မတ် ၂၂၊ ၂၀၂၁ #day50
စစ်အုပ်စုသည် သတင်းထောက်, နိုင်ငံခြားသားမကျန် ဖမ်းဆီးမှုများကို ဆက်တိုက်ပြုလုပ်နေပါသည်။ ပြီးခဲ့သည့် သောကြာနေ့က သြစတေးလျ ကနေဒါ နိုင်ငံသားနှစ်ဦး Matthew O'Kane and Christa Avery သည် ကယ်ဆယ်ရေးလေယာဥ်ဖြင့် မြန်မာပြည်မှ ထွက်ခွာရန်ကြိုးပမ်းစဥ် ရန်ကုန်လေဆိပ်တွင် စစ်အုပ်စု၏ ဖမ်းဆီးမှုကို ခံလိုက်ရကြောင်း SBS သတင်းဌာနကယနေ့ဖော်ပြခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ရန်ကုန်မြို့တွင် စီးပွားရေးအကြံပေးလုပ်ငန်းလုပ်ကိုင်နေပြီး ယခုတွင် နေအိမ်အကျယ်ချုပ်ကျခံနေရသည်ဟု ယုံကြည်ရကြောင်းလည်းသိရှိရသည်။ ၎င်းတို့အား ဖမ်းဆီးရသည့်အကြောင်းအရာအား မသိရှိရသေးသော်လည်း Ms Avery နှင့်နီးစပ်သူတစ်ဦး၏ ABC သတင်းသို့ ပြောဆိုချက်အရ ၎င်းတို့သည် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များတွင် လုပ်ကိုင်ဘူးခြင်းကြောင့် ဖမ်းဆီးခံရခြင်းဖြစ်နိုင်ပြီး စစ်အုပ်စုအနေဖြင့် နိုင်ငံတကာရံပုံငွေများ မည်သို့စီးဆင်းနေသည်ကို သိရှိရန်စုံစမ်းဖော်ထုတ်ခြင်းဖြစ်နိုင်ကြောင်းသိရသည်။ ယခင်ကလည်း စစ်တပ်ပိုင်သတင်းဌာနက Sean Turnell သည် နိုင်ငံတော်၏ လျှို့ဝှက် ငွေကြေးဆိုင်ရာစာရွက်စာတမ်းများကိုယူပြီး နိုင်ငံပြင်ပသို့ ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြောင်း စွပ်စွဲခဲ့ဘူးသည်။ သြစတေးလျအစိုးရ အနေဖြင့် မည်ကဲ့သို့ တုန့်ပြန်မည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးသော်လည်း ၎င်းတို့အနေဖြင့် မြန်မာစစ်တပ်နှင့် ပြုလုပ်ခဲ့ဘူးသော လုံခြုံရေးဆိုင်ရာ အစီအစဥ်များအား ရပ်ဆိုင်းလိုက်ကြောင်းနှင့် ဖွံ့ဖြိုးရေးအကူအညီများအား စစ်တပ်ဆီသို့မရောက်စေရန် စီစဥ်ထားကြောင်း ဖေဖော်ဝါရီလက ကြေညာခဲ့သည်။
သောကြာနေ့တွင်ပင် နေပြည်တော်တွင် အဖမ်းခံခဲ့ရသော BBC သတင်းထောက် အောင်သူရသည် သုံးရက်ကြာပြီးနောက် ယနေ့တွင် ပြန်လည်လွှတ်မြောက်လာခဲ့သည်။ ၎င်းသည် ဖမ်းဆီးခံရစဥ်တွင် သုံးရက်လုံးလုံး နေ့ညမနား စစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ရခြင်းကြောင်းနှင့်
