ဧပြီ ၂၊ ၂၀၂၁ #day61
နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသူများအတွက် ပန်းသပိတ်ကို ရန်ကုန်မြို့နှင့် အခြားသောမြို့ကြီးများတွင် ပြုလုပ်ခဲ့ကြပြီး နိုင်ငံရပ်ခြားမှလည်း ပါဝင်ခဲ့ကြသည်။ လမ်းမများ၊ ကားမှတ်တိုင်များ၊ စျေးဆိုင်များ၊ ရေကန်နားဘေးများတွင် ပန်းများကိုချထားခြင့်ဖြင့် အဆိုပါလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြခြင်းဖြစ်သည်။ AAPP ၏ စာရင်းအရ သေဆုံးသူ ၅၄၃ ဦး ဖမ်းဆီးခံရသူ ၂၇၄၁ ဦးရှိပြီးဖြစ်သည်။ သေဆုံးသူများထဲတွင် ကလေးအနည်းဆုံး ၄၃ ဦးပါဝင်ကြောင်း Save the Children က ထုတ်ပြန်ထားပါသည်။ တစ်ဖက်တွင် စစ်အုပ်စုအနေဖြင့် ၎င်းတို့သည် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းအောင် တရားဥပဒေစိုးမိုးအောင်လုပ်နိုင်နေပီ ဖြစ်ကြောင်း ပြသနိုင်ရန် အပြင်းအထန်ကြိုးစားနေသည်ကိုတွေ့ရသည်။ အစိုးရပိုင် မီဒီယာများတွင် စစ်အုပ်စုခေါင်းဆောင်များ စေတီဘုရားများသို့ သွားနေခြင်းများ၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေခြင်းများ၊ Covid ကာကွယ်ရေးဆေးထိုးပေးခြင်းများကို ဆက်တိုက်တင်ဆက် ဖော်ပြနေသည်။ ထို့အပြင် နိုင်ငံခြားနှင့် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများသို့ တိမ်းရှောင်နေသော လူငယ်ကျောင်းသားများအား ပြန်လာကြရန် ဖိတ်ခေါ်လိုက်ပြီး ရာဇဝတ်မှုမကျူးလွန်ထားပါက အရေးယူမှုပြုလုပ်မည်မဟုတ်ကြောင်း ကြေညာလိုက်သည်။ ၎င်းတို့ဖိတ်ကြားထားသော CNN သတင်းအဖွဲ့ကိုလည်း ယနေ့ ရန်ကုန်မြို့ရှိ နေရာအချို့သို့ သွားလာခွင့်ပေးသည်ကိုတွေ့ရသည်။ သို့သော် သူမအား အရပ်ဝတ်စစ်သားများစွာ နောက်ယောင်ခံလိုက်နေကြောင်း CJ များ ရိုက်ကူးထားသော ဓာတ်ပုံများအရ သိရှိရသည်။ ထို့အပြင် သူမက အင်တားဗျူးမှုပြုလုပ်ခဲ့သူ အမျိုးသမီး ၂ ဦး ဓာတ်ပုံရိုက်သူအမျိုးသမီး ၂ ဦးအပါအဝင် အရပ်သား ၅ ဦးအား အရပ်ဝတ်စစ်သားများက ပစ္စတိုပြ၍ ဖမ်းဆီးချုပ်နှောင်ပြီး ခြိမ်းခြောက်မှုများပြုလုပ်နေသည်။
စစ်ဖြစ်မည်ကို ကြောက်ရွံ့သောကြောင့် ထိုင်းနှင့် မြန်မာနယ်စပ်ရှိ ဒေသခံ ၆၀၀၀ ခန့် ဗုံးခိုကျင်းများတူးဖော်နေကြပြီး ထွက်ပြေးတိမ်းရှောင်ရန်ပြင်ဆင်နေကြကြောင်း Irrawaddy က တင်ပြခဲ့သည်။ မတ်လ ၃၀ ရက်နေ့တွင် စစ်အုပ်စုက ထိုင်းနယ်စပ်တွင်အခြေကျသော ရှမ်းလက်နက်ကိုင် RCSS အားတိုက်ခိုက်တော့မည်ဟူသည့် ခြိမ်းခြောက်မှုများထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ Myanmar Now ၏ ဖော်ပြချက်အရ စစ်အုပ်စု လေယာဥ်ဗုံးကျဲမှုကြောင့် ကရင်ပြည်နယ်တွင် သေဆုံးသူ ၂၀ ဦးအထိရှိပီဖြစ်ကြောင်း သိရသည်။ Khit Thit မီဒီယာ၏ ဖော်ပြချက်အရ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ဒေသခံများနှင့် စစ်အုပ်စုတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုများဖြစ်ပွားနေကြောင်း မုံရွာဘက်မှ စစ်အုပ်စု၏ အကူတပ်များသွားရောက်နေကြောင်း သိရသည်။ ချင်းပြည်နယ် တီးတိန်မြို့ရှိ ဒေသခံများက Zomi Federal Army တည်ထောင်ရန် လူစုဆောင်းသည့်စာတစ်စောင်အား The Tedim Post က ဖော်ပြထားသည်။ ကလေးမြို့ရှိ ဒေသခံများ၏ လက်နက်ကိုင်တော်လှန်မှုတွင် လူငယ်တစ်ဦးကျဆုံးကြောင်းလည်းသိရသည်။ စစ်ကိုင်းတိုင်း တမူးမြို့တွင် CDM ပါဝင်နေသည့် ရဲတပ်သား Thong Hao Gin ဦးဆောင်ပြီး ဒေသခံများနှင့် ရဲကင်းအားဝင်ရောက်တိုက်ခိုက်ရာ ရဲ ၅ ဦးနှင့် ၎င်းပါ သေဆုံးခဲ့ကြောင်း Myanmar Now ၏ ဖော်ပြချက်အရ သိရပါသည်။
