ Bangkok Post ၏ ဖော်ပြချက်အရ ထိုင်းဘက်တွင်တာဝန်ကျသော နရမ်စွမ်းတပ်ဖွဲ့ ၏ တပ်ရင်းမှူးက မြန်မာစစ်တပ်ဘက်မှ ၎င်းတို့အား အကူအညီတောင်းဆိုမှုမရှိကြောင်းနှင့် အဆိုပါ ဆံအိတ် ၇၀၀ သည် ပုံမှန် ကုန်စည်ကူးသန်းရောင်းဝယ်မှုသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့သော် အဆိုပါဒေသတွင်နေထိုင်သူများက အဆိုပါရိက္ခာများဖြတ်သန်းရာလမ်းကြောင်းသည် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်း မဟုတ်ကြောင်း ရိုက်တာ သတင်းဌာနကိုပြောဆိုခဲ့သည်။ ထို့အပြင် အဆိုပါဒေသကို ထိန်းချုပ်ထားသော KNU တပ်မဟာ ၅ မှလည်းအဆိုပါရိက္ခာများနှင့် ပတ်သက်၍ စာထုတ်ပြန်လိုက်သည်။ ၎င်းတို့က မြန်မာစစ်တပ်သည် ကရင်လူမျိုးတို့၏ ဘိုးဘွားပိုင်နယ်မြေကို ကျူးကျော်ဝင်ရောက်သောတပ်များဖြစ်သည်သာမက အစဥ်အဆက် လက်နက်မဲ့ပြည်သူများကို အစဥ်အဆက်အကြမ်းဖက်ဖိနှိပ်နေသဖြင့် အဆိုပါစစ်တပ်ကိုလည်းကောင်း စစ်တပ်ကိုကူညီထောက်ပံ့နေသူများကိုလည်းကောင်း အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီသည် ဆင်းရဲသားများ ဒဏ်ရာရနေသူများအား ကူညီထောက်ပံ့နေသော လူမှုကယ်ဆယ်ရေးအဖွဲ့များကိုလည်း ပြစ်မှတ်ထားနေကြောင်း သိရသည်။ အဆိုပါအဖွဲ့များ၏ ရုံးခန်းများအား ဝင်ရောက်စီးနင်းခြင်း လုပ်ကိုင်သူအဖွဲ့ဝင်များအား ဖမ်းဆီးခြင်းများကို ဆက်တိုက်လုပ်ဆောင်နေကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြကြသည်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၏ ဝန်ကြီးချုပ် Zoramthanga နှင့် CRPH ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ယနေ့အွန်လိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး အဆိုပါဝန်ကြီးချုပ်မှ သူမအား လေးစားရပါသော နိုင်ငံခြားရေးဝန်ကြီးဟု ၎င်း၏ လူမှုကွန်ယက်တွင် ဖော်ပြခဲ့မှုသည်
မြန်မာပြည်သူများ၏ အထူးစိတ်ဝင်စားမှုကို ရရှိခဲ့သည်။ ထို့အပြင် လူမှုကွန်ယက်အသုံးပြုသူများအကြားတွင် စစ်တပ်အနေဖြင့် ရွေတိဂုံဘုရားအပါအဝင် ဘုရားများမှ ရွှေများကို ယူဆောင်နေသည်ဆိုသည့် ကောလဟာလများလည်း ပြန့်နှံ့နေပါသည်။

Comments

Popular Posts