မတ် ၂၃၊ ၂၀၂၁ #day51
ယမန်နေ့က အသက် ၁၅ နှစ်သာရှိသေးတဲ့ ကလေးငယ်တစ်ဦး၊ ယနေ့တွင်တော့ အသက် ၇ နှစ်သာရှိသေးသည့် ခင်မျိုးချစ်ဆိုသည့် မိန်းကလေးငယ်တစ်ဦး သေနတ်ကျည်ထိမှန်၍ မန္တလေးမြို့တွင် ထပ်မံသေဆုံးခဲ့ပြန်သည်။ ၎င်းတို့နှစ်ဦးလုံးမှာ အိမ်တွင်းနေနေစဥ်တွင် စစ်သားများပစ်ခတ်သော ကျည်ထိမှန်၍ သေဆုံးခြင်းဖြစ်ကြောင်း ၎င်းတို့၏ မိသားစုဝင်များက မီဒီယာများအား ပြောကြားခဲ့သည်။ အဆိုပါကလေးငယ်သည် ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ စစ်အုပ်စုကြောင့် သေဆုံးခဲ့ရသူ ၂၆၁ အနက် အသက်အငယ်ဆုံးဖြစ်ပါသည်။ စစ်သားများသည် ဆန္ဒပြမှုများကို ဖြိုခွဲခြင်းသာမက ယခုအခါတွင် လူနေရပ်ကွက်များအတွင်းသို့ ဝင်ရောက်၍ အရပ်သားများအား ကားဖြင့်လိုက်တိုက်ခြင်း ရိုက်နက်ခြင်း ပစ်ခတ်ခြင်းတို့ကို အကြောင်းမဲ့သက်သက်လုပ်ဆောင်လာခြင်းကြောင့် ဆန္ဒပြမှုတွင်ပါဝင်ခြင်းမရှိသော ကလေးငယ်များပါ သေဆုံးလာရခြင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးမြို့တစ်မြို့ထဲတွင်ပင် ယနေ့သေဆုံးသူ ၆ ဦးအနည်းဆုံးရှိခဲ့ပြီဖြစ်သည်။ သေဆုံးသူအလွန်များပြားလာသော မြို့ကြီးများတွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများအစား လူမဲ့ဆန္ဒပြမှုများကို ပိုမိုပြုလုပ်လာနေကြသည်ကိုတွေ့ရသည်။ ဆန္ဒပြသူများအနေဖြင့် ၎င်းတို့ပြောဆိုလိုသော အကြောင်းအရာများအား လမ်းမများ အထင်ကရနေရာများတွင် စနစ်တကျ ချထားပြီး ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်။ အချို့သော မြို့ကြီးများတွင် လူငယ်များ ကျောင်းသားများသည် မနက်စောစော ၅ နာရီဝန်းကျင်ခဲ့တွင် လမ်းပေါ်ထွက် ချီတက်ဆန္ဒပြမှုများ ပြုလုပ်ကြသည်။ အချို့လူငယ်များသည်လည်း ရပ်ကွက်များအတွင်း တစ်လမ်းဝင်တစ်လမ်းထွက်၍ ဆန္ဒပြကြွေးကြော်မှုများကို ပြုလုပ်လာကြသည်။ မနက်ဖြန် မတ်လ ၂၄ ရက်နေ့အား အသံတိတ်သပိတ် Silent Strike အဖြစ်သတ်မှတ်ထားကြပြီး အပြင်မထွက်ရန် ဆော်သြနေကြပါသည်။ ရန်ကုန်မြို့ရှိနာမည်ကြီး စူပါမားကတ်တစ်ခုဖြစ်သော City Mart မှလည်း ၎င်း၏ ဆိုင်ခွဲအားလုံးမနက်ဖြန် ပိတ်ထားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
