မတ် ၂၉၊ ၂၀၂၁ #day57
စစ်အုပ်စုအနေနဲ့ လက်နက်ကြီးတွေသုံးပီး မြို့ပေါ်က ဆန္ဒပြမှုတွေကို ဖြိုခွင်းတဲ့ အခြေအနေအထိရောက်ရှိနေပါပီ။ ယမန်နေ့တွင် မြန်မာပြည်အနောက်ပိုင်းရှိ ကလေးမြို့တွင် လက်ပစ်ဗုံး၊ ဒုန်းပစ်လောင်ချာများ၊ RPG (အတည်ပြု၍မရသေးပါ) တွေ အသုံးပြုပီး အကြမ်းဖက်တဲ့ အထောက်အထားများရရှိခဲ့ပါသည်။ ယနေ့မှာတော့ ရန်ကုန်မြို့တွင်းရှိ ဆန္ဒပြမှုများကိုလည်း အဆိုပါလက်နက်ကြီးများ အသုံးပြု၍ ဖြိုခွင်းသည့် ရုပ်သံများ ဓာတ်ပုံများပါရှိလာပါသည်။ တောင်ဒဂုံမြို့နယ်အတွင်း အကြမ်းဖက်မှုများသည် အဆိုးရွားဆုံးဖြစ်ခဲ့ပြီး လူသေဆုံးမှုအနည်းဆုံး ၁၂ ဦးအထိရှိသည်ဟု Khit Thit Media က တင်ပြခဲ့သည်။ အချို့သောနေရာများတွင် စစ်အုပ်စုက လမ်းပေါ်တွင် တွေ့မြင်သမျှလူများအား ပစ်သတ်နေကြောင်း၊ တောင်ဒဂုံ ၅၆ ရပ်ကွက်တွင် ဖမ်းမိသော လူငယ်တစ်ဦးအား လမ်းအလယ်တွင် ဒူးထောက်ခိုင်းပြီး ဓါးစာခံတစ်ဦးအဖွယ်ပြုလုပ်ခဲ့ကြောင်းသိရသည်။ “မင်းတို့လူတွေလာကယ်လေ။ မကယ်ရင် ပစ်သတ်မယ်” ဟူ၍ ခြိမ်းခြောက်ကြောင်း ဆန္ဒပြသူတစ်ဦးက Khit Thit Media သို့ပြောပြခဲ့သည်။
စစ်အုပ်စုအနေဖြင့် CDM ပြုလုပ်နေသော ဝန်ထမ်းများကိုလည်း ဖမ်းဆီးခြင်း၊ အလုပ်ထုတ်ခြင်းများဆက်တိုက်ပြုလုပ်နေသည်။ BBC ဖော်ပြချက်အရ နိုင်ငံပိုင် မြန်မာ့အသံ MRTV ရန်ကုန်ရုံးမှ ဝန်ထမ်း ၁၂၀ ဦးအား စစ်အုပ်စုက အလုပ်ထုတ်လိုက်ကြောင်း ယမန်နေ့က စာထုတ်ပြန်လိုက်သည်။ CDM ပြုလုပ်သည့် ဝန်ထမ်းရာခိုင်နှုန်းအထိအကျ မသိရသေးသော်လည်း ပြည်သူ့ဝန်ထမ်း ၁ သန်းခန့်အနက် နိုင်ငံအနှံ့တွင် ဝန်ထမ်းသိန်းချီ CDM တွင် ပါဝင်ကြောင်း ခန့်မှန်းကြပါသည်။ အချို့သော ပြည်နယ်များတွင် CDM ပါဝင်သူ ဝန်ထမ်း ၇၀ မှ ၈၀ ရာခိုင်နှုန်းအထိရှိကြောင်းလည်း သိရပါသည်။ ပြင်ဦးလွင်မြို့တွင် NLD အမတ်ဖြစ်သည့် ဦးမောင်မောင်ဆွေနှင့် ၎င်း၏ ဇနီးတို့အား စစ်အုပ်စုက ဖမ်းလိုက်ကြောင်း Myanmar Now က ဖော်ပြခဲ့သည်။ ၎င်းသည် နေပြည်တော် CDM အထောက်အကူပြုအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်း၏ ဇနီးသည်မှာ CDM တွင် ပါဝင်နေသော ညွန်ကြားရေးမှုးအဆင့်ရှိသည့် ဝန်ထမ်းတစ်ဦးလည်းဖြစ်သည်။ ကချင်ပြည်နယ်အခြေစိုက် 74 media နဲ့ Kachinwaves သတင်းထောက်နှစ်ဦး ဆန္ဒပြမှုအနီးသတင်းယူနေစဥ် အဖမ်းခံခဲ့ရကြောင်း Kachinwaves ကဖော်ပြခဲ့သည်။ ယနေ့အထိ အဖမ်းခံရသည့် သတင်းထောက် ၅၃ ဦးအထိရှိပြီးဖြစ်ပြီး ၃၀ ဦးပြန်လည်လွှတ်မြောက်ကာ ၂၁ ဦး ဆက်လက်အကျဥ်းကျခံရဆဲဖြစ်ပြီး အချို့မှာတရားစွဲဆိုခံထားရပါသည်။
