မတ် ၃၁၊ ၂၀၂၁ #day59
နွေဦးတော်လှန်ရေးအတွက် အရေးကြီးသောနေ့ရက်များကို တဖြည်းဖြည်းချဥ်းကပ်လာနေပါသည်။ စစ်အုပ်စုက ကချင်နှင့် ကရင်ပြည်နယ်များတွင် အကြီးအကျယ်တိုက်ခိုက်မှုများပြုလုပ်နေသော်လည်း လွန်ခဲ့သည့် နာရီအနည်းငယ်က ၎င်းတို့အနေဖြင့် တစ်နိုင်ငံလုံးတွင် တစ်ဖက်သတ်အပစ်ရပ်မှု ဧပြီ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ တစ်လတာ ကြေညာလိုက်ကြောင်း BBC ကဖော်ပြထားသည်။ လူမှုကွန်ယက်အသုံးပြုသူအများစုက အဆိုပါကြေညာချက်အား ကဲ့ရဲ့နေကြပြီး စစ်အုပ်စုအနေဖြင့် အမှန်တကယ်အပစ်ရပ်မည်မဟုတ်ဘဲ ဝါဒဖြန့်ချိရန်အတွက် ကြေညာခြင်းသက်သက်သာဖြစ်နိုင်ကြောင်း ပြောဆိုနေကြပါသည်။ ယနေ့သည် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ တစ်ဖက်သတ်အပစ်ရပ်ကြေညာမှု သက်တမ်းကုန်ဆုံးမည့်နေ့ဖြစ်သည်။ CRPH က ယခုပင် 2008 ဖွဲ့စည်းပုံအခြေခံဥပဒေကို ယနေ့ မတ်လ ၃၁ ရက်နေ့မှစ၍ အပြီးသတ်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။ စစ်အုပ်စုမှ အခြေခံဥပဒေနှင့်မညီညွှတ်ဘဲ အာဏာသိမ်းခဲ့ခြင်းကြောင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် ဖက်ဒရယ်နှင့် ဒီမိုကရေစီကို အခြေခံသော အခြေခံဥပဒေတစ်ခုပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကြေညာချက်ထဲတွင် ထည့်သွင်းရေးသားထားသည်။ အဆိုပါကြေညာချက်သည် CRPH က အမျိုးသားညီညွှတ်ရေးအစိုးရမကြေညာခင် တစ်ရက်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
စစ်အုပ်စုတပ်ဖွဲ့များအား လက်နက်ကိုင်သည့်နည်းဖြင့် တန်ပြန်တော်လှန်နေသော စစ်ကိုင်းတိုင်း ကလေးမြို့ဒေသခံများ၏ သတင်းသည် လူမှုကွန်ယက်တွင် လွှမ်းမိုးနေပါသည်။ ကလေးဆန္ဒပြသူများအား အကြမ်းဖက်ခြေမှုန်းရန်အတွက် စစ်အကူများ ကလေးသို့လာရောက်နေကြကြောင်း နိုင်ငံသားသတင်းထောက်များက လူမှုကွန်ယက်များတွင်ရေးသားနေကြပါသည်။ အချို့သူများ၏ ဖော်ပြချက်အရ စစ်ကား ၁၁ ခန့်ပါဝင်သော စစ်ယာဥ်တန်း မကွေးတိုင်း ဂန့်ဂေါမြို့မှ ထွက်ခွာသွားကြောင်း၊ ကလေးမြို့သို့ စစ်သားများတင်ဆောင်လာသော ရဟတ်ယာဥ် သုံးစင်းရောက်ရှိလာကြောင်း သိရှိရပါသည်။ အဆိုပါ စစ်ယာဥ်တန်းများသည် ကလေးမြို့သို့မရောက်ခင် ဂန့်ဂေါမြို့နယ်အတွင်းတွင်ပင် ပြည်သူများ၏ လက်နက်ကိုင် တိုက်ခိုက်မှုများကို ကြုံတွေ့ခဲ့ရကြောင်း Voice of Myanmar က တင်ပြခဲ့သည်။ ထို့အပြင် ကလေးမြို့သို့သွားသော လမ်းကြောင်းတစ်လျှောက် ရွာများကလည်း လက်လုပ်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ကားလမ်းမအား သဲအိတ်များဖြင့် ပိတ်ဆို့ခြင်းတို့ကို ပြုလုပ်ကြောင်း သိရှိရသည်။ စစ်အုပ်စဘက်က အသေအပျောက်ရှိကြောင်း ကြားသိရသော်လည်း ယခုအချိန်အထိ အတည်ပြုနိုင်ခြင်းမရှိပါ။ ၎င်းတို့ပစ်ခတ်မှုကြောင့် ကလေး-ဂန့်ဂေါကားလမ်းမပေါ်တွင် ခရီးသွားလာနေသူ ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း Chin World Media ကတင်ပြထားသည်။ ကလေးမြို့ဆန္ဒပြသူများက အရပ်ဝတ်ထားသော ရဲ လေးယောက်အား ဖမ်းဆီးထားကြောင်း ပြည်တွင်းမီဒီယာများကဖော်ပြကြသည်။ ၎င်းတို့၏ လက်ရှိအခြေအနေကို မသိရသေးပါ။