ရှမ်းနှင့် ကရင်နီ (ကယား) ပြည်နယ်နယ်နိမိတ်အနီး ဖယ်ခုံမြို့တွင်တည်ရှိသော ဝါရီတောင်ခြေရွာတွင် စစ်သားများက နေအိမ်များ ဆိုင်များကို ဖျက်ဆီးခြင်း မီးရှို့ခြင်း၊ ရွာသားများ၏ ကြက်များ ဝက်များကို လုယူခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း Karenni Information Center က ဖော်ပြခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က အဆိုပါရွာအနီးတွင် တပ်ရင်း ၄၂၂ မှ အရာရှိ ၂ ဦးအပါအဝင် စစ်သား လေးဦး အသတ်ခံရပြီး ၎င်းတို့စီးနင်းသော ကား မီးရှို့ခံထားရခြင်းဖြစ်သည်။ အဆိုပါဖြစ်ရပ်အပြီး စစ်ကား ၁၀ စီးခန့်ဖြင့် စစ်သားများရောက်ရှိလာပြီး ရွာသား ၅၀ ခန့်အား ဖမ်းဆီးလိုက်ကြောင်းနှင့် ၎င်းတို့၏ တည်နေရာအား ယခုချိန်အထိသိရှိရခြင်းမရှိပါ။ စစ်တပ်အနေဖြင့် ယခင်ကလည်း တိုင်းရင်းသားဒေသများတွင် စစ်ပွဲရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ ရွာများမှ အစားအသောက်များ ခြိမ်းခြောက်ရယူခြင်း အတင်းအကြပ်ခိုင်းစေခြင်း မီးရှို့မှုများ လုပ်လေ့ရှိကြောင်း ဒေသခံတိုင်းရင်းသားများက ပြောဆိုလေ့ရှိပါသည်။ ကရင်ပြည်နယ်တွင်လည်း စစ်ပွဲများ ပြင်းထန်လာပြီး စစ်တပ်ဘက်က ထိုးစစ်များပြုလုပ်လာသဖြင့် ဒေသခံပြည်သူ ၈၀၀၀ ခန့် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရပြီဖြစ်ကြောင်း AP သတင်းဌာနက တင်ပြခဲ့သည်။ ယမန်နေ့က မြန်မာပြည်အတွင်းက ထွက်ပြေးတိမ်းရှောင်ရေသာ ရိုဟင်ဂျာများနေထိုင်လျက်ရှိသော ဘဂ်လားဒေ့ရှ် ကော့ဘဇားရှိ ဒုက္ခသည်စခန်းကြီးတစ်ခု မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ပြီး လူ အနည်းဆုံး ၁၅ ဦးခန့် သေဆုံးခဲ့ပြီး လူ ၄၀၀ ခန့်ပျောက်ဆုံးနေကြောင်း Reuters သတင်းက ဖော်ပြခဲ့သည်။ UNHCR အဆိုအရ လူ ၅၀၀ ကျော် ဒဏ်ရာရရှိပြီး လူ ၄၅၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်နေရကြောင်း သိရှိရသည်။ မြန်မာပြည်အတွင်းရှိ ဆန္ဒပြသူလူငယ်အချို့ကလည်း ၎င်းတို့၏ လူမှုကွန်ယက်များတွင် အဆိုပါဖြစ်ရပ်အတွက် စိတ်မကောင်းကြောင်း မြန်မာပြည်ပြန်လာနိုင်ပါစေကြောင်း ရေးသားကြသည်ကို တွေ့ရသည်။ ထိုကဲ့သို့ ရိုဟင်ဂျာနာမည်တပ်၍ ရေးသားမှု ဆုတောင်းပေးမှုများသည် ယခင်က မြန်မာလူမှုကွန်ယက်အသုံးပြုသူများအကြားတွင် အလွန်ရှားပြားသော လုပ်ရပ်ဖြစ်ပါသည်။
