မတ် ၂၆၊ ၂၀၂၁ #day54
စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များ အသတ်ခံရသည့်ဖြစ်စဥ်များ နိုင်ငံအနှံ့တွင် ခပ်စိပ်စိပ်ဖြစ်ပေါ်နေသည်။ ယနေ့မုံရွာမြို့တွင် ရဲသားနှစ်ဦးအား လက်ပြန်ကြိုးတုပ်လျက် မြို့၏ သုဿန်အနီးတွင်တွေ့ရှိခဲ့ကြောင်း BBC က တင်ပြခဲ့သည်။ အဆိုပါ သုဿန်အနီးတွင်နေထိုင်သူ လူ ၃၀ ခန့်အား ရဲနှင့်စစ်သားများက ဖမ်းဆီးထားပီး အချို့သူများအား ယနေ့ညနေတွင် ငွေ ၅ သိန်းမှ သိန်း ၅၀ ပေးမှသာ ရဲတပ်ဖွဲ့မှ ပြန်လွှတ်မည်ဖြစ်ကြောင်း Irrawaddy သတင်းက ဖော်ပြခဲ့ပါသည်။ Myanmar Now ၏ ဖော်ပြချက်အရ နိုင်ငံတစ်ဝန်းတွင် ရဲနှင့်စစ်သားများ အသတ်ခံရမှု ၁၄ ဦးခန့်ရှိပီဖြစ်ကြောင်း သိရသည်။ အတည်မပြုနိုင်သေးသော စာရင်းများအရ နောက်ထပ် ၁၅ ခန့်ရှိနိုင်ကြောင်းလည်း ဖော်ပြထားသည်။ ထားဝယ်မြို့တွင် ညဘက်ကင်းစောင့်နေသော သူများအား ဆိုင်ကယ်ဖြင့်ဝင်တိုက်သော အရပ်ဝတ်စစ်သားနှစ်ဦးသည် အရိုက်ခံရသော ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။ ကျောက်ပန်းတောင်မြို့တွင်လည်း စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးတစ်ဦး အသတ်ခံရသည့်ဖြစ်စဥ်ဖြစ်ပွားခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က ရှမ်းပြည်နယ်အောင်ပန်းမြို့ ဆန္ဒပြပွဲတစ်ခုတွင် စစ်သားနှင့် ရဲ ၅ ဦးသည် လူငယ်တစ်ဦး၏ အသေခံဓားဖြင့်တိုက်ခိုက်သဖြင့်မှုကြောင့် သေဆုံးခဲ့ကြောင်းလည်း လူမှုကွန်ယက်တွင် ပြန့်နှံ့နေပါသည်။ ဆန္ဒသူများက အဆိုပါလူငယ် ရဲသူအောင်အား နွေဦးတော်လှန်ရေး၏ သူရဲကောင်း အောင်ပန်း၏ သူရဲကောင်း ဖြစ်ကြောင်း ချီးမွမ်းနေကြသည်ကို တွေ့ရပါသည်။ ဖယ်ခုံမြို့နယ်တွင်လည်း အရာရှိနှစ်ဦးအပါအဝင် စစ်သား ၄ ဦး ပြီးခဲ့သည့် အပတ်က အသတ်ခံရပြီး ဒေသခံရွာသား ၅၀ ခန့်အား စစ်တပ်မှ ဖမ်းဆီးထားသည်။ အဆိုပါဖြစ်စဥ်များကိုကြည့်ပါက ဆန္ဒပြသူများ၏ တုံ့ပြန်မှုများသည်လည်း ပြင်းထန်လာပီး နှစ်ဘက်စလုံးတွင် သွေးထွက်သံယိုဖြစ်မှုများကို ပိုမြင်လာရနိုင်သည်။
စစ်အုပ်စုမှ တပ်မတော်နေ့ကို အကြီးအကျယ်ကျင်းပနိုင်ရန် ပြင်ဆင်နေသည့်အလျောက် လမ်းမပေါ်မှ ဆန္ဒပြပွဲများလည်း ပြန်လည်အရှိန်ကောင်းလာကြောင်း တွေ့ရသည်။ ဆန္ဒပြပွဲများကွဲပျောက်သွားသော ရန်ကုန်မြို့လယ်တွင်ပင် ယနေ့လူငယ်များဦးဆောင်သော သပိတ်လမ်းလျောက်မှုတစ်ခု မထင်မှတ်ဘဲပေါ်လာသည်။ စစ်သားများရောက်ရှိလာသော်လည်း လူငယ်များက ဆန္ဒပြမှုအား အချိန်မှီရှုပ်သိမ်းလိုက်နိုင်ကြောင်းလည်း သိရသည်။ ရန်ကုန်မြို့တစ်ဖက်ကမ်းရှိ ဒလမြို့တွင်လည်း