ခန္ဓာကိုယ်တွင် ဒဏ်ရာများမရှိသော်လည်း စိတ်ပိုင်းဆိုင်ရာအပြင်းအထန်ထိခိုက်ခဲ့ကြောင်း သူ၏ ဇနီးသည်က Myanmar Now သို့ပြောဆိုခဲ့သည်။ ဖမ်းဆီးခံရစဥ်အတွင်း ၎င်းအနေဖြင့် CRPH၊ CDM တို့နှင့် ပတ်သက်ခြင်း ရှိမရှိ အဓိက စစ်ဆေးမေးမြန်းကြောင်းနှင့် ၎င်း၏ ဆိုရှယ်မီဒီယာများ၊ အီးမေလ်းများ၊ အရေးကြီး စာရွက်စာတမ်းများအား စစ်ဆေးသိမ်းဆည်းလိုက်ကြောင်းလည်း သိရသည်။ ၎င်းနှင့်အတူဖမ်းဆီးခံရသော Mizzima သတင်းထောက်ဟောင်း သန်းထိုက်အောင်မှာ လွတ်မြောက်လာခြင်းမရှိသေးပါ။ Detained Journalists Information Myanmar ၏ ဖော်ပြချက်အရ မတ်လ ၂၁ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသည့် သတင်းထောက် ၄၃ ယောက်ရှိပြီး DVB၊ Myanmar Now၊ AP များမှ သတင်းထောက်များအပါအဝင် သတင်းထောက် ၁၀ ဦးမှာ နိုင်ငံတော်တည်ငြိမ်မှု ပျက်ပြားစေမှု ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသည်။ ယမန်နေ့ညနှင့် ယနေ့ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် မန္တလေးမြို့တွင် လူအနည်းဆုံး ၇ ဦးခန့်သေဆုံးခဲ့ကြောင်း သိရှိရသည်။ သေဆုံးသူများထဲတွင် အသက် ၁၅ နှစ်သာရှိသေးသည့် ယောကျားလေးတစ်ဦးလည်း ပါရှိကြောင်း နိုင်ငံသားသတင်းထောက်များက တင်ပြခဲ့သည်။ ၎င်းသည် ဆန္ဒပြမှုတွင် မပါဝင်ဘဲ ၎င်း၏နေအိမ် ပြတင်းပေါက်နားတွင် ထိုင်နေစဥ် ကျည်အစစ်ထိမှန်ခြင်းဖြစ်ကြောင်း ၎င်း၏အမက ရိုက်တာသတင်းဌာနအားပြောဆိုခဲ့သည်။ မြန်မာပြည်အရပ်ရပ်တွင် သေဆုံးသူ ၁၀ ဦးခန့်အနည်းဆုံးရှိနိုင်ကြောင်းလည်း သိရှိရသည်။
စစ်အုပ်စုက CPRH အား မတရားအသင်းအဖြစ် ယနေ့ကြေညာလိုက်သည်။ လူမှုကွန်ယက်အသုံးပြုသူများက အကြမ်းဖက်အဖွဲ့က ရွေးကောက်တင်မြှောက်သူများဖြင့်ဖွဲ့စည်းထားသောအဖွဲ့အား မတရားအသင်းကြေညာခြင်းကို လှောင်ပြောင်သရော်နေကြပါသည်။ CPRH နှင့် ပတ်သက်ဆက်သွယ်သူမည်သူကိုမဆို စစ်အုပ်စုက အရေးယူမည်ဟု ခြိမ်းခြောက်ခြင်းဖြစ်ကြောင်းလည်း မှတ်ယူနိုင်ပါသည်။ ရန်ကုန်တွင်နေထိုင်သူအချို့သည် နယ်များသို့ထွက်ခွာနေကြပြီး ရန်ကုန်-မန္တလေးအဝေးပြေးလမ်းမများတွင် စစ်သားများက စစ်ဆေးရေးဂိတ်များဖွင့်ပြီး ခရီးသွားသူများ၏ နိုင်ငံသားမှတ်ပုံတင်နှင့် ၎င်းတို့လက်ထဲရှိ နာမည်စာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးမှုများကို ပြုလုပ်နေကြောင်း Voice of Myanmar က တင်ပြခဲ့သည်။ ရန်ကုန်မြို့နေသူများလည်း