ပြီးခဲ့သည့် အဂါနေ့ လေယာဥ်ဖြင့် ဗုံးကြဲခြင်းကြောင့် KNU တပ်မဟာ ၃ နယ်မြေရှိ ရွှေတူးဖော်ရေးလုပ်ကွက်တွင် သေဆုံးသူမှာတိုးလာပီး သေဆုံးသူ ၁၁ ဦးအထိရှိ၍ ဒဏ်ရာရရှိသူ ၅ ဦးအထိရှိလာပြီဖြစ်သည်။ အဆိုပါသေဆုံးသူများတွင် KNU စစ်သားတစ်ဦးအပါအဝင် ရွှေပင်မြို့နယ်ဒေသခံများနှင့် ပြင်ပမှလာရောက်အလုပ်လုပ်ကိုင်သော ရွှေတူသမားများလည်း ပါဝင်ကြောင်း KNU က Irrawaddy သို့ အတည်ပြုပြောကြားသည်။ အဆိုပါ ရွှေလုပ်ကွက်သည် KNU မှ အစိုးရခွင့်ပြုချက်ဖြင့် ၂၀၁၇ ခုနှစ်မှစ၍ တရားဝင်လုပ်ကိုင်နေသော စီးပွားရေးဖြစ်သည်။ စစ်အုပ်စုအနေဖြင့် KNU တပ်စခန်းများသာမက ရွာများ စီးပွားရေးလုပ်ကွက်များကိုလည်း ပြစ်မှတ်ထား တိုက်ခိုက်လာခြင်းဖြစ်သည်။ အဆိုပါ ယနေ့အထိ ဗုံးကြဲတိုက်ခိုက်မှုများမှာ ရပ်တန့်သွားခြင်း မရှိသေးသည့်အပြင် မြောက်များစွာသော စစ်အုပ်စု၏ တပ်ဖွဲ့ဝင်ချီတက်လာခြင်းကြောင့် ပဲခူးတိုင်းအတွင်းရှိ တပ်မဟာ ၃ နယ်မြေနှင့် တပ်မဟာ ၅ နယ်မြေတို့တွင် တိုက်ပွဲများအဆက်မပြတ်ဖြစ်ပွားနေကြောင်း ကြားသိရပါသည်။ စစ်အုပ်စုသည် ရွာများအား ဦးတည်တိုက်ခိုက်ရခြင်းမှာ တိုင်းရင်းသားလက်နက်ကိုင်များ၏ ခြေကုပ်ယူမှုများကို ဦးတည်ခြင်းသာမက အဆိုပါဒေသခံများအလုံးအရင်း စစ်ရှောင်လာသဖြင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ ဝန်ပိစေရန် ကြံရွယ်သည့် နည်းလမ်းတစ်ရပ်ဖြစ်ကြောင်း လည်း ဝေဖန်ကြပါသည်။ Free Burma Rangers ၏အဆိုအရ ကရင်ဒုက္ခသည်ပေါင်း ၁ သောင်း ၂ ထောင်ခန့် ထွက်ပြေးတိမ်း ရှောင်နေရကြောင်းနှင့် ၎င်းတို့အတွက် အရေးပေါ်အကူအညီလိုအပ်နေကြောင်း သိရပါသည်။ ကချင်ပြည်နယ်တွင်လည်း တိုက်ပွဲများပြင်းထန်နေပြီး ယနေ့မနက်ပိုင်း ၃ နာရီခန့်တွင် KIA စစ်သားများက ရွှေကူမြို့နယ် ကျောက်ကြီးရဲစခန်းကို တိုက်ခိုက်ခဲ့ကြောင်း Myitkyina News က ဖော်ပြသည်။ စခန်းအတွင်းရှိ လက်နက်နှင့် ရိက္ခာများကို သိမ်းဆည်းသွားကြောင်းလည်း သိရသည်။ KIA သည် ယခင်က ရဲစခန်းများအား တိုက်ခိုက်လေ့မရှိဘဲ ယခုမတ်လတိုက်ပွဲများမှ စတင် ၎င်း၏ ရခိုင်ပြည်ရှိ မဟာမိတ်တပ်ဖွဲ့ AA ကဲ့သို့ ပိုမို လွယ်ကူသောပစ်မှတ်ဖြစ်သည့် ရဲစခန်းများကို တိုက်ခိုက်နေခြင်းဖြစ်သည်။ လူမှုကွန်ယက်အသုံးပြုသူများက ရဲများသည် ရပ်ရွာလုံခြုံရေးကိုပေးရမည့်အဖွဲ့များဖြစ်သော်လည်း စစ်သားများနှင့်အတူ ဆန္ဒပြမှုများကို အကြမ်းဖက်ဖြိုခွင်းနေကြခြင်းကြောင့် တိုင်းရင်းသားအဖွဲ့များက ရဲများအား တိုက်ခိုက်သည်ကို ကြိုဆိုနေကြပါသည်။ RCSS နှင့်နီးစပ်သော Shan News