မတ် ၂၄၊ ၂၀၂၁ #day52

 


မတ်လ ၂ ရက်နေ့တွင် ပြုလုပ်ခဲ့သော ၂၂၂၂၂ သပိတ်ပြီးနောက် အသံတိတ်သပိတ်ဟုခေါ်သော အကြီးမားဆုံး လူထုလှုပ်ရှားမှုတစ်ခု ယနေ့တွင် ဖြစ်ပေါ်ခဲ့သည်။ အင်တာနက်ရရှိရန်ခက်ခဲသော မြို့ရွာတစ်ချို့မှလွဲ၍ မြန်မာပြည်အနှံ့ မြို့ကြီးမြို့ငယ်အားလုံး ယခုသပိတ်တွင် ပူးပေါင်းပါဝင်ခဲ့ကြသဖြင့်အများပြည်သူနေရာများ လမ်းမများတွင် လူသူကင်းမဲ့သွားသည့်အနေအထားကို လူမှုကွန်ယက်များတွင် မြင်ခဲ့ကြရသည်။ အဆိုပါ အသံတိတ်သပိတ်အား ကျဆုံးသွားသော သူရဲကောင်းများအတွက် ငြိမ်သက်တိတ်ဆိတ်ပေးခြင်း ကုန်ခမ်းသွားတဲ့ အင်အားများ ပြန်လည်ဖြည့်တင်းခြင်း စစ်သွေးကြွအကြမ်းဖက်အုပ်စုရဲ့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီဆိုတဲ့စကားကို ချေဖျက်ဆန့်ကျင်ခြင်း စသည့် ရွည်ရွယ်ချက် ၃ ခုဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ဦးဆောင်သူလူငယ်များက ဖော်ပြခဲ့သည်။ အဆိုပါလှုပ်ရှားမှု မပြုလုပ်ခင် လူမှုကွန်ယက်များတွင် အသံတိတ်သပိတ်မှာ လက်ရှိလမ်းပေါ်ဆန္ဒပြမှုများအား အရှိန်ရပ်တည့်သွားအောင် ပြုလုပ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အငြင်းပွားမှုများရှိခဲ့သော်လည်း ယနေ့တွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ယနေ့တွင် ရန်ကုန်မြို့ရှိ ထောင်အသီးသီနှင့် ရဲစခန်းများမှ ဖမ်းဆီးထားသော ဆန္ဒပြသူ ၆၂၈ ဦးအား စစ်အုပ်စုမှ လွှတ်ပေးလိုက်သည်ကြောင်း Irrawaddy က ရေးသားထားသည်။ အဆိုပါလွှတ်မြောက်သူများထဲတွင် မတ်လ ၃ ရက်နေ့က တာမွေမြို့နယ်တွင် ဖမ်းဆီးခံရသော ကျောင်းသား ၃၀၀ ဝန်းကျင်ခန့်လည်း ပါဝင်ကြောင်း သိရသည်။ ယမန်နေ့က ပြုလုပ်ခဲ့သော စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ကျောင်းသားလူငယ်များသည် အပြစ်မရှိသည့်အတွက် လွှတ်ပေးမည်ဖြစ်ကြောင်း၊ နောက်ကွယ်မှကြိုးကိုင်သော ခေါင်းဆောင်များကိုသာ ဖမ်းဆီးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ယနေ့တွင် NLD ပါတီ၏ တောင်ဒဂုံ ဥပဒေအထောက်အကူပြုအဖွဲ့ ဥက္ကဌ ဦးတင်ဝင်းနှင့် ကချင်ပြည်နယ်ဖားကန့်မြို့ရှိ NLD ပါတီဝင် နှစ်ဦးကို စစ်အုပ်စုက ယနေ့ ဖမ်းဆီးလိုက်သည်။ ယခင်က NLD ပါတီဝင်များ ဖမ်းဆီးခံရစဥ်တွင် ညှင်းပန်းနှိပ်စက်မှုများကြောင့် သေဆုံးမှုများရှိသဖြင့် ၎င်းတို့၏ လုံခြုံရေးအတွက် အထူးစိုးရိမ်နေကြပါသည်။ လူမှုကွန်ယက်အသုံးပြုသူများမှ လွတ်မြောက်လာသော သူများအတွက် ဝမ်းမြောက်သော်လည်း စစ်အုပ်စုအား ကျေးဇူးတင်ရန်မလိုကြောင်းနှင့် စစ်အုပ်စုအနေဖြင့် ယမန်နေ့က အသတ်ခံရသော ၇ နှစ်အရွယ်ကလေးမလေး၏ သတင်းအား လွှမ်းမိုးစေရန်အတွက် လူ ၇၀၀ နီးပါးလွှတ်ပေးခြင်းဖြစ်နိုင်ကြောင်းလည်း စွပ်စွဲနေကြပါသည်။ အဆိုပါကလေးမလေးသည် အစ္စလာမ်ဘာသာဝင်ဖြစ်ပြီး သူမ၏ အသုဘအား