ဧပြီ ၁၊ ၂၀၂၁ #day60
ယနေ့သည် စစ်တပ်က တရားမဝင်အားဏာသိမ်းခြင်း နှစ်လပြည့်မြောက်သည့် နေ့ဖြစ်သည်။ နှစ်လပြည့်မြောက်သွားပီဖြစ်သော်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ရှားမှုများသည် မြန်မာပြည့်အနှံတွင် နည်းမျိုးစုံဖြင့် အရှိန်အဟုန်မပျက် ဖြစ်ပေါ်နေသေးသည်။ စစ်အုပ်စုက ဝိုင်ဖိုင်အင်တာနက်များအား အကန့်အသတ်မရှိ ပိတ်သိမ်းရန် ကုမ္ပဏီများအား ညွှန်ကြားလိုက်သည်။ လက်ရှိအချိန်တွင်လည်း ည ၁ နာရီနောက်ပိုင်း တနိုင်ငံလုံးအင်တာနက်ဖြတ်တောက်ခြင်းနှင့် လက်ကိုင်ဖုန်းများမှ အင်တာနက်ဖြတ်တောက်ခြင်းများကို စစ်အုပ်စုက ပြုလုပ်ထားပြီးဖြစ်သည်။ အဆိုပါအင်တာနက်ဖြတ်တောက်မှုများကြောင့် သတင်းအချက်အလက်စီးဆင်းမှုများကိုထိခိုက်တော့မည်ဖြစ်ပြီး အကြမ်းဖက်မှုများကို မှတ်တမ်းတင်နိုင်တော့မည်မဟုတ်ပေ။ ထို့အပြင်နေရာတော်တော်များများတွင် လမ်းများအိမ်များရှိ CCTV ကင်မရာများကိုလည်း စစ်အုပ်စုဝင်များက လိုက်ခံဖျက်ဆီးလျက်ရှိပါသည်။ ပြည်သူများအနေဖြင့် ရက်စက်ကြမ်းကြုတ်မှုများ ပိုမိုတိုးပွားလာတော့မည်ကို အလွန်အမင်းစိုးရိမ်နေကြပါသည်။ စစ်အုပ်စုသည် ဆန္ဒပြသူများ CDM ပြုလုပ်သူများကို ၎င်းတို့၏ Facebook profile တို့ဖြင့် ဖမ်းဆီးနေခြင်းကြောင့် Facebook team က မြန်မာပြည်အတွက် profile များကို ဖုံးကွယ်နိုင်သည့် နည်းလမ်းတစ်ခုကို မိတ်ဆက်ခဲ့သည်။ အဆိုပါနည်းလမ်းကို အသုံးပြုပါက မိတ်ဆွေမဟုတ်သူများက မိမိ၏ ဓာတ်ပုံများနှင့် အချက်အလက်များကို ရယူနိုင်တော့မည်မဟုတ်ပါ။
စစ်အုပ်စုသည် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အစိုးရဝန်ကြီးအချို့အား ယနေ့တွင် နိုင်ငံတော်သစ္စာဖောက်မှု၊ အဂတိလိုက်စားမှုတို့ဖြင့် ထပ်မံတရားစွဲဆိုလိုက်သည်။ ယမန်နေ့က သူမနှင့် အွန်လိုင်းမှုတစ်ဆင့်တွေ့ဆုံခဲ့သော သူမရှေ့နေ၏အဆိုအရ သူမသည်ကျန်းမာလျက်ရှိကြောင်း မီဒီယာများသို့ပြောဆိုပါသည်။ ကချင်ပြည်နယ်ရှိ NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအပါအဝင် NLD နှင့် ဆက်စပ်သူများ ယနေ့ထပ်မံအဖမ်းခံရကြောင်း မီဒီယာများကဖော်ပြပါသည်။ ထို့အပြင် Sean Turnell ကိုလည်း နိုင်ငံတောလျို့ဝှက်စာရွက်စာတမ်းများဥပဒေဖြင့်တရားစွဲဆိုလိုက်သည်။ အဆိုပါပြစ်မှုသည် အများဆုံးထောင်ဒဏ် ၁၄ နှစ်အထိကျခံနိုင်သော ပြစ်မှုဖြစ်သည်။ CRPH အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဖျက်သိမ်းကြောင်းကြေညာပြီးပြီးခြင်း အပိုင်း ၂ ပိုင်းပါတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ် ကိုကြေညာလိုက်ပါသည်။ အဆိုပါပဋိညာဥ်၏ ပထမပိုင်းသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြေညာစာတမ်းဖြစ်ပြီး ဒုတိယအပိုင်းသည် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံများဖြစ်သည်။ စာတမ်းမျက်နှာဖုံးတွင် အဆိုပါစာတမ်းအား ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ တိုင်းရင်းသားလက်နက်ကိုင်များ တိုင်းရင်းသားနိုင်ငံရေးပါတီဝင်များ ဆန္ဒပြမှုများအား ဦးဆောင်နေသူများပါ သဘောတူညီ ဆုံးဖြတ်ထားသည့် စာတမ်းဖြစ်ကြောင်း ဖော်ပြရေးသားထားပါသည်။ အဆိုပါပဋိညာဥ်ပေါ်ပေါက်လာခြင်းအပေါ် လူအများအပြားကကြိုဆိုလိုက်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံသော ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လားရေးအတွက် အခြေခံဖြစ်ကောင်း ထောက်ခံကြပါသည်။ ဥပဒေပညာရှင်အချို့အပါအဝင် တချို့က အဆိုပါပဋိညာဥ်သည် ဥပဒေအရလေးနက်ခိုင်မာမှုမရှိကြောင်း အာမခံနိုင်မှုမရှိကြောင်း ဝေဖန်ကြသည်။