ဖော်ပြချက်အရ ထိုင်း-မြန်မာနယ်စပ်တွင်အခြေစိုက်ထားသော RCSS စခန်းများအား ၎င်းတို့က တိုက်ခိုက်တော့မည်ဖြစ်ကြောင်း စစ်ကောင်စီက ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်ရှိ မယ်ဆိုင်မြို့နယ်ခြားကော်မတီထံသို့ အကြောင်းကြားခဲ့သည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မတ် ၂၉ ရက်တွင် ကျိုင်းတုံမြို့သို့ လာရောက်ပြီးနောက် အဆိုပါသတင်းထွက်လာခြင်းဖြစ်ကြောင်း Shan News တွင်ဖော်ပြထားသည်။ RCSS အပါအဝင် NCA ရေးထိုးထားသော အဖွဲ့များသည် စစ်အုပ်စုနဲ့ နိုင်ငံရေးဆွေးနွေးမှုမလုပ်တော့ကြောင်း ကြေညာထားသည်။
နေပြည်တော်တွင် မတ်လ ၁၅ ရက်နေ့က ဖမ်းဆီးခံထားရသည့် NLD ပါတီ၏ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ကျော် (ခေါ်) အဂ္ဂမိုးညိုသည် သေဆုံးပြီဖြစ်ကြောင်း ၎င်း၏ မိသားစုများအား စစ်အုပ်စုက အကြောင်းကြားခဲ့ကြောင်း RFA က ဖော်ပြထားသည်။ ၎င်းသည် ဖမ်းဆီးခံရစဥ်ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသော တတိယမြောက် NLD ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ယခင်က ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်ရှိ NLD အဖွဲ့ဝင် ဦးခင်မောင်လတ်နှင့် ရွှေပြည်သာမြို့နယ်ရှိ NLD အဖွဲ့ဝင် ဦးဇော်မြတ်လင်း တို့သည်လည်း စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်မှုကြောင့် သေဆုံးခဲ့ရသည်။ ရန်ကုန်မြို့သို့ CNN ၏ နိုင်ငံတကာသတင်းထောက်ချုပ် Clarissa Ward ရောက်ရှိနေပါသည်။ ယမန့်နေညက သူမ၏ Twitter တွင် လေယာဥ်လက်မှတ်ကို တင်ခဲ့ပြီးနောက် လူအများ၏ စိတ်ဝင်စားမှုကို ရရှိလာခြင်းဖြစ်သည်။ သူမရောက်ရှိလာခြင်းသည် စစ်အုပ်စုက ဒေါ်လာ ၂ သန်းပေးပြီး ဌားရမ်းထားသည့် အစ္စရေးနိုင်ငံသား Ari Ben-Menashe ၏ ဆောက်ရွက်မှုဖြစ်နိုင်ကြောင်း ခန့်မှန်းမှုများလည်းရှိပါသည်။ သူမရောက်ရှိလာ ခြင်းကြောင့် လူမှုကွန်ယက် အသုံးပြုသူများအကြားတွင် အမြင်များကွဲပြား နေပါသည်။ တချို့က သူမသည် စစ်အုပ်စုခွင့်ပြုချက်ဖြင့် ရောက်ရှိလာခြင်း ဖြစ်သဖြင့် စစ်အုပ်စု၏ ဝါဒဖြန့်မှုများနှင့် ၎င်းတို့ပြသချင်သည့် အကြောင်း အရာများကိုသာ ဖော်ပြမည်ဖြစ်ကြောင်း သံသယရှိနေကြပါသည်။ သို့သော်အချို့ က CNN သည် လက်ရှိမြန်မာပြည် အခြေအနေကို သိရှိပြီးကြောင်း Clarissa Ward သည်လည်း အတွေ့အကြုံရင့် သတင်းသမားဖြစ်သဖြင့် စစ်အုပ်စုအလိုကျမဟုတ်ဘဲ ၎င်းတို့ အကျပ်တွေ့စေမည့် မေးခွန်းများမေးခြင်း သတင်းများတင်ဆက်ခြင်း တို့ကို လုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်း ပြောဆိုကြပါသည်။ အချို့ကမူ သတိကြီးစွာစောင့်ကြည့်ရန် လိုအပ်ပြီး အာဏာသိမ်းခေါင်းဆောင်နှင့် အင်တာဗျူးပီးမှသာ ဆုံးဖြတ်ကြရန် လိုအပ်ကြောင်း ပြောဆိုကြပါသည်။



Comments
Post a Comment