လုံခြုံရေးကြောင့် အကျဥ်းချုပ်သာ လုပ်လိုက်ရကြောင်း မိသားစုက ပြောဆိုပါသည်။ သေဆုံးပြီးနောက် စစ်သားများက ကလေးငယ်၏ အလောင်းအား မိသားစုထံမှ လုယူရန်လည်း ကြိုးပမ်းမှုရှိကြောင်း မိသားစုက မီဒီယာများကို ပြောကြားခဲ့ပါသည်။ Save the Children ၏အဆိုအရ သေဆုံးသူ ကလေးငယ် ၂၀ ကျော်ပီဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ယနေ့ လွှတ်မြောက်လာသူများထဲတွင် AP ၏ ဓာတ်ပုံသတင်းထောက် သိန်းဇော်လည်းပါဝင်လာခဲ့သည်။ ၎င်းသည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အဖမ်းခံရပြီး ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံရခြင်းဖြစ်သည်။ ၎င်းလွှတ်မြောက်လာခြင်းကြောင့် အလားတူပုဒ်မဖြင့် တရားစွဲဆိုခံရသူများလည်း မကြာခင် လွှတ်မြောက်လာနိုင်ကြောင်း ခန့်မှန်းမှုများလည်းရှိပါသည်။ AAPP ၏ စာရင်းများအရ သေဆုံးသူ စုစုပေါင်း ၂၇၅ ဦးရှိပီဖြစ်ပြီး ဖမ်းဆီးခံရသူမှာ ၂၄၀၀ ဝန်းကျင်ခဲ့ကျန်ရှိနေသေးသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား နေပြည်တော်တွင် ယနေ့ တရားရုံးကြားနာရန် ရက်ချိန်းရှိသော်လည်းဘဲ အင်တာနက်မကောင်းမှုအားအကြောင်းပြ၍ တရားရုံးက ဧပြီလ ၁ ရက်နေ့အထိ ဒုတိယအကြိမ်မြောက် ရုံးချိန်းရက်ရွေ့ဆိုင်းလိုက်ကြောင်းသိရသည်။ သူမအား ပုဒ်မ လေးခုဖြင့် လက်ရှိတွင် တရားစွဲဆိုထားခြင်းဖြစ်ပြီး ခြစားမှုပုဒ်များအပါအဝင် အခြားသောပုဒ်မများဖြင့် ထပ်မံတရားစွဲဆိုနိုင်ချေရှိကြောင်း သူမ၏ ရှေ့နေ ဦးခင်မောင်ဇော်က VOA သို့ ပြောကြားခဲ့သည်။ CRPH အား စစ်အုပ်စုက မတရားအသင်းကြေညာပြီးနောက် ၎င်းတို့အနေဖြင့် Interpol ထံသို့ CRPH ခေါင်းဆောင်များအား ဖမ်းဆီးရန် အကြောင်းကြားထားကြောင်း ထုတ်ပြန်ခဲ့သည်။ ထုံးစံအတိုင်း အဆိုပါ သတင်းအပေါ် ဆိုရှယ်မီဒီယာအသုံးပြုသူများက သရော်နေကြပါသည်။ CRPH မှ ယခင် လူမှုဝန်ကြီးဝန်ကြီးတာဝန်ယူခဲ့သည့် ဒေါက်တာဝင်းမြတ်အေးအား အဆိုပါ ရာထူးနေရာတွင် ဆက်လက်တာဝန်ပေးလိုက်ကြောင်း စာထုတ်ပြန်ခဲ့သည်။ ၄၆ ကြိမ်မြောက် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးတွင် မြန်မာပြည်၏ ဒီမိုကရေစီအရပ်သားအစိုရထံမှ စစ်တပ်က အင်အားသုံးဖယ်ရှားခြင်းအား အပြင်းအထန်ရှုတ်ချကြောင်း ကန့်ကွက်သူမရှိအတည်ပြုခဲ့ကြောင်း VOA Burmese က တင်ပြခဲ့သည်။ ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များဖွင့်လှစ်ခြင်းမရှိသေးခြင်းကြောင့် စစ်အုပ်စုမှ ဆက်တိုက်ဖိအားပေးနေပြီး ပုံမှန်ဖွင့်လှစ်ခြင်းမရှိသည့် ဘဏ်များအား ဒဏ်ကြေးကောက်ယူတော့မည်ဖြစ်ကြောင်း စာထုတ်ပြန်လိုက်သည်။ ဘဏ်အကြီးအသေးပေါ်မူတည်၍ ဒဏ်ကြေးများကွာခြားမည်ဖြစ်ပြီး ပြီးခဲ့သည့်အပတ်အတွက်မူ သိန်း ၅၀ စီ ပေးဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

