မတ် ၃၀၊ ၂၀၂၁ #day58
မြန်မာ့နွေဦးတော်လှန်ရေးပုံစံ တစ်နည်းတစ်ပုံပြောင်းလဲလာတော့မည့် အရိပ်အယောင်များကို မြင်တွေ့နေရသည်။ စစ်အုပ်စု၏ ရက်စက်ကြမ်းတမ်းမှုများသည် မတူကွဲပြားသော ပြည်သူများ အမျိုးမျိုးကွဲပြားနေသော အဖွဲ့အစည်းများကို စုစည်းသွားစေသည်။ လက်ရှိအချိန်ထိ အာဏာရှင်ဆန့်ကျင်မှုလှုပ်ရှာမှုများသည် မြို့များတွင်ရှိသော လက်နက်မဲ့ပြည်သူများက အဓိကဦးဆောင်ခြင်းဖြစ်ပြီး လူထုနှင့်ပူးပေါင်းရပ်တည်သည့်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချို့က မတ်လမှစ၍ စစ်စခန်းအချို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများပြုလုပ်လျက်ရှိသည်။ သို့သော်အဆိုပါတိုက်ခိုက်မှုများသည် အကန့်အသတ်ဖြင့်သာရှိနေပါသော်လည်း ယနေ့တွင် အင်အားတောင့်တင်းပြီး သက်ဆိုင်ရာဒေသခံများ၏ ထောက်ခံမှုအခိုင်အမာရရှိထားသော တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့က စစ်တပ်အနေဖြင့်လက်ရှိအကြမ်းဖက်မှုများကို ချက်ချင်းမရပ်တန့်ပါက ၎င်းတို့အနေဖြင့် နွေဦးတော်လှန်ရေးတွင် ပြည်သူများနှင့်အတူပူးပေါင်းသွားမည်ဖြစ်ကြောင်း စာထုတ်ပြန်လိုက်သည်။ ၎င်းတို့အနေဖြင့် အခြားသောမဟာမိတ်လက်နက်ကိုင်များနှင့်လည်း ပူးပေါင်းသွားမည်ဖြစ်ကြောင်း လက်ရှိတစ်ဖက်သတ်အပစ်ရပ်သက်တမ်းတိုးမှုကိုလည်း ပြန်လည်သုံးသပ်နေပြီဖြစ်ကြောင်း ထည့်သွင်းရေးသားထားသည်။ အဆိုပါအပစ်ရပ်မှုသည် မနက်ဖြန် မတ်လ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ အဆိုပါအဖွဲ့များသည် ၂၀၁၉ ခုနှစ် သြဂုတ် ၁၅ ရက်နေ့တွင် မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ် အပါအဝင် လုံခြုံရေးကင်းစခန်းများအား ဝင်ရောက်တိုက်ခိုက်ဘူးသည့်အထိ တိုက်ခိုက်ရေးအားကောင်းသော အဖွဲ့များဖြစ်သည်။ ထို့ကြောင့် ၎င်းတို့စစ်ရေးနည်းဖြင့် ပါဝင်လာပါက စစ်အုပ်စုအတွက် နောက်ထပ်အကျပ်အတည်းတစ်ခုဖြစ်လာမည်ဖြစ်သည်။ အဆိုပါထုတ်ပြန်ချက်ကို CRPH မှကြိုဆိုလိုက်ပြီး နွေဦးတော်လှန်ရေးအောင်မြင်ရန် အတူဆောင်ရွက်ရန် ဖိတ်ခေါ်လိုက်ပါသည်။
