မတ် ၂၅၊ ၂၀၂၁ #day53

 


ငါတို့မြို့ ငါတို့အသံဆိုသည့် ကြွေးကြော်သံဖြင့် ပြုလုပ်ခဲ့သည် အသံတိတ်သပိတ်ပြုလုပ်ခဲ့ပြီးသည့်နောက်တစ်နေ့တွင် ပြည်သူများသည်လမ်းပေါ်ထွက်ဆန္ဒပြမှုများကို ပြန်လည်ပြုလုပ်ခဲ့ကြသည်။ အချို့နေရာများတွင် ဆန္ဒပြမှုများအား နေ့ထွက်ချိန် မနက် ၅ နာရီခန့်တွင်ပြုလုပ်ကြပြီး အချို့နေရာများတွင် တစ်နေကုန်ပြုလုပ်ကြသည်ကို တွေ့ရသည်။ တောင်ကြီး ခင်ဦး သကန်းကျွန်း သုဝဏ္ဏ ဟားခါး မော်လမြိုင် မိုးညှင်း စသည့်မြို့များတွင် စစ်အုပ်စုက အကြမ်းဖက်ဖြိုခွင်းမှုများ ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ရှမ်းပြည်နယ်တောင်ကြီးမြို့တွင် လူအနည်းဆုံး ၄ ဦးခန့် သေဆုံးခဲ့ကြောင်း၊ ပိုင်ဆိုင်မှုများလည်းဖျက်ဆီးခံခဲ့ရကြောင်း Myanmar Now က ဖော်ပြခဲ့သည်။ AAPP စာရင်းများအရ စစ်အုပ်စုကြောင့် ယနေ့အထိ သေဆုံးသူ ၂၈၆ ယောက်ရှိပြီဖြစ်သည်။

မြို့များတွင် လက်နက်မဲ့ပြည်သူများ စစ်အုပ်စုကြောင့် သေဆုံးနေရသော်လည်း နယ်စပ်တွင်ဖြစ်ပွားသော စစ်ပွဲများတွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များ အများအပြားသေဆုံးနေရကြောင်းလည်း သိရှိရသည်။ KIA ၏ ပြောရေးဆိုခွင့်ရှိသူက Myitkyina News အား ၎င်းတို့အနေဖြင့် ကချင် တရုတ်နယ်စပ်အနီးရှိ ဗျူဟာကျသော Alaw Bum တောင်ရှိ စစ်အုပ်စု၏ တပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြောဆိုခဲ့သည်။ တပ်ရင်းမှူးတစ်ဦးအပါအဝင် တပ်သားများအား စစ်သုံ့ပန်အဖြစ်ဖမ်းဆီးနိုင်ခဲ့ကြောင်းနှင့် စစ်သားအများအပြားကျဆုံးခဲ့ကြောင်းလည်း KIA နှင့် နီးစပ်သော လူမှုကွန်ယက်စာမျက်နှာများတွင်ဖော်ပြထားပါသည်။ ယခင်ကလည်း KNU ထိန်းချုပ်နယ်မြေသို့ ချီတက်ခဲ့သော တပ်မ ၇၇ သည် လမ်းတွင်ချုံခိုတိုက်ခိုက်ခံရသဖြင့် အများအပြားကျဆုံးကြောင်းလည်း သတင်းများထွက်ခဲ့ဘူးသည်။ တပ်မ ၇၇ သည် မတ်လဆန်းပိုင်းက ရန်ကုန်မြို့တွင် လူအများအပြားသေဆုံးမှုအတွက် တာဝန်ရှိသော တပ်မဖြစ်သည်။

ဆန္ဒပြသူများက လာမည့် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် တပ်မတော်နေ့ ယခင် တော်လှန်ရေးနေ့တွင် တပေါင်းတိုက်ပွဲ ပြုလုပ်ကြရန် ဆော်သြနေကြသည်။ တပေါင်းဆိုသည်မှာ ဗမာလူမျိုးများ၏ ပြကဒိန်တွင် ၁၂ လမြောက်ဖြစ်ပြီး နှစ်တစ်နှစ်၏ နောက်ဆုံးလလည်းဖြစ်သည်။ ထို့အပြင် သံရုံးများ တိုင်းရင်းသားလက်နက်ကိုင်များကိုလည်း စစ်အုပ်စကျင်းပသော ပွဲအားမတက်ရန် ဆော်သြနေကြပါသည်။ သို့သော် NCA အပစ်ခတ်ရပ်စဲရေးရေးထိုးထားသည့် ရခိုင်မှ ALP၊ မွန်မှ NMSP၊ ကရင်မှ DKBA နှင့် KNLA(PC) စသည့် လက်နက်ကိုင်အဖွဲ့များတက်ရောက်မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပါသည်။ အဆိုပါအဖွဲ့များသည် ၂၀၁၅ ခုနှစ်တွင် အပစ်ရပ်ရေးထိုးခဲ့သော တပ်ဖွဲ့ဝင်အင်အားနည်းသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည်။