ဆန္ဒပြမှုများရှိခဲ့သည်။ သွေးထွက်သံယိုမှုများ အများအပြားရှိခဲ့သော မုံရွာ၊ တောင်ကြီးမြို့တို့တွင်လည်း ပြည်သူအများ ထောင်ချီ၍ ဆန္ဒပြကြသည်ကိုလည်း တွေ့မြင်ရပါသည်။ သို့သော် မြန်မာပြည် ကမ်းရိုးတန်းဒေသတစ်ခုဖြစ်သော မြိတ်မြို့တွင် အကြမ်းဖက်ဖြိုခွင်းမှုများ ကြုံတွေ့ခဲ့ရပြီး အနည်းဆုံး ၄ ဦးသေဆုံးပြီး ၂၀ ခန့် သေနတ်ဒဏ်ရာရရှိခဲ့ကြောင်း Myanmar Now က အတည်ပြုပါသည်။ မြိတ်မြို့တွင် စစ်အုပ်စု၏ အကြမ်းဖက်မှု ပုံစံမှာ အခြားသောနေရာများနှင့် ကွဲပြားခြားနားမှုမရှိသော်လည်း ရဲတပ်ဖွဲ့ဝင်များသည် အရေးပေါ်လူနာတင်ယာဥ်စီးနင်း၍ ဆန္ဒပြသူများအား လှည့်လည်ပစ်ခတ်ခဲ့ကြောင်းကို မှတ်တမ်းဓာတ်ပုံများအရတွေ့ရသည်။ မြန်မာပြည်တွင် မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့များသည် ပြည်ထဲရေးဌာန၏ တိုက်ရိုက်ညွှန်ကြားမှုအောက်တွင်ရှိနေပြီး လိုအပ်ပါက စစ်ဆင်ရေးများအတွက် အသက်သွင်းခွင့်ရှိသော အဖွဲ့များလည်းဖြစ်သည်။ ယခင်ကလည်း မီးသတ်ကားများအား အနီရောင်မှ အဖြူရောင်ဆေးပြောင်းသုတ်၍ ဆန္ဒပြမှုများဖြိုခွင်းရာတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့သေးသည်။ ထူးခြားမှုအနေဖြင့် ပြည်သူများနှင့် နီးစပ်မှုများသော ကြက်ခြေနီအဖွဲ့များနှင့် အရံမီးသတ်တပ်ဖွဲ့များစွာသည် CDM တွင် ပါဝင်လာခြင်းဖြစ်သည်။
စစ်အုပ်စုအနေဖြင့် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုရရန် ကြိုးစားပန်းစားပြုလုပ်နေသည်ကို တွေ့ရသည်။ ၎င်းတို့၏ နှစ်ရှည်မဟာမိတ်ဖြစ်သော ရုရှားနိုင်ငံ၏ ဒုတိယကာကွယ်ရေးဦးစီချုပ် Alexander Fomin နှင့် နေပြည်တော်တွင်တွေ့ဆုံခဲ့သည်။ မင်းအောင်လှိုင်က ၎င်းအား ဆန္ဒပြမှုများတွင် ဖမ်းဆီးရမိသော ပစ္စည်းများအား လိုက်လံပြသနေသည်ကို နိုင်ငံပိုင် MRTV က ထုတ်လွှင့်ပြသခဲ့သည်။ ၎င်းသည် အာဏာသိမ်းမှုပြီးနောက် မြန်မာပြည်သို့ ရှားရှားပါးပါးလာရောက်သော နိုင်ငံခြားအစိုးရအဖွဲ့၏ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်ပြီး မနက်ဖြန်တွင် ကျရောက်မည့် တပ်မတော်နေ့အား တက်ရောက်မည်ဖြစ်ကြောင်းလည်း သိရသည်။ ယနေ့ညနေတွင် အဆိုပါ မီဒီယာမှတစ်ဆင့် စစ်အုပ်စုက လူငယ်ကျောင်းသားများအား သတိပေးသလိုဖြင့် ၎င်းတို့၏ နောက်စေ့နှင့် ကျောပြင်များ ကျည်ထိဖောက်နိုင်သဖြင့် ဆန္ဒပြပွဲများတွင် မပါဝင်ကြရန် ခြိမ်းခြောက်လိုက်သည်။ အဆိုပါခြိမ်းခြောက်မှုသည် မနက်ဖြန် တပ်မတော်နေ့တွင် တပေါင်းတိုက်ပွဲကြွေးကြော်သံဖြင့် ပြုလုပ်မည့် နိုင်ငံအဝန်းဆန္ဒပြမှုများကို ဦးတည်၍ ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု မှတ်ယူနိုင်ပါသည်။ ရိုက်တာ၏ ဖော်ပြချက်အရ မတ်လ ၂၅ ရက်နေ့အထိ အရပ်သား သေဆုံးသူ ၃၀၀ ကျော်ရှိပြီး ၎င်းတို့အနက်မှ အနည်းဆုံး ၂၆၄ ဦးသည် သေနတ်ကျည်ထိ သေဆုံးခဲ့ပြီး သေဆုံးသူအားလုံး၏ ၄ ပုံ ၁ ပုံဖြစ်သည့် ၇၆ ဦးသည် ဦးခေါင်းကျည်ထိမှန် သေဆုံးကြောင်းဖော်ပြခဲ့သည်။ အဆိုပါအချက်အလက်အရ စစ်အုပ်စုသည် ဆန္ဒပြမှုများကို ဖြိုခွင်းရန်အတွက် အသေသတ်သည့်နည်းလမ်းကို ကျင့်သုံးနေကြကြောင်း Amnesty International က ပြောဆိုပါသည်။ စစ်အုပ်စု၏ စာရင်းအရ မတ်လ ၂၃ ရက်နေ့အထိ သေဆုံးသူ ၁၆၄ ဦးသာရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ ၉ ဦးသေဆုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။ လှိုင်သာယာမြို့နယ်တွင် မတ်လ ၁၄ ရက်နေ့ပစ်ခတ်မှုများကြောင့် လူ ၁၀၀ ခန့်သေဆုံးနိုင်ကြောင်း မျက်မြင်သက်သေတစ်ဦးက BBC ကိုပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်မှန်ကန်ခဲ့ပါက လက်ရှိအချိန်တွင် လူသေဆုံးမှု ၄၀၀ ဝန်းကျင်ခန့်အထိပင်ရှိတော့မည်ဖြစ်သည်။ မတ်လတစ်လအတွင်းတွင်ပင် သေဆုံးသူ ၃၀၀ ခန့်ရှိပြီဖြစ်သည်။
ပြည်သူများအထူးစိတ်ဝင်စားသော သတင်းတစ်ခုမှ CDM လုပ်ရှားမှုများအား နော်ဝေးနိုင်ငံရှိ ပါမောက္ခ ၆ ဦးက နိုဘယ်လ်ဆုစကာတင်စာရင်းအတွက် စာရင်းပေးပို့ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့က မြန်မာပြည်ရှိ CDM လှုပ်ရှားမှုသည် အကြမ်းမဖက်သောနည်းလမ်းဖြင့် စည်းလုံးညီညွတ်သော ပေါင်းစည်းမှုတစ်ခုကို ဖြစ်စေပြီး စစ်တပ်၏ နိုင်ငံရေးပါဝင်မှုနှင့် ပြည်တွင်းစစ်ပွဲများအား အလုံးစုံအဆုံးသတ်စေနိုင်သည့် အလားအလာများရှိခြင်းကြောင့် အဆိုပြုခြင်းဖြစ်သည်ဟု ဆုရွေးချယ်ရေးကော်မတီသို့ ပေးပို့သော စာတွင်ထည့်သွင်းရေးသားထားသည်။ အဆိုပါစာရင်းပေးပို့မှုများကို အရှိန်အဝါရှိသော အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များက လုပ်ဆောင်ပိုင်ခွင့်ရှိသည်။ လှုပ်ရှားမှုများသည် နိုဘယ်လ်ရရှိလေ့မရှိသော်လည်း အဆိုပါအဆိုပြုချက်သည် မြန်မာပြည်သူများအား အားတက်စေပြီး အကြမ်းမဖက်သော နည်းလမ်းကို ဆက်လက်အသုံးပြုရန် တွန်းအားပေးလိုက်ခြင်းဖြစ်ပါသည်။ အဆိုပါအဆိုပြုမှုသည် လက်နက်ဆွဲကိုင် တွန်းလှန်ရန် ကြွေးကြော်မှုများ၊ ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရန် လှုံ့ဆော်မှုများထွက်ပေါ်လာသည့် အခိုက်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
Comments
Post a Comment