ဧပြီ ၅၊ ၂၀၂၁ #day64
ပြည်သူအများသည် ဆန္ဒပြမှုများကိုအရှိန်မြင့်တင်ရန်ကြိုးပမ်းနေကြပါသည်။ ဗမာပြက္ကဒိန်အရ နှစ်ကူးကာလဖြစ်သည့် ယခုလိုအချိန်တွင် ပွင့်ဖူးလေ့ရှိသော နှစ်သစ်၏ အထိမ်းအမှတ်လက္ခဏာ တစ်ခုဖြစ်သည့် ပိတောက်ပန်းအားရည်ညွှန်း၍ ပိတောက်သပိတ်လုပ်ဆောင်ကြရန် လှုံ့ဆော်နေကြ ပါသည်။ ထို့အပြင် လာမည့် ဧပြီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် အထင်ကရ မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်အား ပြည်သူများအနေဖြင့် ကျင်းပခြင်းမပြုကြရန်လည်း လူမှုကွန်ယက်များတွင် ဆော်သြနေကြပါသည်။ အဆိုပါပွဲတော်ကာလတွင် ၁၀ ရက်ဝန်းကျင်ခန့် ပုံမှန်နိုင်ငံရုံးပိတ်ရက် အဖြစ် ပြုလုပ်လေ့ရှိပြီး မြန်မာပြည်၏ ခရီးသွားရာသီ ပျော်ပွဲစားရာသီတစ်ခု ဖြစ်ပါသည်။ သို့သော်လက်ရှိအခြေအနေအရ အဆိုပါကာလများတွင် အာဏာသိမ်းဆန့်ကျင်မှုများ အရှိန်မြင့်တက်လာနိုင်ချေရှိနေပါသည်။
မြန်မာပြည်၏ အနာဂတ်ပညာရေးစနစ်သည် ဖက်ဒရယ်ဒီမိုကရေစီစနစ်နှင့်လျော်ညီသော ပညာရေးစနစ်ဖြစ်စေရန်နှင့် လွတ်လပ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသော တက္ကသိုလ်များဖြစ်ရန် အတွက် CRPH အနေဖြင့်လုပ်ဆောင်ရမည်ဖြစ်ကြောင်း မြန်မာပြည်အနှံ့ရှိ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ၁၂၂ ဖွဲ့မှ ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ CRPH ကလည်း အဆိုပါကြေညာချက်အား လက်ခံကြိုဆိုကြောင်း ၎င်းတို့၏ ပဋိညာဥ်နှင့်ကြိုက်ညီသောအချက်များ ဖြစ်ကြောင်း ကျောင်းသား သမဂ္ဂများနှင့် အတူကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။ စစ်အုပ်စု၏လက်ချက်ဖြင့် ယနေ့တွင် အရပ်သား ၄ ဦးခန့်အနည်းဆုံးသေဆုံးခဲ့ကြောင်း RFA က ဖော်ပြခဲ့သည်။ နွေဦးတော်လှန်ရေးနှင့် NLD ကိုထောက်ခံသော တက်တူးများရေးထိုးထားသည့် အမျိုးသားတစ်ဦးကို စစ်အုပ်စု၏တပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး အဆိုပါ တက်တူးများရှိရာအရေပြားနေရာကို မီးရှို့ဖျက်ဆီးကြောင်း Mandalay Indepth News ကဖော်ပြခဲ့သည်။ ယနေ့တွင်လည်း စစ်အုပ်စုက အနုပညာရှင်နှင့် နိုင်ငံရေးသမား ၂၀ ဦးခန့်အား ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပါသည်။ ဖမ်းဝရမ်းထုတ်ခံရသည့် အနုပညာရှင်များပါဝင်သော ရုပ်ရှင်၊ သတင်းများမထုတ်လွင့်ရန် စစ်အုပ်စုက မီဒီယာကုမ္ပဏီကြီး ၇ ခုကို အသိပေးချက်ထုတ်ပြန်လိုက်သည်။ NLD ပါတီ၏ ပဲခူးတိုင်း သာယာဝတီမြို့နယ် ပြန်ကြားရေးတာဝန်ခံဖြစ်သည့် ကိုဂျာလေးကို စစ်အုပ်စုက ဖမ်းဆီးရမိခြင်းမရှိသောကြောင့် ၎င်း၏ ၄ နှစ်အရွယ် သမီးငယ်နှင့် ၂ နှစ်အရွယ် တူမအပါအဝင် မိသားစုဝင် ၆ ဦးအား စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း Myanmar Now ထံသို့ ၎င်းကိုယ်တိုင်ပြောဆိုခဲ့သည်။ AAPP ၏ စာရင်းများအရ သေဆုံးသူ အနည်းဆုံး ၅၇၀ ဖမ်းဆီးခံရသူ ၂၇၂၈ ဦးနှင့် ဖမ်းဝရမ်းထုတ်ခံရသူ ၄၄၃ ဦးထိရှိနေပြီဖြစ်သည်။