ကရင်ပြည်နယ်တွင် စစ်အုပ်စုက လေးရက်ဆက်တိုက် တိုက်လေယာဥ်ဖြင့် ဗုံးကြဲခြင်းများ ပြုလုပ်နေသည်။ အဆိုပါတိုက်ခိုက်မှုများကြောင့် ရွာများအပါအဝင် ကျောင်းများပါ ပျက်ဆီးဆုံးရှုံးခဲ့ကြောင့်နှင့် လူပေါင်း သောင်းချီထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဘက်မှပြောဆိုပါသည်။ ထိုင်းဝန်ကြီးမှ အဆိုပါထွက်ပြေးလာသူများအား ကူညီမည်ဟု ပြောဆိုခဲ့သော်လည်း ယနေ့တွင် ကရင်စစ်ရှောင် ၅၂၀ ဦးအား ထိုင်းအာဏာပိုင်များက မြန်မာပြည်သို့ပြန်လည် ပို့ဆောင်ခဲ့သည်ဟု KIC သတင်းဌာနကဖော်ပြခဲ့သည်။ ယနေ့မနက်ပိုင်းတွင် KNU တပ်မဟာ ၇ ထိန်းချုပ်ရာ လှိုင်းဘွဲ့မြို့နယ်တွင် စစ်အုပ်စု၏ အမှတ်(၈) စစ်ကွပ်ကဲရေးဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း (၄၀၈) တပ်သားများပါဝင်သော ကားနှစ်စီးတိမ်းမှောက်ခဲ့သဖြင့် အယောက် ၂၀ ခန့်သေဆုံးကြောင်း KNU နှင့်နီးစပ်သော သတင်းရင်းမြစ်များက ပြောဆိုသည်။ ကားတိမ်းမှောက်သည်ဟုဆိုသော်လည်း ခြုံခိုတိုက်ခိုက်မှုခံရခြင်းဖြစ်နိုင်ကြောင်း အချို့သူများက ထင်ကြေးပေးကြပါသည်။ ယနေ့နေ့လည် ဆယ့်နှစ်နာရီဝန်းကျင်တွင်လည်း KNU တပ်မဟာ ၃ နယ်မြေ ပဲခူးတိုင်း ရွှေကျင်မြို့နယ် အတွင်းရှိ KNU ၏ ရွှေတူးဖော်ရေးလုပ်ကွက်တစ်ခုသို့လည်း စစ်အုပ်စုက လေယာဥ်ဖြင့် ဗုံးကြဲသဖြင့် အရပ်သား ၇ ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း Irrawaddy က ဖော်ပြထားသည်။ လွန်ခဲ့သည့် နာရီပိုင်းတွင် ရိုက်တာသတင်းထောက်များဆီက ရရှိသောသတင်းများအရ ထောင်ချီသော စစ်သားများသည် KNU ထိန်းချုပ်ရာနယ်မြေသို့ ဝင်ရောက်လာကြောင်း KNU အနေဖြင့် ခုခံရုံမှလွဲ၍ အခြားနည်းလမ်းမရှိတော့ကြောင်း စစ်တပ်အနေဖြင့် NCA စာချုပ်အား အကြိမ်ကြိမ်ချိုးဖောက်နေကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မတ်လ ၂၇ ရက်နေ့က KNU တပ်မဟာ ၅ က ကရင်ပြည်နယ် မူတြော် (ဖာပွန်) ခရိုင်ရှိ စစ်အုပ်စု၏ သီးမူထာတပ်စခန်းတစ်ခုအားတိုက်ခိုက်ခြင်းကို နိုင်ငံပိုင်မီဒီယာက တပ်မဟာ ၅ သည် KNU ဗဟိုအား အာခံ၍တိုက်ခိုက်ခြင်းဖြစ်ကြောင်း နောက်တစ်နေ့တွင် စွပ်စွဲထားသည်။ အဆိုပါ စွပ်စွဲချက်သည် မှားယွင်းကြောင်း စစ်အုပ်စုက KNU အတွင်း သွေးခွဲရန်လုပ်ဆောင်မှု ဖြစ်ကြောင်း KNU အတွင်းရေးမှုးတစ်ဦးဖြစ်သည့် ပဒိုစောထွန်းထွန်းက Karen Information Centre သို့ ယနေ့ပြောကြားလိုက်သည်။