CRPH ၏ ယာယီဒုသမ္မတက နိုင်ငံတော်သဃာ့ မဟာနာယကအဖွဲ့ထံသို့ ယနေ့စာပေးပိုခဲ့သည်။ မဟနအဖွဲ့မှ ဆရာတော်ကြီးများအနေဖြင့် စစ်အုပ်စုနှင့် အဆက်အသွယ်ပြုလုပ်မည်မဟုတ်ကြောင်း စာထုတ်ပြန်မှုကို ကြိုဆိုကြောင်းနှင့် ၎င်းတို့အား ဆက်လက်ထောက်ခံပေးရန် အဆိုပါစာထဲတွင် ဖော်ပြထားသည်။ ယခင်စစ်အစိုးရများလက်ထက်က စစ်အစိုးရနှင့်နီးစပ်မှုကြောင့် ဝေဖန်မှုများခံရလေ့ရှိသည့် မဟနအဖွဲ့သည် မြန်မာပြည်ရှိ အရှိန်အဝါအကြီးဆုံး ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဗုဒ္ဓဘာသာ ၈၀ ရာခိုင်နှုန်းခန့်ရှိသောနိုင်ငံတွင် ၎င်းတို့၏ ထောက်ခံမှုသည် CRPH အတွက် အလွန်အရေးပါပါသည်။ ပြည်သူအများအပြားသေဆုံးဒဏ်ရာရရှိခဲ့ပြီးနောက် CRPH က ၎င်းတို့ပြင်ဆင်လျက်ရှိသော ဖက်ဒရယ်တပ်မတော်အတွက် အလှူငွေများထည့်ဝင်ကြရန် ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာမှ ဆော်သြလိုက်သည်။ CRPH ခေါင်းဆောင်တစ်ဦးဖြစ်သည့်လွင်ကိုလတ်၏ အဆိုအရ အဆိုပါတပ်မတော် ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် အမေရိကန် ဒေါ်လာ သန်း ၂၀ ခန့် လစဥ်လိုအပ်မည်ဖြစ်သဖြင့် https://crphmyanmar.org/donate/
https://Charity.gofundme.com/o/en/campaign/crph မှတစ်ဆင့်လှူဒါန်းကြရန် တိုက်တွန်းထားပါသည်။

အမေရိကန်နှင့် ယူကေနိုင်ငံတို့မှ စစ်အုပ်စုပိုင် စီးပွားရေးလုပ်ငန်းနှစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမစ်တက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့အား စီးပွားရေးပိတ်ဆို့မှုပြုလုပ်လိုက်သည်။ စီးပွားရေးလုပ်ငန်းပေါင်း ၁၀၀ ကျော်ပိုင်ဆိုင်သော အဆိုပါကုမ္ပဏီနှစ်ခုသည် စစ်တပ်၏ အဓိက ဝင်ငွေရရာလမ်းကြောင်းများဖြစ်ပြီး တစ်နှစ်လျင် ဒေါ်လာ သန်းချီလျက်အမြတ်ငွေရရှိလျက်ရှိသည်။ ဦးပိုင်၏ ရှယ်ယာ ၆၀ ရာခိုင်နှုန်းအား တပ်ဖွဲ့ဝင်များမှပိုင်ဆိုင်ပြီး ၄၀ ရာခိုင်နှုန်းအား ကာကွယ်ရေးဝန်ကြီးမှပိုင်ဆိုင်ပါသည်။ Amnesty International ၏ ဖော်ပြချက်အရ ကာချုပ်မင်းအောင်လှိုင်သည် ၂၀၁၁ စာရင်းများအရ ဦးပိုင်တွင် ရှယ်ယာ ၅၀၀၀ ပိုင်ဆိုင်ကြောင်းနှင့် ဒေါ်လာ ၂ သိန်းခွဲ အကျိုးအမြတ်ရရှိခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် ရိုဟင်ဂျာများအား အကြမ်းဖက်ခဲ့သော အနောက်တိုင်းစစ်ဌာနချုပ်သည်လည်း ၂၀၁၀-၂၀၁၁ စာရင်းများအရ ဒေါ်လာ သန်း ၂၀၈ ဖို့ခန့် ရှယ်ယာများကို ပိုင်ဆိုင်ကြောင်းသိရသည်။

Comments