လူမှုကွန်ယက်တွင် မနက်ဖြန် ၃၀ ရက်နေ့တွင် အမှိုက်သပိတ်လုပ်ဆောင်ကြရန် နှိုးဆော်နေကြသည်ကိုလည်းတွေ့ရသည်။ အဆိုပါလှုပ်ရှားမှုအား ရန်ကုန်ရှိ နာမည်ကျော် Clean Yangon ပရဟိတအဖွဲ့မှ ဦးဆောင်ခြင်းဖြစ်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်သည့်အနေဖြင့် မိမိတို့အိမ်က ပစ္စည်းအဟောင်းများနှင့် ထွက်ရှိသမျှ မီးဖိုချောင်အမှိုက် အပါအဝင် အမှိုက်မျိုးစုံကို အိတ်ဖြင့်ထည့်၍ လမ်းဆုံများနှင့် ကားလမ်းမများမှာ သွားပစ်ကြရန် လှုံဆော်ခြင်းဖြစ်သည်။ ရည်ရွယ်ချက်မှာ စစ်အုပ်စုမှ မြို့များ ပုံမှန်အတိုင်းဖြစ်နေပီဆိုသည့် ဝါဒလွှင့်ခြင်းအား တုံ့ပြန်ခြင်းဖြစ်ပြီး ပြည်သူ့အာဏာပြန်ရမှသာ အမှိုက်ပြန်သိမ်းပြီး စည်းကမ်းရှိကြောင်း ပြန်ပြသမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ကလည်း တနိုင်ငံလုံးအတိုင်းအတာ အသံတိတ်သပိတ်ပြုလုပ်ခြင်းဖြင့် စစ်အုပ်စုကို ခြောက်ခြားစေခဲ့သည်။
အာဏာသိမ်းစစ်ခေါင်းဆောင်မှတစ်ဆင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်ဖြစ်လာသူ ပရာယုဒ်ချန်အိုချာ ၎င်းတို့အနေနဲ့ မြန်မာဒုက္ခသည်များကို လက်ခံရန်ကြိုတင်ပြင်ဆင်နေပီဟု ပြောဆိုကြောင်း RFA က တင်ပြခဲ့သည်။ ထို့အပြင် အကြမ်းဖက်တိုက်ခိုက်မှုများကိုလည်း ထောက်ခံစရာမရှိကြောင်း ပြောဆိုခဲ့သည်။ Bangkok Post ၏ ဖော်ပြချက်အရ စစ်အုပ်စု၏ နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဖာပွန်မှ ဒေသခံ ၃၀၀၀ ခန့် ထိုင်းဖက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်းသိရှိရသည်။ သို့သော် KIC ကရင်သတင်းစဥ် ဖော်ပြချက်အရ ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်သော ဒေသခံ ၂၀၀၉ ဦးအား ထိုင်းအာဏာပိုင်များက နေရပ်ပြန်ရန် ပြန်လည်ပို့ဆောင်နေကြောင်းသိရသည်။ ဒေသခံများပေးပို့သော ဓာတ်ပုံများအရ ထိုင်းစစ်သားများသည် ဒေသခံများမလာနိုင်စေရန် သံဆူးကြီးအရံအတားများလမ်းတွင် ချထားသည်ကိုတွေ့ရသည်။ အဆိုပါစစ်ရှောင်များသည် ယခုအခါ နီးစပ်ရာတောတောင်များတွင် ပုန်းအောင်းနေရကြောင်းသိရသည်။
မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးအဖွဲ့က စစ်အုပ်စုအား ကန့်သတ်မှု သုံးခု လက်နက်တင်ပို့မှု ကန့်သတ်ချက် စီးပွားရေးကန့်သတ်ချက် ပစ်ဒဏ်လွှတ်ငြိမ်းခွင့်မရှိစေရန် ကန့်သတ်ချက်တို့ ဆောင်ရွက်ရန် နိုင်ငံတကာအစိုးရများအားတောင်းဆိုလိုက်သည်။ အဆိုပါ ဖြတ်သုံးဖြတ်သည် စစ်အုပ်စုက တိုင်းရင်းသားဒေသများတွင် စစ်ဖြစ်ပါက ကျင့်သုံးခဲ့သော ဖြတ်လေးဖြတ် (ရိက္ခာ၊ ထောက်ပံငွေ၊ သတင်းအချက်လက်၊ တပ်သားသစ်စုဆောင်မှု) ကို ပြန်ပြောင်း အမှတ်ရစေပါသည်။ အမေရိကန်အစိုးရအနေဖြင့် စစ်အုပ်စု၏အကြမ်းဖက်မှုအား ဆန့်ကျင်သည့်အနေဖြင့် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုအားလုံးအား ရပ်တန့်တော့မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ စစ်အုပ်စုအား နိုင်ငံတကာမှ ဖယ်ကျဥ်နေစဥ် ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော CRPH အား နိုင်ငံအခြားအစိုးရများက အသိအမှတ်ပြုတွေ့ဆုံမှုများ ပြုလုပ်နေသည်။ ခေတ္တနိုင်ငံခြားရေးဝန်ကြီးဖြစ်သည့် ဒေါ်ဇင်မာအောင်နှင့် ကနေဒါလွှတ်တော်ဥက္ကဌတို့ ယနေ့အစည်းအဝေးပြုလုပ်ခဲ့သည်။ ယခင်ကလည်း ဥရောပနိုင်ငံများမှ သံအမတ်များ လွှတ်တော်ကိုယ်စားလှယ်များဖြင့်တွေ့ဆုံမှုများပြုလုပ်ခဲ့သည်။ သြစတေးလျနိုင်ငံ ဆီနတ်တာ Dean Smith က Perth မြို့တွင် မတ်လ ၂၇ နေ့က ပြုလုပ်ခဲ့သော စစ်အာဏာရှင်ဆန့်ကျင့်ရေး ဆန္ဒပြပွဲတွင် ၎င်းတို့အစိုးရမှ စစ်အုပ်စုအပေါ်ပိတ်ဆို့မှုများ ပြုလုပ်တော့မည်ဖြစ်ကြောင်း စစ်အုပ်စု၏ မိသားစုဝင်များ သြစတေးလျတွင်ရှိပါက ၎င်းတို့နိုင်ငံခြားရေးဌာန sacntions@dfat.gov.au နှင့် senator.smith@aph.gov.au သို့ အီးမေလ်ပေးပို့ အကြောင်းကြားကြရန် ပြောဆိုခဲ့သည်။ ထို့အပြင် ၎င်းတို့လွှတ်တော်ကိုယ်စားလှယ်များမှ CRPH အား မကြာမီတွေ့ဆုံသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့သော် ယခု CRPH နှင့်တွေ့ဆုံမှုများသည် လွှတ်တော်အချင်းချင်း လွှတ်တော်အမတ်များအချင်းချင်း အသိအမှတ်ပြုတွေ့ဆုံမှုများသာရှိသေးသဖြင့် CRPH အား နိုင်ငံတစ်နိုင်ငံအစိုးရအဖြစ် နိုင်ငံတကာမှ လက်ခံနိုင်ခြင်းရှိမရှိ စောင့်ကြည့်ရအုန်းမည်ဖြစ်သည်။
CRPH အနေဖြင့် မကြာခင်တွင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အား ကြေညာတော့မည်ဖြစ်ကြောင်း CRPH နှင့် နီးစပ်သူများထံမှ သိရှိရပါသည်။ လက်ရှိအချိန်တွင် NLD ပါတီဝင်များ အမတ်များသာ ပါဝင်သဖြင့် အဆိုပါ အစိုးရအဖွဲ့အသစ်တွင် အခြားတိုင်းရင်းသားအင်အားစုများ သပိတ်များကိုဦးဆောင်နေသူများမှ လူများပါဝင်လာနိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြပါသည်။ လက်ရှိ CRPH အတွက်အလှူငွေကောက်ခံရာတွင် ရက်ပေါင်း ၁၆ ရက်အတွင်း လူပေါင်း ၈၅,၀၀၀ ခန့်က ဒေါ်လာ ၉ သန်းကျော် လှူဒါန်းထားကြပီးဖြစ်သည်။ အဆိုပါ အလှူခံမှုအား အမေရိကန် အခြေစိုက် ပြည်သူ့ဂုဏ်ရည်အဖွဲ့ Citizen of Burma Award Organization က ဦးဆောင်ခြင်းဖြစ်ပြီး အဆိုပါအဖွဲ့သည် မြန်မာလူမှုအသိုင်းအဝန်းတွင် နာမည်ကျော်ကြားသူများအား နှစ်စဥ်နှစ်တိုင်း အသိအမှတ်ပြု ဆုပေးလေ့ရှိသည်။ CRPH တွင် ငွေကြေးလှုဒါန်းခြင်းသည် လူမှုကွန်ယက်အသုံးပြုသူများအကြားတွင် အလွန်ပင်ပေါ်ပြူလာဖြစ်နေပြီး အလှူငွေထည့်ပြီးကြောင်း ပြေစာပြနိုင်ပါက အွန်လိုင်းမှ စာသင်ခွင့်၊ ဆိုင်တွင်အစားအသောက်ခွင့်ပြုမည်ဖြစ်ကြောင်း၊ အဝတ်အစားများ၊ မိတ်ကပ်ပြင်ပေးခြင်းများ၊ ပန်းချီကားများ အခမဲ့ပေးမည်ဖြစ်ကြောင်း ပြည်သူများအချင်းချင်းလှုံဆော်နေကြသည်ကို တွေ့ရသည်။



Comments
Post a Comment