ကရင်ပြည်နယ်တွင် လေကြောင်းမှုဗုံးကြဲခြင်းများနှင့် မြေပြင်တိုက်ခိုက်မှုများဆက်လက်ရှိနေပြီး ထိခိုက်သေဆုံးသူအတိအကျကို မသိရသေးပါ။ ယခင်နေ့ကသတင်းများအရ ၅ နှစ်အရွယ် ကလေးငယ်အပါအဝင် သေဆုံးသူ ၁၀ ကျော်ပီဖြစ်ကြောင်း သိရပါသည်။ ယမန်နေ့က လူမှုကွန်ယက်တွင် ပြန့်နှံ့နေသော ဓာတ်ပုံများအရ ရခိုင်ပြည်နယ် စစ်တွေလေဆိပ်တွင် တပ်မ ၁၁ မှ အင်အား ၅၀၀ ခန့်ရှောက်ရှိလာကြောင်း Khit Thit Media က ဖော်ပြခဲ့သည်။ မြောက်ပိုင်းမဟာမိတ်၏ တဖက်သတ်အပစ်ရပ်ကြေညာမှုသည် ယမန်နေ့ မတ်လ ၃၁ က သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ရခိုင်ပြည်တွင်လည်း စစ်ပွဲများဖြစ်လာနိုင်ချေရှိကြောင်း ခန့်မှန်းပြောဆိုနေကြပါသည်။ လွန်ခဲ့သည့် နာရီအနည်းငယ်တွင် ပူတာအိုတွင် လှုပ်ရှားသော KIA တပ်မဟာ ၁ က ဒေသခံများ၏ကားများက စစ်တပ်၏ အသုံးအဆာင်ပစ္စည်းသယ်ဆောင်ခြင်းမပြုရန် ၎င်းတို့၏ နေရာများတွင် နားခိုခွင့်မပြုရန် စာထုတ်လိုက်သည်။ မတ်လ ၁၈ ရက်နေ့ကလည်း ဖားကန့်ဒေသရှိ KIA တပ်မဟာ ၉ က အလားတူ သတိပေးစာထုတ်ခဲ့ဘူးသည်။ ထို့အပြင် မိုးညှင်းဒေသရှိ တပ်မဟာ ၈ ကလည်း မတ်လ ၂၈ ရက်နေ့က စစ်အုပ်စုအား အကြမ်းဖက်မှုများရပ်ရန် သတိပေးစာထုတ်ပြန်ခဲ့ဘူးသည်။
ကလေးမြို့သို့သွားသော လမ်းမကြီးတစ်လျောက်ရှိ ရွာများမှ ရွာသားများဘက်က ပြည်သူ့စစ်ကဲ့သို့ဖွဲ့စည်းပြီး ပျောက်ကြားစနစ်ဖြင့်တိုက်ခိုက်နေကြောင်း သိရသည်။ စစ်အုပ်စုတို့သည် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ရွာသားတစ်ဦးသေဆုံးကြောင်း Chin World Media က တင်ပြပါသည်။ ရန်ကုန်အပါအဝင် ဒေသအချို့ရှိမြို့များတွင် မြို့နယ်အခြေပြု အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့များဖွဲ့စည်းကြောင်း ကြေညာနေကြပါသည်။ အဆိုပါအဖွဲ့၏ အဓိကရည်ရွယ်ချက်များမှာ စစ်အုပ်စုနှင့် ၎င်းတို့အား သတင်းပေးသူများ (ဒလန်) များ CDM မလုပ်သူများကို ဖော်ထုတ်အပြစ်ပေးရန်၊ ဆန္ဒပြသူများအချင်းချင်းညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်နိုင်ရန်၊ ကျဆုံးသွားသော ဆန္ဒပြသူများ၏ မိသားစုများအား ကူညီရန်တို့ဖြစ်သည်။ အဆိုပါအဖွဲ့များသည် CRPH မှ ပြောဆိုသည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် အတန်ငယ်ကွဲပြားမှုရှိသည်။ ဒုတိယအဖွဲ့များမှာ CRPH နှင့်ချိတ်ဆက်မှုများအပါအဝင် ဒေသအတွင်းကိုယ်ပိုင်းအုပ်ချုပ်မှုများနှင့် စစ်အုပ်စုခန့်အပ်သော အုပ်ချုပ်ရေးမှူးများအား အာခံခြင်းတို့ကို ဦးတည်ပါသည်။ ရန်ကုန်မြို့ရှိ စစ်တပ်ပိုင်ဆိုင်သော Ruby Mark သည် ယမန်နေ့ သန်းခေါင်းအချိန်တွင်လည်းကောင်း Gandamar Whole Sale သည် ယနေ့မနက်ပိုင်းတွင်လည်းကောင်း မီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။ မည်သို့လောင်ကျွမ်းသည်ကို မသိရသေးသော်လည်း လူမှုကွန်ယက်အသုံးပြုသူများက ညမထွက်ရအမိန့်ရှိခြင်းကြောင်း မည်သူမှ မထွက်ရဲကြောင်း စစ်သားများကိုယ်တိုင် ဆန္ဒပြမှုများအား ပုံရိပ်ဖျက်လို၍ မီးရှို့ခြင်းဖြစ်ကြောင်း ပြောဆိုကြပါသည်။ Ruby Mark မီးလောင်မှုအား ငြိမ်းသက်ရန် သွားသော အမျိုးသမီးတစ်ယောက်သည်လည်း သေနတ်အပစ်ခံရ၍ သေဆုံးခဲ့ကြောင်း မျက်မြင်သက်သေများက Khit Thit မီဒီယာသို့ ပြောဆိုပါသည်။
Comments
Post a Comment