အုပ်ချုပ်ရေးရုံးများတွင် ဧည့်စာရင်းတိုင်ကြားမှုများကို ပြန်လည်ပြုလုပ်နေကြကြောင်း Irrawaddy သတင်းက ဖော်ပြခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့တွင် ရဲစခန်းအတွင်း ရဲရိပ်သာဆောင်တစ်ခုအား ချိန်ကိုက်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Myanmar Now က တင်ပြခဲ့သည်။ ထိခိုက်သေဆုံးမှုကို သိရှိရခြင်းမရှိသေးသော်လည်း ဖောက်ခွဲသူများအား ရဲတပ်ဖွဲ့မှ ဖမ်းမိထားကြောင်း သိရသည်။
KIA သည် မတ်လကုန်တွင် ရွာများကိုမီးရှို့မှုများအပါအဝင် အကြမ်းဖက်မှုများကို ကျူးလွန်တော့မည်ဖြစ်ကြောင်း စစ်တပ်က ဒေသခံများကို သတိပေးသည်ဆိုသည့် စာများ လူမှုကွန်ယက်တွင် ပြန့်နှံ့နေပါသည်။ အချို့သူများက စစ်သားများအနေဖြင့် အဆိုပါအကြမ်းဖက်မှုများကို မကြာမှီပြုလုပ်တော့မည်ဖြစ်ပြီး KIA တပ်ဖွဲ့ကို ပုံချအပြစ်တင်တော့မည်ဖြစ်ကြောင်း ဝေဖန်နေကြပါသည်။ မတ်လ ၁၆ ရက်နေ့တွင် KIA တပ်မဟာ ၉ က ဘာသာရေးအဖွဲ့အစည်းများအား ၎င်းတို့၏ ခြံဝန်းများတွင် စစ်သားများအား အနားယူခွင့်မပြုရန်၊ မော်တော်ယာဥ်များအနေဖြင့် စစ်တပ်၏ ရိက္ခာများသယ်ဆောင်ပေးခြင်းတို့ မပြုလုပ်ရန် သတိပေးထားခဲ့ဘူးသည်။ စစ်တွေမြို့တွင် ရခိုင်လူငယ်တစ်ချို့မှ စစ်ဆန့်ကျင်ရေး ဆန္ဒပြမှုကို ပြလုပ်ခဲ့သည်။ ယမန်နေ့ကလည်း ရခိုင်အရပ်ဖက်အဖွဲ့အစည်း ၇၆ ခုက စုပေါင်းပြီး အာဏာသိမ်းပြီး ပြည်သူများအား သတ်ဖြတ်ခြင်းကို ဆန့်ကျင်ကြောင်း စုပေါင်းစာထုတ်ပြန်ခဲ့သည်။ အာဏာသိမ်းမှုကို စွန့်လွှတ်၍ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အသိအမှတ်ပြရန်လည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။ အဆိုပါထုတ်ပြန်ချက်အပြီး နောက်တစ်နေ့တွင် စစ်ကောင်စီပေးသော ရာထူးများအား လက်ခံထားသည် ရခိုင်အမျိုးသားပါတီက ဒီမိုကရေစီအရေးအတွက် ဆန္ဒထုတ်ဖော်နေသူများအား အကြမ်းဖက်ခြင်း မပြုရန်အပါဝင် အချက် (၃) ချက်ပါသော စာကိုထုတ်ပြန်လိုက်သည်။ သို့သော် ဆန္ဒပြနေသူများက ANP ပါတီသည် ဒီမိုကရေစီအရေး ဖက်ဒရယ်အရေး တန်းတူရေးအတွက် ရပ်တည်သည်ဟုဆိုသော်လည်း လက်တွေ့တွင် အာဏာသိမ်းစစ်အုပ်စုနှင့် ပူးပေါင်းခြင်းမှာ လက်ခံနိုင်စရာမရှိကြောင်း ဝေဖန်နေကြပါသည်။
Comments
Post a Comment