New York Times ၏ ဖော်ပြချက်အရ မြန်မာလူငယ်များသည် နယ်စပ်ဒေသများသို့ ထွက်ခွာ၍ စစ်ရေးပညာများကို သင်ယူနေပြီဖြစ်ကြောင်း သိရသည်။ သင်ကြားပေးနေသောအဖွဲ့အစည်းများနှင့် လူဦးရေကို ဖော်ပြခြင်းမရှိသော်လည်းဘဲ အာဏာသိမ်းမှုဖြစ်ပေါ်ပီးနောက် CDM ပြုလုပ်သော အစိုးရဝန်ထမ်းများ စစ်သားနှင့် ရဲများအပါအဝင် ဆန္ဒပြလူငယ်အများအပြားသည် KNU ထိန်းချုပ်ရာ နယ်မြေများသို့ ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။ သေနတ်ကိုင်နည်းများ လက်လုပ်ဗုံးလုပ်နည်းများ မီးလောင်ဗုံးလုပ်နည်းများ သင်ယူနေကြသော လူငယ်များသည် စစ်တပ်နှင့် ဆိုင်သော လုပ်ငန်းများအား တိုက်ခိုက်ရန် ပြင်ဆင်နေကြခြင်းဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ CRPH က ၎င်းတို့သည် ဖက်ဒရယ်တပ်မတော်တည်ဆောက်ရေးအတွက် ပြင်ဆင်နေသည်မှာ ၈၀ ရာခိုင်နှုန်းပြီးပီဖြစ်ကြောင်းနှင့် ဆန္ဒပြလူထုများအနေဖြင့် လက်နက်ကိုင်သည့်နည်းဖြင့် မိမိကိုယ်ကိုခုခံကာကွယ်နိုင်ကြောင်း ပြောဆိုခဲ့ဘူးသည်။ မြန်မာနိုင်ငံတွင် သေနတ်များအား လိုင်စင်ဖြင့် တရားဝင်ကိုင်ဆောင်ခွင့်ရှိသော တစ်ခုတည်းသောပြည်နယ်ဖြစ်သည့် ချင်းပြည်နယ်တွင် စစ်အုပ်စုက တူမီးသေနတ်များအပါအဝင် လက်နက်အမျိုးမျိုးအား ၎င်းတို့ထံသို့ လာရောက်အပ်နှံရန် ဆော်သြနေကြောင်း BBC က ဖော်ပြခဲ့သည်။ ချင်းပြည်နယ်သည် လက်ရှိအချိန်အထိ ဆန္ဒပြမှုများတွင် သေဆုံးမှုမရှိသေးသော ဒေသတစ်ခုလည်းဖြစ်သည်။ The Reporter News ၏ ဖော်ပြချက်အရ မြန်မာစစ်တပ်သို့ ထိုင်းစစ်တပ်က ပို့ဆောင်မည့် ရိက္ခာများဖြစ်ကြောင်း သတင်းများအကြီးအကျယ်ထွက်ခဲ့သည့် ဆန်အိတ် ၇၀၀ အား ယမန်နေ့ညက ညတွင်းချင်းပင် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်သို့ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

Comments

Popular Posts