ယနေ့အဓိကအလွှမ်းမိုးဆုံးသတင်းကတော့ စစ်အုပ်စုကိုယ်တိုင် ဖိတ်ကြားသဖြင့် ရောက်ရှိလာသော CNN သတင်း၏ မြန်မာ့သတင်းတင်ဆက်မှုဖြစ်သည်။ Clarissa Ward, CNN’s Chief International Correspondent သည် စစ်အုပ်စု၏ ခွင့်ပြုချက်ဖြင့် မြန်မာပြည်သို့ မတ်လ ၃၀ ရက်နေ့က ရောက်ရှိနေခြင်းဖြစ်ပြီး စစ်အုပ်စုခေါင်းဆောင်များကို အင်တာဗျုး ခြင်းအပါအဝင် အရပ်သားအချို့နဲ့ တွေ့ဆုံခြင်းတို့ကိုပြုလုပ်ခဲ့သည်။ စစ်အုပ်စုရဲ့ခွင့်ပြုချက်ကိုလက်ခံခဲ့သည့် CNN ကို ကျင့်ဝတ်ပိုင်းဆိုင်ရာအရ မေးခွန်းထုတ်မှုတွေရှိခဲ့သော်လည်း ၎င်းတို့အနေနဲ့ မြေပြင်အခြေအနေကို သိချင်လိုခြင်းကြောင့် လာရောက်ခြင်းဖြစ်ကြောင်း သူမက ရှင်းပြခဲ့သည်။ ပြည်တွင်းတွင်လည်း CNN အနေနဲ့ စစ်အုပ်စုပြသသော အကြောင်းအရာများကိုသာ တင်ပြလိမ့်မယ်ဆိုသည့် သံသယများရှိခဲ့သော်လည်းဘဲ ၎င်းတို့ ယနေ့ညတင်ပြခဲ့သော ၉ မိနစ်စာ သတင်းကို ပြည်သူအများက အပြုသဘောဆောင် တုံ့ပြန်ခဲ့သည်ကို တွေ့ရပါသည်။ CNN က မြေပြင်မှာ ဖြစ်ပျက်နေသောအကြောင်းအရာများသည် စစ်အုပ်စုပြောသော ဇာတ်အိမ်များနဲ့ အလွန်ဘဲကွာခြားနေကြောင်း၊ မတရားအာဏာသိမ်းမှုသော စစ်တပ်အား အလွန်ပင်ရွံ့မုန်းနေကြကြောင်း၊ ၂ နှစ်အတွင်းရွေးကောက်ပွဲကျင်းပမည်ဆိုသည့် သတင်းအား ပြည်သူများက မယုံကြည်ကြကြောင်း၊ စစ်အုပ်စု၏ အကြမ်းဖက်များကြောင့် ၎င်းတို့အလွန်ပင်ကြောက် လန့်နေရကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် သူမနှင့် စစ်အုပ်စု၏ ပြောရေးဆိုခွင့်ရှိသူတို့ ယမန်နေ့က တွေ့ဆုံမေးမြန်မှုတွင် သူမက အကယ်၍ ဗိုလ်ချုပ်အောင်ဆန်း (ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်နှင့် တပ်မတော်ကိုစတင်တည်ထောင်ခဲ့သူ) သည် အသက်ရှင်နေသေးပါက လက်ရှိအဖြစ်အပျက်များကို မည်သို့ တုံ့ပြန်မည်နည်းဟူသည့် မေးခွန်းအား အဆိုပါပြော ရေးဆိုခွင့်ရှိသူက "မိုက်လိုက်တာ ငါ့သမီးရယ်"ဟု ပြောဆိုမည်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ လူမှုကွန်ယက်အသုံး ပြုသူများက အဆိုပါဖြေကြားမှုအား လှောင်ပြောင် နေကြပီး အဆိုပါမှတ်ချက်သည် စစ်ခေါင်းဆောင်များ၏ ဒေါ်အောင်ဆန်းစု ကြည်အပေါ် အစဥ်အမြဲထားရှိသော သဘောထားအား ထင်ဟပ်နေကြောင်း ပြောဆိုနေကြပါသည်။ ၎င်းတို့အနေဖြင့် သူမ ဖခင်အားလေးစားကြောင်းပြသလေ့ရှိသော်လည်း သူမအား နိုင်ငံခြားသားနှင့်လက်ထပ်ခဲ့ခြင်းကြောင့် နိုင်ငံအပေါ်သစ္စာမရှိသူ, နိုင်ငံအားဖျက်ဆီးမည့်သူအဖြစ် ပုံဖော်လေ့ရှိပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနှင့် နမ္မတူမြို့နယ်တို့တွင် ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်သော RCSS/SSA နှင့် တအောင်း လက်နက်ကိုင်အဖွဲ့ဖြစ်သော TNLA တို့အကြား အပြင်းအထန်တိုက်ပွဲ ဖြစ်ပွားနေကြောင်းသိရသည်။ ၎င်းတို့နှစ်ဖွဲ့သည် ယခင်နှစ်အနည်းငယ်မှစ၍ နယ်မြေအငြင်းပွားမှုများအခြေခံပြီး မကြာခဏထိတွေ့မှုဖြစ်ပွားနေကြခြင်းဖြစ်သည်။ TNLA က တိုက်ပွဲများဖြစ်ရခြင်းသည် RCSS အနေဖြင့် ရှမ်းတောင်ပိုင်းတွင် အခြေစိုက်သော်လည်း NCA လက်မှတ်ထိုးပီးနောက်ပိုင်း ရှမ်းမြောက်ပိုင်းဖက်သို့ တဖြည်းဖြည်းနယ်ပယ်ချဲ့ထွင်လာခြင်းကြောင့် ဖြစ်ကြောင်း အပြစ်တင်လိုက်ပြီး RCSS ကလည်း ၎င်းတို့သည် ရှမ်းပြည်နယ်အခြေပြု တပ်ဖွဲ့ဖြစ်သဖြင့် ရှမ်းပြည်နယ်တွင်လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ရှိကြောင်း တုံ့ပြန်ခဲ့သည်။ သို့ရာတွင် အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းတိုက်ခိုက်နေမှုများက မြို့ပေါ်ရှိဆန္ဒပြသူများ မျှော်လင့်လျက်ရှိသော ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းခြင်းအား ထိခိုက်လာနိုင်ကြောင်း စိုးရိမ်မှုများရှိနေပါသည်။ RCSS အဖွဲ့သည် အာဏာသိမ်းပြီးနောက် စစ်တပ်အား ပြင်းထန်စွာဝေဖန်လေ့ရှိသော်လည်း KNU နှင့် KIA တို့နှင့်မတူဘဲ လက်ရှိအချိန်အထိ စစ်တပ်နှင့် တိုက်ခိုက်မှုမရှိသေးပေ။
RFA ၏ဖော်ပြချက်အရ အာစီယံနိုင်ငံ့ခေါင်းဆောင်များအကြား မြန်မာပြည်အရေးဆွေးနွေးရန် သဘောတူညီလိုက်ပြီး ဖြစ်ကြောင်း မလေးရှားနှင့် အာစီယံအလှည့်ကျ ဥက္ကဌ ဘရူနှိုင်းနိုင်ငံတို့က ယနေ့ထုတ်ပြန်လိုက်သည်။ ယခင်လက ထိုင်းနိုင်ငံခြားရေးဝန်ကြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့နှင့် စစ်အုပ်စုက နိုင်ငံခြားရေးဝန်ကြီးအဖြစ်ခန့်အပ်ခဲ့သူတို့ ထိုင်းနိုင်ငံတွင်တွေ့ဆုံခဲ့ဘူးသည်။ စင်ကာပူနိုင်ငံကလည်း ဘရူနှိုင်းနိုင်ငံသို့ သွားရောက်ပီး မြန်မာ့အရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ဘူးသည်ဟုလည်း သိရသည်။ အာစီယံနိုင်ငံများသည် မြန်မာ့အရေးနှင့်ပတ်သက်ပါက တုံ့ပြန်မှုများ အလွန်နှေး ကွေးကြောင်း အားရကျေနပ်မှုမရှိကြောင်း ဝေဖန်မှုများကြုံတွေ့နေရပါသည်။ ထို့အပြင် ရိုဟင်ဂျာအရေးအခင်း ဖြစ်စဥ်တွင်လည်း အာစီယံအဖွဲ့မှ ထိရောက်သော ဖိအားပေးမှုများ မလုပ်နိုင်ခဲ့သော ဥပမာရှိခဲ့ပြီးဖြစ်ပါသည်။ အာစီယံ၏ ဝင်ရောက်မစွပ်ဖက်ရေးမူသည်လည်း ဒေသတွင်းပြဿနာများဖြေရှင်းရေးအတွက် သာမက ယခုကဲ့သို့အရေးအခင်းများအား ဖိအားပေးရပ်တန့်နိုင်ရေး အဟန့်အတားများ ဖြစ်စေကြောင်း သုံးသပ်ကြပါသည်။ ထို့အတွက်ကြောင့် မြန်မာပြည်သူများသည် အာစီယံအဖွဲ့ဝင်နိုင်ငံများထံမှ အကူအညီများကို မျှော်လင့်ခြင်းသိပ်မရှိကြဘဲ အနောက်နိုင်ငံများကို ပိုမိုအားကိုးအားထား ပြောဆိုနေကြသည်ကို တွေ့ရခြင်းဖြစ်သည်။ တစ်ဖက်တွင်လည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက မြန်မာ့အရေးတွင် အာစီယံနိုင်ငံများ ထဲထဲဝင်ဝင်ပါဝင်လာနိုင်ရေးကို တွန်းအားပေးလျက်ရှိကြောင်း, ၎င်းတို့၏ ထုတ်ပြန်ချက်များမှတစ်ဆင့် သိရှိနိုင်ပါသည်။
Comments
Post a Comment