မတ် ၂၈၊ ၂၀၂၁ #day56

 


လူ ၁၀၀ ကျော်သေဆုံးခဲ့သောနောက်တစ်နေ့တွင်
ပြည်သူမျာသည် နိုင်ငံအနှံ့တွင် မတရားသတ်ဖြတ်နေမှုများ ညှင်းပန်းနှိပ်စက်နေမှုများကို လက်မခံကြောင်း အရှိန်ဟုန်ပြင်းပြင်းဖြင့် တုံ့ပြန်နေကြသည်။ စစ်အုပ်စု၏ လက်နက်မဲ့ပြည်သူများအား တပ်မတော်နေ့တွင် သတ်ဖြတ်လိုက်ခြင်းက ဆန္ဒပြနေသူများအား ပြန်လည်လှုပ်နိုးလိုက်သလိုဖြစ်နေသည်။ နေရာအများအပြားတွင် လမ်းပေါ်ထွက် ဆန္ဒပြမှုများ ပြန်လည်ပေါ်ပေါက်လာပြီး အချို့နေရာများတွင် လက်နက်ကိုင်ခုခံမှုများပင် မြင်တွေ့နေရပါသည်။ သို့သော် စစ်အုပ်စု၏ လက်နက်ကိုင်သတ်ဖြတ်မှုများသည် ပိုမိုဆိုးရွားလာသည်ကို တွေ့ရသည်။ စစ်အုပ်စုအနေဖြင့် စစ်ပွဲတွင် အသုံးပြုသော RPG နှင့် လက်ပစ်ဗုံးကဲ့သို့ လက်နက်ကြီးများကို မြို့ထဲရှိ ဆန္ဒပြမှုများအားဖြိုခွဲရာတွင် ပထမဆုံးအကြိမ်အဖြစ်အသုံးပြုလာကြောင်းသိရသည်။ ချင်းလူမျိုးအများအပြားနေထိုင်သော စစ်ကိုင်းတိုင်း ကလေးမြို့နယ်ရှိ တာဟန်းသပိတ်အား စစ်အုပ်စုမှ လက်နက်ကြီးများအပါအဝင် RPG များ လက်ပစ်ဗုံးများဖြင့် ယနေ့ နေ့လည် ၂ နာရီဝန်းကျင်မှစ၍ ပစ်ခေတ်ချေမှုန်းခဲ့ကြောင်း Chin World နှင့် အခြားသော ဒေသခံသတင်းဌာနများက တင်ပြကြသည်။ အဆိုပါတိုက်ခိုက်မှုများကြောင့် လူသိများသော အမျိုးသမီးရေးတက်ကြွလုပ်ရှားသူ Women for Justice ၏ ဒါရိုက်တာဖြစ်သည့် Ahkhu အပါအဝင် ၄ ဦးသေဆုံးခဲ့ပြီး ၂၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အတည်မပြုနိုင်သေးသော သတင်းများအရ ပြည်သူများ၏ လက်လုပ်သေနတ်များဖြင့် ခုံခံတိုက်ခိုက်မှုကြောင့် စစ်သားနှင့် ရဲ ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်းသိရသည်။ ထို့အပြင် ရန်ကုန်တိုင်းလှိုင်မြို့နယ်တွင် စစ်အုပ်စုက လက်ပစ်ဗုံးသုံး၍ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူတစ်ဦး လက်ပြတ်ဒဏ်ရာရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများ လူမှုကွန်ယက်တွင် ပြန့်နှံ့လာပါသည်။

ယမန်နေ့ညက စစ်အုပ်စုက တိုက်လေယာဥ်ဖြင့် လက်တုံ့ပြန် ဗုံးချဲမှုကြောင့် ဖာပွန် Day Pu No ရွာ အရပ်သား ၃ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကရင်ပြည်နယ်တွင် နှစ်ပေါင်းများစွာ လူသားချင်းစာနာမှုဆိုင်ရာ ကူညီမှု ပြုလုပ်နေသော Free Burma Rangers က ဖော်ပြခဲ့သည်။ အဆိုပါအဖွဲ့၏ ခေါင်းဆောင် David Eubank ၏ ပြောဆိုချက်အရ အဆိုပါလေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းသည် နှစ်ပေါင်း ၂၀ အတွင်း ပထမအကြိမ်ဖြစ်ကြောင်းနှင့် ညအချိန်တွင် ဗုံးကြဲခြင်းကိုကြည့်ခြင်းအားဖြင့် မြန်မာ့လေတပ်သည် တရုတ်နှင့် ရှရှားနိုင်ငံတို့၏ အကူအညီကြောင့် များစွာတိုးတက်လာသည့်အနေအထားဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဖေဖော်ဝါရီလ ၁ ရက်မှစ၍ လူပေါင်း ၈၀၀၀ ခန့်ပုန်းခိုနေရကြောင်းခြင်းကြောင့် နိုင်ငံတကာမှ ဝင်ရောက်စွက်ဖက်ရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။ ရိုက်တာတင်ပြမှုအရ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၃၀၀၀ ခန့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း သိရသည်။ အိမ်နီးချင်းအိန္ဒိယနိုင်ငံသို့လည်း မြန်မာပြည်သူရာပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်ပြီးဖြစ်သည်။ မြန်မာပြည် စစ်ကိုင်းတိုင်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသာ မဏိပုရ်ပြည်နယ်အစိုးရက ထွက်ပြေးလာသူများအား ပြန်လည်စေလွှတ်ရန်၊ ဒုက္ခသည်စခန်းများ မဖွင့်လှစ်ရန် မတ်လ ၂၆ ရက်နေ့က ညွှန်ကြားထားသည်။ ၎င်းနှင့်ဆန့်ကျင်ဘက် မီဇိုရမ်ပြည်နယ်ကမူ ဗဟိုအစိုးရ၏ အမိန့်အားဆန့်ကျင်ပြီး ဒုက္ခသည်များအား ဆက်လက်အကူအညီပေးမည်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

