ဧပြီ ၄၊ ၂၀၂၁ #day63
မြန်မာပြည်ရှိ လူငယ်ဆန္ဒပြသူများသည် နိုင်ငံတကာအား ထပ်မံအံ့အားသင့်စေခဲ့သည်။ ခရစ်ယာန်ဘာသာရေးအရ ခရစ်တော်ပြန်လည်ထမြောက်ရာနေ့ဖြစ်သော ယနေ့ Easter Sunday နေ့တွင် အနောက်နိုင်ငံများတွင် ပြုလုပ်လေ့ရှိသည့် ကြက်ဥများ ဆေးချယ်သခြင်း မျှဝေခြင်းအတိုင်း မြန်မာလူငယ်များက အတုယူ၍ ၎င်းတို့၏ လိုအင်ဆန္ဒများကို ထုတ်ဖော်ပြသလိုက်ကြသည်။ ဗုဒ္ဓဘာသာဝင် ၈၀ ရာခိုင်နှုန်းခန့်ရှိသော မြန်မာနိုင်ငံတွင် အစ်စတာနေ့သည် ကျင်းပလေ့ရှိသောပွဲမဟုတ်သော်လည်း လူငယ်အများစုက ဦးဆောင်ပြီး လူထုလှုပ်ရှားမှုတစ်ခု အဖြစ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ယခင်ကလည်း အသံတိတ်သပိတ်၊ အမှိုက်သပိတ်၊ လူမဲ့သပိတ်၊ ပန်းသပိတ်များပြုလုပ်၍ စစ်အာဏာဆန့်ကျင်ရေး လှုပ်ရှားမှုများကို နိုင်ငံအဝန်းတွင် ပြုလုပ်ခဲ့ကြသည်။ အဆိုပါလှုပ်ရှားမှုများကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်ရှိ လူငယ်များသည် နည်းပညာအားနှံ့စပ်ကျွမ်းကျင်ရုံမျှမက ဆန်းသစ်သည့်အတွေးအခေါ်များ, ခေတ်မှီသည့် လေ့လာမှုများ ပိုင်ဆိုင်ထားသည်ကြောင်း ဖော်ပြနေပါသည်။ ယနေ့လှုပ်ရှားမှုများသည် ကနေဒါ၊ သြစတေးလျကဲ့သို့ အနောက်နိုင်ငံ မီဒီယာများသို့ ပြန်နှံ့ခဲ့ကြောင်းလည်းသိရသည်။ ပုတ်ရဟန်းမင်းကြီး စိန့်ဖရန်စစ်မှလည်း သူ၏ အီစတာသတင်းစကားတွင် မြန်မာလူငယ်များအား ချီးကျူးလိုက်ပြီး မြန်မာပြည်ရှိလူငယ်များသည် ဒီမိုကရေစီရရှိရေးအတွက် နှစ်နှစ်ကာကာလုပ်ဆောင် နေကြကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
NCA အပစ်ရပ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က ၂၀၀၈ အခြေခံဥပေဒဖျက်သိမ်းခြင်းအား ထောက်ခံကြောင်းနှင့် CRPH ၏ ဖက်ဒရယ်ပဋိညာန်အား ကြိုဆိုကြောင်း စာထုတ်ပြန်လိုက်သည်။ ယမန်နေ့ကလည်း NLD ပါတီအနေဖြင့် CRPH ၏ ဆောင်ရွက်မှုများအား ထောက်ခံကြောင်းစာထုတ်ပြန်ခဲ့သည်။ NCA လက်မှတ်မရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့မှ လက်ရှိအချိန်အထိ တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါ။ European Karen Network ၏ ဖော်ပြချက်အရ ထိုင်းအစိုးရသည် လူသားခြင်းစာနာမှုဆိုင်ရာအကူအညီပေးမှုများ လုပ်သားများအား စစ်ဘေးရှောင်ကရင်ပြည်သူများဆီသို့ သွားလာခွင့်မပေးသေးကြောင်းသိရသည်။ ထို့အတွက် နိုင်ငံတကာမှ ထိုင်းအား ဖိအားပေးရန် တောင်းဆိုလိုက်သည်။ ယခင်နေ့အထိသတင်းများအရ ထိုင်းဘက်သို့ ရောက်ရှိတိမ်းရှောင်နေသော ကရင်ပြည်သူပေါင်း ၃၀၀၀ ခန့်ရှိနေပြီး ၎င်းအတို့အတွက် အရေးပေါ်အကူအညီများလိုအပ်နေကြောင်း သိရပါသည်။ ချင်းလူမျိုးအများအပြားနေထိုင်သော အိန္ဒိယနယ်စပ်အနီးရှိ တမူးမြို့တွင် လက်နက်ကိုင်ပြည်သူများနှင့် စစ်အုပ်စုတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း Mizzima က ဖော်ပြထားသည်။ ရဲကင်းစခန်းနှစ်ခုနှင့် တံတားတစီးမီးလောင်ကြောင်းနှင့် ပြည်သူများက မီးသတ်စခန်းအား ထိန်းချုပ်လိုက်ကြောင်းလည်းသိရသည်။ နှစ်ဖက်စလုံးတွင် ထိခိုက်ကျဆုံးမှုများရှိပြီး လူဦးရေအတိအကျကို မသိရသေးပါ။
