ဧပြီ ၃၊ ၂၀၂၁ #day62
မြန်မာပြည်တွင် ပြင်းထန်သောပြည်တွင်းစစ်ဖြစ်ရန် နှုတ်ခမ်းဖျားတွင်ရောက်ရှိနေပါသည်။ စစ်ပွဲများသည် မြန်မာပြည်အနှံ့သို့ လျင်လျင် မြန်မြန်ပြန့်နှံ့နေသည်။ ကရင်ပြည်နယ်ရှိ စစ်အုပ်စု၏ တိုးစစ်များသည် ပြင်းထန်လာပြီး နေ့ညမပျက် KNU နှင့်တိုက်ခိုက်မှုများ ရှိနေကြောင်းသိရသည်။ ယနေ့မနက်မှစ၍ မွန်ပြည်နယ်သထုံမြို့တွင် အခြေစိုက်သော KNU တပ်မဟာ ၁ ၏ စစ်စခန်းများအား စစ်အုပ်စုတပ်ဖွဲ့ဝင်များက တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြောင်း Khit Thit Media ကဖော်ပြထားပါသည်။ လက်ရှိအချိန်တွင် KNU တပ်မဟာသုံးခု (၁၊ ၃၊ ၅) တို့တွင် စစ်ပွဲများဖြစ်ပွားနေပါသည်။ ထို့ပြင် ကချင်ပြည်နယ်တွင်လည်း စစ်ပွဲများဆက်လက်ဖြစ်ပွားနေပြီး KIA က ရှေ့တန်းတွင် တိုက်ပွဲဝင်နေသော မြန်မာ့တပ်မတော်သားများအနေဖြင့် ၎င်းတို့နှင့် တိုက်ခိုက်ခြင်းမပြုဘဲ လာရောက်ပူးပေါင်းရန် စာထုတ်ပြန်လိုက်သည်။ ရှမ်းပြည်မြောက်ပိုင်းတွင်လှုပ်ရှားပြီး ကိုးကန့်အဖွဲ့ဟု လူသိများသော မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် MNDAA က တပ်မတော်အနေဖြင့် ၎င်းတို့အား ဆက်တိုက်ထိုးစစ်ဆင်နေကြောင်း ပြည်သူများအကျိုးအတွက် ၎င်းတို့အနေဖြင့် တိုက်ပွဲများကို တက်နိုင်သမျှတိမ်း ရှောင်နေကြောင်း စာထုတ်ပြန်လိုက်သည်။ ပြန့်နှံ့လျက်ရှိသော ကောလဟလသတင်းများအရ မြောက်မြားစွာသော တရုတ်စစ်သားများသည် ကိုးကန့်အဖွဲ့၏ ဝတ်စုံဝတ်ဆင်၍ စစ်တိုက်လေ့ရှိကြောင်းလည်းသိရပါသည်။
စစ်ဖြစ်လာနိုင်ချေရှိသဖြင့် မြန်မာထိုင်းနယ်စပ်ရှိ ရှမ်းဒုက္ခသည်စခန်း ၅ ခုရှိ ပြည်သူများအလွန်အမင်းစိုးရိမ်နေကြောင်း သျှမ်းပြည်စစ်ဘေး ရှောင်ကော်မတီ (ထိုင်းနယ်စပ်) က ယမန်နေ့က စာထုတ်ပြန်ထားပါသည်။ KNU က စစ်အုပ်စုထံသို့ ပေါက်ကွဲအားပြင်းသော လက်နက်များအား ယနေ့ပြုလုပ်သည့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့၏ PPST အစည်းအဝေးတွင် ယာယီခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က KNU ထိန်းချုပ်နယ်မြေမှာ စစ်အုပ်စုက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေခြင်းကို ကန့်ကွက်ရှုတ်ချ ကြောင်းပြောကြားလိုက်သည်။ အဆိုပါအစည်းအဝေးတွင် NCA စာချုပ်ကို ပြန်လည်သုံးသပ်ခြင်း၊ နွေဦးတော်လှန်ရေးအား ပံ့ပိုးခြင်း၊ CRPH နှင့်အတူလုပ်ဆောင်မည့်အကြောင်းတို့ကို ဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းကလေးမြို့ တာဟန်းရပ်ကွက်ရှိ ပင်မသပိတ်စခန်းမှ ဆန္ဒပြသူများက ၎င်းတို့ ဖမ်းဆီးထားသူ ၇ ဦးနှင့် စစ်ကောင်စီဘက်က ဖမ်းဆီးထားသူ ပြည်သူ ၉ ဦးတို့အား စေ့စပ်ညှိနှိုင်းပြီးနောက် ယနေ့ည ၇ နာရီခွဲတွင် လဲလှယ်လိုက်ကြောင်း ကလေးမြို့အခြေစိုက် Chinlung Today မီဒီယာ၏ ဖော်ပြမှုအရသိရသည်။ တရားစွဲခံထားရသူများကလွဲပြီး ကျန်ရှိသူများကိုလည်း တင်္နလာနေ့တွင် စစ်ကောင်စီမှ ပြန်လွှတ်ပေးရန် ကတိပြုခဲ့ကြောင်းလည်းသိရသည်။ RFA ၏ ထောင်မှထွက်လာသော ကျောင်းသားများကို မေးမြန်းချက်အရ ကျောင်းသား သမဂ္ဂမှ ကျောင်းသားခေါင်းဆောင်များအား လည်ပင်းတွင်ကြိုးချည်၍ ရိုက်နက်ခြင်း စစ်ဆေးမေးမြန်းခြင်း ခြိမ်းခြောက်ခြင်း ပြုကြောင်းသိရသည်။ ဖမ်းဆီးခံရသောကျောင်းသားများ၏ ပြောဆိုချက်အရ ရိုက်နှက်ခံရခြင်းကြောင့် သေဆုံးသူ၊ ကိုယ်ဝန်ပျက်ကျသူ အမျိုးသမီးလည်းရှိကြောင်း သိရသည်။ အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုများ နေ့စဥ် အင်အားကောင်းကောင်းဖြင့်ပြုလုပ်လျက်ရှိသော စစ်ကိုင်းတိုင်းမုံရွာမြို့တွင် စစ်အုပ်စုက အကြဖမ်းဖက်ပစ်ခတ်မှုများကြောင်း သေဆုံးသူ အနည်းဆုံး ၂ ဦးခန့်ရှိပြီး ဒဏ်ရာရရှိသူ ၅ ခန့်ရှိကြောင်း Myanmar Now က ဖော်ပြသည်။ BBC ၏ ဖော်ပြချက်ရ သထုံမြို့တွင်လည်း သေဆုံးသူ အနည်းဆုံးတစ်ဦးရှိကြောင်းသိရသည်။
နွေဦးတော်လှန်ရေးလူငယ်တွေဦးဆောင်ပြီး ထုတ်လွှင့်မည့် ဖက်ဒရယ် FM (90.2 MHz) အား စစ်ကောင်စီမှ အရေးယူမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ အင်တာနက်များပြတ်တောက်ခြင်း မီဒီယာများအားဆက်တိုက်ဖိနှိပ်နေခြင်းတို့ကြောင့် သတင်းအချက် အလက်များ ပြတ်ထောက်မသွားစေရန် လူငယ်များက ကြိုးပမ်းနေခြင်းဖြစ်သည်။ အဆိုပါ FM အား လောလောဆယ်တွင် ရန်ကုန်မြို့တဝိုက်တွင်သာဖမ်းယူနိုင်အုန်းမည်ဖြစ်ကြောင်း RFA က ဖော်ပြသည်။ ယမန်နေ့က ဆန္ဒပြသူများအား ထောက်ခံကူညီကြသော အနုပညာရှင် ၂၀ ခန့်အား စစ်ကောင်စီက ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်လိုက်ကြောင်း ကြေညာလိုက်သည်။ အဆိုပါစာရင်းတွင် မင်းသား မင်းသမီးများ မော်ဒယ်များ အဆိုတော်များ မိတ်ကပ်အနုပညာရှင်များနှင့် အခြားအွန်လိုင်းတွင်ကျော်ကြားသူများပါဝင်သည်။ အင်းစိန်ထောင်တွင်ဖမ်းဆီးထားသော NLD ဗဟိုကော်မတီဝင်များဖြစ်သည့် ဦးဟံသာမြင့် ဦးသိန်းဦး ဦးရဲမင်းဦးတို့အား ယနေ့ရုံး ထုတ်လိုက်သည်။ ဦးဟံသာမြင့်နဲ့ ဦးသိန်းဦးတို့အား နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅-(ခ)၊ ဦးရဲမင်းဦးအား ယုံကြည်အပ်နှံရေးချိုးဖောက်မှုပြစ်မှုနှင့် သက်ဆိုင်သော ရာဇသတ်ကြီး ဥပဒေ ပုဒ်မ -၄၀၉ တို့နဲ့ စွဲချက်တင်လိုက်ကြောင်း RFA သတင်းကဖော်ပြသည်။
CNN သတင်းထောက် Clarissa Ward ဖြင့် စကားပြောခဲ့သူ ပြည်သူ စုစုပေါင်း ၉ ဦးအား အရပ်ဝတ်စစ်သားများက ဖမ်းဆီးခဲ့ကြောင်း Irrawaddy က ဖော်ပြသည်။ စစ်အုပ်စုက အများအမြင်တွင် သတင်းလွှတ်လပ်ခွင့်ပေးကြောင်း ပြသနေသော်လည်း လက်တွေ့အောက်ခြေတွင် ဖိနှိပ်နေခြင်းဖြစ်ကြောင်း ဝေဖန်နေကြပါသည်။ ယမန်နေ့ညသန်းခေါင်အချိန်တွင် စစ်တပ်အင်အားအလုံးအရင်းဖြင့် ရန်ကုန်မြို့ ဒဂုံမြို့နယ်တွင် ဆန္ဒပြဦးဆောင်သူ လူငယ် ၁၁ ခန့်အား ဖမ်းဆီးလိုက်ကြောင်း Khit Thit Media ကဖော်ပြထားပါသည်။ မြန်မာပြည်၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဏတွင် နှစ်ပေါင်းများစွာ ရင်းနှီးမြှပ်နှံနေသော မလေးရှားကုမ္ပဏီ Petronas က ရဲတံခွန်ကမ်းလွန် သဘာဝဓာတ်ငွေ့တူးဖော်မှုရှိ ၎င်း၏ ရင်းနှီးမြှပ်နှံမှုများအား ရုတ်သိမ်းသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ယခင်ကလည်း Total နှင့် လက်တွဲလုပ်ဆောင်နေသော သြစတေးလျစွမ်းအင်ကုမ္ပဏီကြီး Woodside က မြန်မာပြည်မှ ထွက်ခွာမည်ဖြစ်ကြောင်း စာထုတ်ပြန်ခဲ့ဘူးသည်။ ယခုအခါတွင် ကျန်ရှိနေသေးသော Total (ပြင်သစ်) Chevron (အမေရိကန်) PTTEP (ထိုင်း) နှင့် POSCO Daewoo (တောင်ကိုရီးယား) တို့အား နှုတ်ထွက်ရန်နှင့် အစိုးရပိုင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့အရေးယူမှုပြုလုပ်ရန် ဆက်လက်ဖိအားပေး နေကြပါသည်။



Comments
Post a Comment