စစ်အုပ်စုသည် တတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲအား ထပ်မံပြုလုပ်ခဲ့သည်။ သို့သော် သိသိသာသာပင် လွတ်လပ်သော ပုဂ္ဂလိက မီဒီယာအများအပြား တက်ရောက်သတင်းယူခြင်း မရှိသည်ကို တွေ့ရသည်။ အဆိုပါပွဲတွင် ဒေါ်အောင်ဆန်းစုကြည် လာဘ်ပေးလာဘ်ယူ ပြုလုပ်ကြောင်း သက်သေပြသည့်အနေဖြင့် စစ်ကောင်စီက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြိုးမင်းသိန်း၏ ဝန်ခံချက်ဟူသော ဗီဒီယိုကေ ဖွင့်ပြခဲ့သည်။ သို့သော် အဆိုပါ ဗီဒီယိုသည် နည်းပညာဖြင့် လုပ်ကြံဖန်တီးထားသည်မှာ အလွန်ပေါ်လွင်နေကြောင်း လူမှုကွန်ယက်များတွင် ဝေဖန်နေကြပါသည်။ ဖြိုးမင်းသိန်း၏ မူလလေသံမဟုတ်ကြောင်း ၎င်း၏ ပါးစပ်လှုပ်ရှားမှုနှင့် အသံများကိုက်ညီမှုမရှိကြောင်း ခန္ဓာကိုယ်အနေအထားမှာ ပုံမှန်လှုပ်ရှားမှုများ မဟုတ်ကြောင်း ထောက်ပြကြပါသည်။ ထို့အပြင် လူငယ်တစ်ဦးက Artificial Intelligence နည်းပညာတစ်ခုဖြင့် အဆိုပါဗီဒီယိုအား စစ်ဆေးရာ ၇၅% အတုဖြစ်ကြောင်း ဖော်ပြနေသည်။ ယခင်က စီးပွားရေးသမား မောင်ဝိတ်၊ ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ခံတစ်ဦးတို့အား ယခုကဲ့သို့ ဝန်ခံချက်ဗီဒီယိုများကို စစ်ကောင်စီက သတင်းစာရှင်းလင်းပွဲများတွင် ဖွင့်ပြခဲ့ဘူးသည်။ စစ်ကောင်စီက ဆူပူသောင်းကျန်းသူများသည် မြို့နယ် ၃၀ ခုအတွင်း အစိုးရအဆောက်အအုံ ၆ လုံး ရဲစခန်း ၃၀ ရဲကင်း ၁၂ လူနေအိမ် ၅ ခု ကို ဖျက်ဆီးကြောင်း ကျောင်းများ တံတားများ ဘဏ်များ ATM များ ဆက်သွယ်ရေးတာဝါတိုင် မီးသတ်စခန်းများကိုလည်း မီးရှို့ကြောင်း စွပ်စွဲလိုက်ပါသည်။ နောက်ထပ်လူအများ ဝေဖန်မှုများသော အကြောင်းအရာတစ်ခုမှာ စစ်ကောင်စီအနေဖြင့် ကျောင်းများအား ပြန်ဖွင့်ရန်ကြိုးပမ်းနေပြီး ကျောင်းသားများအနေဖြင့် တစ်နှစ်တည်းတွင် အတန်းနှစ်တန်းပြီးဆုံးအောင် ပြုလုပ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ စစ်တပ်သည် ပညာရေးနှင့်ပတ်သက်လျင် ပီးစလွယ်လုပ်လေ့ရှိကြောင်း ပြည်သူများ၏ စိတ်ဆန္ဒအမှန်ကို ခန့်မှန်းနိုင်စွမ်းမရှိကြောင်း ဝေဖန်နေကြပါသည်။
အာဏာသိမ်းပြီးကတည်းက နှုတ်ဆိတ်နေသာ ရခိုင်လက်နက်ကိုင်အဖွဲ့ Arakan Army သည် ပြည်သူများနှင့် အတူရပ်တည်ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက Reuters ကို ပြောဆိုခဲ့သည်။ အပြစ်မဲ့ပြည်သူများအသတ်ခံနေရခြင်းအတွက် AA မှ ဝမ်းနည်းကြောင်းနှင့် လက်ရှိ ဗမာစစ်တပ်၏ လုပ်ရပ်သည် အလွန်ရက်စက်ပြီး