ရန်ကုန်မြို့တွင် တောင်ကိုရီးယားပိုင် Shinhan Bank မှ ဝန်ထမ်း အသက် ၃၂ နှစ် မစုစုကြည်သည် ဦးခေါင်းကျည်ထိဒဏ်ရာဖြင့် ဆေးရုံတွင် ယနေ့သေဆုံးခဲ့သည်။ သူမသည် ဘဏ်သို့သွားနေစဥ် သူမစီးနင်းလာသော ဘဏ်ဖယ်ရီကားအား စစ်အုပ်စုက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ မတ်လ ၂၇ ရက်နေ့က ဖမ်းဆီးခံရသော ကျူရှင်ဆရာ ကျော်မိုးခိုင်သည်လည်း ထိန်းသိမ်းခံရစဥ် သေဆုံးခဲ့ကြောင်း Myanmar Now က ဖော်ပြထားသည်။ နာမည်ကျော် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ဦးမြအေးအား ယနေ့တွင် တရားရုံးထုတ်လိုက်ကြောင်း ၎င်း၏ မိသားစုက RFA ကိုပြောဆိုခဲ့သည်။ ၎င်းသည် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက အင်းစိန်ထောင်တွင် အဖမ်းခံရခြင်းဖြစ်ပြီး ကျန်းမာလျက်ရှိကြောင်းလည်းသိရသည်။ CRPH အနေဖြင့် မတ်လ ၃၁ ရက်နေ့က KNU တပ်မဟာ ၅ ထုတ်ပြန်ခဲ့သော ကြေညာချက်အား ထောက်ခံကြိုဆိုကြောင်း ဖော်ပြခဲ့သည်။ CRPH အနေဖြင့် NCA စာချုပ်သည် စစ်တပ်ကြောင့် အသက်မဝင်တော့ကြောင်း KNU ၏ အနေအထားအား နားလည်လက်ခံကြောင်း အဆိုပါစာတွင် ဖော်ပြထားပါသည်။
လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံသည် ယမန်နေ့က မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်ပြီး တံခါးပိတ်အစည်းအဝေးပြုလုပ်ခဲ့သည်။ အစည်းအဝေးပီးနောက် ယခင်ကကဲ့သို့ အကြမ်းဖက်မှုများအား ရှုံ့ချကြောင်း ကြေညာချက်သာထုတ်ပြန်ခဲ့သဖြင့် လူမှုကွန်ယက်အသုံးပြုသူများကလှောင်ပြန်နေကြပါသည်။ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် မြန်မာပြည်အရေးအား ဝင်ရောက်မစွက်ဖက်ခြင်းမှာ နိုင်ငံရေးအရ စီးပွားရေးအရ အရေးမပါခြင်းကြောင့်ဖြစ်ကြောင်း ဝေဖန်နေကြပါသည်။ UN ရဲ့မြန်မာပြည်ဆိုင်ရ အထူးသံတမန်က လုံခြုံရေးကောင်စီအနေဖြင့် ချက်ချင်းအရေးယူဆောင်ရွက်ခြင်းမရှိပါက သွေးချောင်းစီးမှုများဖြစ်လာနိုင်ကြောင်း ပြောဆိုခဲ့သည်။ သူမသည် မကြာမှီတွင် အာစီယံနိုင်ငံများသို့ လာရောက်မည်ဖြစ်ကြောင်း DVB က ဖော်ပြပါသည်။ မြန်မာနှင့်တရုတ်နယ်စပ်အနီး ဂျယ်ဂေါင်ဒေသသို့ တရုတ်စစ်တပ်များရောက်ရှိလာကြောင်း Irrawaddy သတင်းဌာနက ဖော်ပြထားသည်။ ၎င်းတို့သည် ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်နိုင်ငံအထိသွယ်တန်းထားသော ဓာတ်ငွေ့ပိုက်လိုင်းအား လုံခြုံရေးယူရန်ဖြစ်ကြောင်း သိရသည်။ အာဏာသိမ်းပီးချိန်မှစဥ် မြန်မာပြည်အရေးသည် ပြည်တွင်းရေးသာဖြစ်ကြောင်း ပြောဆိုသော လုံခြုံရေးကောင်စီတွင် စစ်အုပ်စုဘက်က အမြဲရပ်တည်ပေးနေသော တရုတ်နိုင်ငံကို ပြည်တွင်းတွင် ဆန့်ကျင်ကန့်ကွက်မှုများ မြင့်တက်နေပါသည်။
Comments
Post a Comment