CNN ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၎င်းတို့အနေဖြင့် အင်တာဗျူးခံရသူများ ဖမ်းဆီးခံရခြင်းကို သတိထားမိကြောင်းနှင့် အဆိုပါဖမ်းဆီးခံရသူများပြန်လည်လွတ်မြောက်လာရေးအတွက် စစ်အုပ်စုအားတောင်းဆိုနေကြောင်း ရိုက်တာသတင်းထောက် ကို ပြောဆိုခဲ့ပါသည်။ ယနေ့တွင်အချို့သူများလွတ်မြောက်လာသော်လည်း အနည်းဆုံးအမျိုးသမီးလေးဦးနှင့် အမျိုးသား တစ်ဦး ရွှေပြည်သာရှိ စစ်ကြောရေးတွင်ရှိနေသေးကြောင်းသိရသည်။ မန္တလေးမြို့တွင် လူနှစ်ရာကျော်ပါသော ဖမ်းဆီးမှုစာရင်းအား စစ်အုပ်စုက လူမြင်နေရာများတွင် ကြေညာနေပါသည်။ ထို့အပြင် ပုဒ်မ ၅၀၅ (က) ဖြင့် စွဲဆိုခဲ့ရသည့် အနုပညာရှင်များစွာပါဝင်သောစာရင်းအသစ်ကို နိုင်ငံပိုင်မီဒီယာက ထပ်မံထုတ်ပြန်ခဲ့ပါသည်။ ထုတ်ပြန်ထားသောစာရင်းမှ သရုပ်ဆောင် ရဲတိုက်အား ဖမ်းဆီးရမိကြောင်း စစ်အုပ်စုမှကြေညာထားပါသည်။ အဆိုပါအနုပညာရှင်များအားလုံးသည် စစ်အုပ်စုဆန့်ကျင်ရေးလှုပ်ရှားမှုများအား ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာများတွင် ဖော်ပြကြခြင်းဖြစ်သည်။
မြို့ကြီးများတွင် ညအချိန်ထူးခြားသောမီးလောင်မှုများဖြစ်ပွားနေပါသည်။ မန္တလေး ပုသိမ် ရန်ကုန်တို့တွင် အရင်ကလည်း ညအချိန်မီးလောင်မှုများ ဖြစ်ပွားခဲ့ပြီး, ယမန်နေ့ညနှင့် ယနေ့တွင်လည်း ရန်ကုန် စမ်းချောင်း စစ်ကိုင်းတိုင်းတမူး ရှမ်းပြည်တောင်ကြီးတို့တွင် ရပ်ကွက်အုပ်ချုပ်ရေးရုံးများ အများပြည်သူအိမ်များမီးလောင်ခဲ့သည်။ လူမှုကွန်ယက်အသုံး ပြုသူများက ၎င်းတို့အနေဖြင့် မီးငြိမ်းသတ်ရန်ကြိုးပမ်းသည်ကို တာဝန်ရှိသူများက တားဆီးကြောင်း၊ ညမထွက်ရဖြစ်သဖြင့် ရပ်ကွက်နေပြည်သူများက လုပ်ဆောင်ခြင်းလုံးဝမဖြစ်နိုင်ဘဲ စစ်သားများက ပြည်သူများကို အပြစ်တင်နိုင်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောဆိုနေကြသည်။ တရုတ်ထုတ်ကုန်များအပြင် အိမ်နီးချင်းထုတ်ကုန်များကို တက်နိုင်သမျှ ရှောင်ကြည်သုံးစွဲကြရန် ပြည်သူများအကြားနှိုးဆော်နေကြပါသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ၎င်းတို့အနေဖြင့် ၎င်းတို့၏ဆန္ဒများကိုဖော်ပြခြင်းသာမက ပြည်တွင်းရှိထွက်ကုန်များနှင့် အလုပ်သများများအား အားပေးရာရောက်ကြောင်း ပြောဆိုနေကြပါသည်။
ပြင်သစ် Total အနေဖြင့် မြန်မာပြည်တွင် လက်ရှိလုပ်ကိုင်နေသော ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများကို ရပ်တန့်သွားမှာ မဟုတ်ကြောင်း ပြင်သစ်သတင်းစာ du Dimanche ကို ပြောဆိုခဲ့ကြောင်း VOA က ဖော်ပြထားပါသည်။ ၎င်းတို့ ဆက်လက်လုပ်ကိုင်နေခြင်းဖြင့် ၎င်းတို့၏ ဝန်ထမ်းများအားအကာကွယ်ပေးနေခြင်းဖြစ်ကြောင်း စွမ်းအင်များ မပြတ်တောက် စေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကုမ္ပဏီ အလုပ်အမှုဆောင် Patrick Pouyanne က ပြောဆိုသည်။ Total ကုမ္ပဏီသည် ရတနာဓာတ်ငွေ့တူးဖော်ရေးလုပ်ကွက်တွင်လုပ်ကိုင်နေခြင်းဖြစ်ပြီး အဆိုလုပ်ငန်းမှရရှိသော လျှပ်စစ်အများစုအား ထိုင်းနိုင်ငံသို့ ပို့ဆောင်နေခြင်းဖြစ်သည်။ မြန်မာအစိုးရထံ လစဥ် ဒေါ်လာ ၄ သန်းပေးဆောင်ကြောင်းလည်း သိရသည်။ ဘဂလားပင်လယ်အော်အနီးတွင် ပြုလုပ်မည့် QUAD နှင့် ပြင်သစ်နိုင်ငံတို့ပါဝင်သောရေတပ်လေ့ကျင့်ခန်းနှင့် တိုက်ဆိုင်စွာပင် စစ်အုပ်စုက ၎င်းတို့ ရေတပ်လေ့ကျင့်ရေးအား ဧပြီလ ၄ ရက်မှ ၁၀ အထိ ပြုလုပ် ဘဂလားပင်လယ်အော်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
Comments
Post a Comment