လက်ခံနိုင်စရာမရှိကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် အဖိနှိပ်ခံရခိုင်လူမျိုးများအတွက် ၎င်းတို့အနေဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အဆိုပါမှတ်ချက်သည် ရခိုင်အရပ်ဖက်အဖွဲ့အစည်းများ ရခိုင်နိုင်ငံရေးပါတီတို့၏ ထုတ်ပြန်ချက်များပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ပြီး လက်ရှိစစ်တပ်နှင့် အပစ်ခတ်ရပ်စဲထားသည့် အခြေအနေ အပြောင်းအလဲရှိလာနိုင်ခြေရှိမရှိ စောင့်ကြည့်ရတော့မည်ဖြစ်သည်။ Guilin မြို့တွင် တွေ့ဆုံခဲ့သော တရုတ်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးများက မြန်မာ့အရေးအား စိုးရိမ်ပူပန်ကြောင်း နိုင်ငံရေးအရ အဖြေရှာခြင်းကို အားပေးကြောင်း သွေးထက်သံယိုမှုများကို ရှောင်ရှားစေလိုကြောင်း ပြင်ပအင်အားစုများက လက်ရှိအခြေအနေအား အခွင့်အရေးမယူစေလိုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ၎င်းတို့၏ တွေ့ဆုံမှုသည် Quad နိုင်ငံများ၏ ဆွေးနွေးပွဲများ စစ်ရေးလေ့ကျင့်ခန်းလုပ်ရန် ထုတ်ပြန်ချက်များအပြီး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယမန်နေ့က ဥရောပကော်မရှင်က စစ်ဗိုလ်ချုပ်များအပါအဝင် စစ်အုပ်စုနှင့်နီးစပ်သော စီးပွားရေးသမား ၁၁ ဦးအား ခရီးသွားလာမှုနှင့် ငွေကြေးဆိုင်ရ အရေးယူမှုပြုလုပ်ခဲ့သည်။ သို့သော် Burma Campaign UK က EU ၏ အရေးယူမှုသည် ပျော့ပျောင်းလွန်းကြောင်းနှင့် ပိုမိုပြင်းထန်သော အရေးယူမှုများ ပြုလုပ်ရန်လိုအပ်နေသေးကြောင်း တိုက်တွန်းလိုက်သည်။ သြစတေးလျနိုင်ငံသားနှစ်ဦး ထပ်မံအဖမ်းခံရပြီးနောက် ရန်ကုန်ရှိ သြစတေးလျသံရုံးက ၎င်း၏ နိုင်ငံသားများအား လုံခြုံရေးအထူးဂရုပြုရန် စားနပ်ရိက္ခာများ နှစ်ပတ်စာ စုဆောင်းထားရန် စာထုတ်ပြန်လိုက်သည်။ လွန်ခဲ့သည့်အပတ်ကလည်း ဆန္ဒပြမှုများ အကြမ်းဖက်သို့အသွင်ကူးပြောင်းလာနိုင်ကြောင်း ၎င်း၏ နိုင်ငံသားများ နိုင်ငံမှ အမြန်ဆုံးထွက်ခွာကြရန် မတည်ငြိမ်မှုများဖြစ်ပါက ၎င်းတို့အား အကူအညီပေးနိုင်ရန်ခက်ခဲမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ဘူးသည်။ လူမှုကွန်ယက်အသုံးပြုသူများက အဆိုပါနှစ်ပတ်တာကာလအတွင်း မြန်မာ့နိုင်ငံရေးတွင် ကြီးမားသော အပြောင်းအလဲများဖြစ်နိုင်ကြောင်း သံရုံးမှသတင်းရရှိထားသဖြင့် ထိုကဲ့သို့ စာထုတ်ပြန်ခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြပါသည်။
Comments
Post a Comment