ယမန်နေ့ ရန်ကုန်မြို့ရှိ တောင်ဒဂုံသပိတ်များအား စစ်အုပ်စုက အကြမ်းဖက်ဖြိုခွဲသဖြင့် အရပ်သား ၂၀ ခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၀ ခန့်ရှိနိုင်ကြောင်း Irrawaddy သတင်းက ဖော်ပြထားသည်။ သို့သော် ပြည်သူများအကြားတွင် သေဆုံးသူ ၁၀၀ ခန့်ရှိနိုင်ကြောင်း ခန့်မှန်းကြပါသည်။ လူမှုကွန်ယက်တွင် ပြန့်နှံ့နေသော စစ်သားတစ်ဦး၏ မှတ်ချက်အရလည်း သေဆုံးသူ တစ်ရာဝန်းကျင်ရှိကြောင်း အလောင်းများကိုပင် လိုက်ကောက်၍ ရမည်မဟုတ်ကြောင်း ကဲ့ရဲ့ရေးသားထားသည်ကိုတွေ့ရပါသည်။ ဒဏ်ရာရရှိသူများအား ကုသပေးနေသူက ဒဏ်ရာအများစုသည် လက်ပစ်ဗုံးစများကြောင့်ဖြစ်ကြောင်း Irrawaddy ကို ပြောဆိုခဲ့သည်။ ထို့အပြင် ယနေ့နံနက်ပိုင်းတွင် တောင်ဒဂုံ ၅၆ ရပ်ကွက် လမ်းဆုံတွင် လူတစ်ဦးကို မီးရှို့ထားသည့် အလောင်းအား ရပ်ကွက်နေထိုင်သူများက တွေ့ရှိခဲ့ကြသည်။ ယခင်နေ့ကလည်း မန္တလေးတွင် စစ်အုပ်စုများက လူတစ်ဦးအား မီးရှို့သတ်သည့် အထောက်ထားများတွေ့ရှိခဲ့သေးသည်။ ယနေ့တွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် လူ ၁၅ ခန့်သေဆုံးကြောင်း Irrawaddy မှ ဖော်ပြထားသည်။ မတ်လ ၃၀ ရက်နေ့အထိ AAPP ၏ စာရင်းများအရ သေဆုံးသူ ၅၂၁ ဦးအထိရှိလာပြီးဖြစ်ကြောင်း သိရှိရသည်။ သေဆုံးသူအရေအတွက်သည် မတ်လ ၂၇ ရက်နေ့မှစ၍ အလွန်အမင်းတိုးလားခြင်းဖြစ်သည်။
CPRH အနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့အား လာမည့် ဧပြီလ ၁ ရက်နေ့တွင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦးရည်မွန်(ခ) မောင်တင်သစ်က Myanmar Now သို့ပြောဆိုခဲ့သည်။ ထို့အပြင် ဖက်ဒရယ်စနစ်ကို အခြေခံသော Federal Democracy Charter ကြားကာလ ဖွဲ့စည်းပုံအခြေခံမူအဖြစ် အသုံးပြုသွားမည်ဖြစ်ပြီး အဆိုပါ charter သည် ယခင် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် NLD အမတ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့်ဖွဲ့စည်းထားသည့် ဖက်ဒရယ် အခြေခံဥပဒေ မူကြမ်းရေးဆွဲရေးကော်မတီ (FCDCC) က ၁၈ နှစ်ကြာ ရေးဆွဲခဲ့သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း) ကို အခြေခံထားကြောင်း ၎င်းကို ပြောဆိုသည်။ ထို့အပြင် အမျိုးသားညီညွှတ်ရေးအစိုးအား ဖွဲ့နိုင်တော့မည်ဖြစ်သောကြောင့် CRPH အား နိုင်ငံတကာမှ အသိအမှတ်ပြုမှုများရရှိလာပြီး ဖက်ဒရယ်တပ်မတော်တည်ထောင်ရာတွင် နိုင်ငံတကာ အထောက်အပံများရလာနိုင်ကြောင်းလည်း ပြောဆိုခဲ့ပါသည်။
Comments
Post a Comment