ကချင်ပြည်နယ် ဖားကန့်ရှိ ရဲတပ်ရင်းတစ်ချို့အား KIA တပ်မဟာ ၅ လက်အောက်ရှိ တပ်ရင်း ၉ တပ်ဖွဲ့ဝင်များက ယနေ့မနက်စောစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် ရဲအများအပြားသေဆုံးကြောင်းသိရှိရသည်။ Kachin News Group ၏ ဖော်ပြချက်အရ ရဲတပ်ရင်းစခန်းရှိ ရဲ ၂၀ ခန့်သေဆုံးနိုင်ကြောင်း သိရသည်။ KIA ၏ တစ်ပြိုင်နက် တိုက်ခိုက်မှုကြောင့် ရဲတပ်ရင်းတစ်ခုအပါအဝင် စစ်စခန်း သုံးခု အား သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်နိုင်ခဲ့ကြောင်း Khit Thit Media က ဖော်ပြခဲ့သည်။ အဆိုပါဒေသတွင် မတ်လ ၁၂ ရက်မှ စ၍ တိုက်ပွဲများဖြစ်ပွားလာခြင်းဖြစ်သည်။ အိန္ဒိယနယ်စပ်အနီး တမူးမြို့တွင် နယ်စပ်ရဲကင်းတစ်ခုတွင် ဗုံးပေါက်ကွဲသဖြင့် ရဲ နှစ်ဦးသေဆုံးကာ ၂ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း DVB က ဖော်ပြခဲ့သည်။

နိုင်ငံပေါင်း ၁၂ နိုင်ငံ၏ ကာကွယ်ရေးဦးစီးချုပ်များက မြန်မာစစ်အုပ်စု၏ ပြည်သူများအား သေစေလောက်အောင် အကြမ်းဖက်ခြေမှုန်းခြင်းများအား အပြင်းအထန် ရှုတ်ချကြောင်း အဆိုပါလုပ်ရင်များ ချက်ချင်းရပ်တန့်ရန် ပူးပေါင်း သတိပေးစာ ထုတ်ပြန်လိုက်သည်။ ယခင်မြန်မာပြည်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ကလည်း တပ်မတော်အား စေ့စပ်ညှိနှိုင်းသည့် နည်းဖြင့် ဆောင်ရွက်ရန် မဖြစ်နိုင်တော့ကြောင်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။ Mizzima သတင်းဌာနက ဖက်ဒရယ် FM ရေဒီယို စတင်ထုတ်လွှင့်တော့မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ အဆိုပါ အသံလှိုင်းအား 90.2 MHz မှ မတ်လ ၂၇ ရက်နေ့ တော်လှန်ရေးနေ့မှ စတင်နားဆင်နိုင်တော့မည်ဖြစ်ကြောင်း လက်ရှိအချိန်တွင် ရန်ကုန်မြို့အနီးတဝိုက်တွင်သာ ဖမ်းယူနိုင်ဦးမည်ဖြစ်ပြီး အခြားမြို့များတွင် မကြာခင်နားဆင်နိုင်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ Mizzima မီဒီယာသည် ၈၈၈၈ တော်လှန်ရေးကာလတွင် အဝေးရောက်မြန်မာနိုင်ငံသားများက အိန္ဒိယနိုင်ငံနိုင်ငံ နယူးဒေလီမြို့တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိနွေဦးတော်လှန်ရေး ကာလတွင် ပြည်သူအများ၏ ယုံကြည်အားကိုးမှုကို ရရှိနေသော မီဒီယာတစ်ခုဖြစ်သည်။

စစ်အုပ်စုဖွဲ့စည်းသော ကောင်စီနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သော မွန်ညီညွှတ်ရေးပါတီ၏ ပါတီဝင်အများအပြား နှုတ်ထွက်ခဲ့ကြသည်။ မွန်ပါတီ သုံးပါတီ ပူးပေါင်းထားသော MUP ပါတီ၏ ဗဟိုကော်မတီအစည်းအဝေးတွင် ကော်မတီဝင် ၃ ပုံ ၂ ပုံက စစ်ကောင်စီနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း ယခင်က ဆုံးဖြတ်ခဲ့သည်။ သို့သော် ဒုဥက္ကဌ၊ တွဲဖက်အတွင်းရေးမှုများ၊ ၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးချယ်ခံရသော ကိုယ်စားလှယ်များအပါအဝင် ပါတီဝင် ၅၀ ကျော် အဆိုပါဆုံးဖြတ်ချက်အားဆန့်ကျင်သည့်အနေဖြင့် ယမန်နေ့က နှုတ်ထွက်ခဲ့ကြခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင် ပြုလုပ်လျက်ရှိသော Miss Grand International တွင် မြန်မာပြည်အတွက် ရပ်တည်ပေးရန် အကူအညီများပေးရန် စင်ပေါ်တွင်ပြောဆိုခဲ့သည့် မြန်မာကိုယ်စားပြု အလှမယ် ဟန်လေးအား က ပြည်သူအများအပြားမှ ချီးကျူးနေကြပြီး နှုတ်ဆိတ်နေကြသော အနုပညာရှင်အများအပြားကိုလည်း ဆက်တိုက်ဝေဖန်နေကြပါသည်။

Comments

Popular Posts