ဧပြီ ၆၊ ၂၀၂၁ #day65


 မြန်မာ့အရေးအား နိုင်ငံတကာအသိုင်းအဝန်းတွင် ပိုမိုဆွေးနွေးလာကြသည်နှင့်အမျှ စစ်အုပ်စု၏ မိတ်ဖက်နိုင်ငံများဖြစ်ကြသော တရုတ်နှင့် ရုရှားတို့က နိုင်ငံတကာအနေဖြင့် မြန်မာ့အရေးအား ဝင်ရောက်မစွက်ဖက်ကြရန် တောင်းဆိုလိုက်ပြီး စစ်အုပ်စုအား ဆက်လက်အကာအကွယ်ပေးနေကြပါသည်။ တရုတ်နိုင်ငံ၏ နိုင်ငံရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Zhao Lijian က မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ရှောင်ရှားရမည့် အချက် သုံးချက်ကို ယနေ့ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲ မှာပြောဆိုခဲ့ပါသည်။ လက်ရှိသွေးထွက်သံယိုမှုများဆက်လက်ဖြစ်ပွားနေခြင်းကို ရှောင်ရှားဖို့၊ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဆန့်ကျင်ပြီး အခြေအနေရှုပ်ထွေးအောင်မလုပ်ဖို့၊ ပြည်ပနိုင်ငံများအနေနဲ့ မြန်မာပြည်အရေးကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးအတွက် အသုံးမချကြဖို့ဖြစ်ကြောင်း ၎င်းတို့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနဝက်ဆိုဒ်မှာ ဖော်ပြထားပါသည်။

အလားတူပင် ရုရှားနိုင်ငံ က အနောက်နိုင်ငံများက မြန်မာပြည်အပေါ်အရေးယူပိတ်ဆို့မှုများနှင့် ခြိမ်းခြောက်ဖိအား ပေးခြင်းတို့သည် ထိရောက်မှုမရှိဘဲ ပြည်တွင်းပဋိပက္ခဖြစ်ပေါ်လာစေရန်တွန်းပို့ခြင်းဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ ရှရှားနိုင်ငံသည် ၎င်း၏ ကိုယ်စားလှယ်အား လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့သော တပ်မတော်နေ့အား တက်ရောက်ရန် စေလွှတ်ခဲ့သေးသည်။ လူမှုကွန်ယက်အသုံးပြုသူများက တရုတ်နိုင်ငံသည် အခြားသောနိုင်ငံများ၏ အရေးကိစ္စများအား ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်စွက်ဖက်နေသော်လည်း ၎င်း၏ ရင်းနှီးမြှပ်နှံမှုများစွာရှိနေသော မြန်မာနိုင်ငံတွင်မူ ဝင်ရောက်မစွက်ဖက်ရန်ပြောနေခြင်းသည် ရုပ်တိမရှိကြောင်း ဝေဖန်နေကြပါသည်။ နိုင်ငံအဝန်းရှိ ဆန္ဒပြသည့်နေရာများတွင်လည်း တရုတ်အလံကိုမီးရှို့ခြင်း တရုတ်ပိုင်ပစ္စည်းများကို သပိတ်မှောက်ခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်လာကြပါသည်။ သို့သော် ရုရှားနိုင်ငံသည် တရုတ်နိုင်ငံလောက် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဏများတွင် ပါဝင်မှုနည်းပါးနေခြင်းကြောင့် ပြည်သူများအကြား ရှရှားအစိုးရအပေါ် ဝေဖန်ကန့်ကွက်မှုများသည် တရုတ်နိုင်ငံနှင့်နှိုင်းယှဥ်ပါက နည်းပါးလျက်ပင်ရှိနေပါသေးသည်။

CNN သတင်းအဖွဲ့သည်ယနေ့မြန်မာပြည်မှ ထွက်ခွာသွားပီဖြစ်သည်။ သို့သော် CNN သတင်းထောက်နှင့် စကားပြောဆိုခြင်း ကြောင့် ဖမ်းဆီးခံရသူ ၁၁ ယောက်အနက် ၈ သာလွတ်မြောက်သေးကြောင်း CNN ကထုတ်ပြန်ခဲ့သည်။ ယခုကဲ့သို့ စစ်အုပ်စု၏ တရားဝင်မှုများမေးခွန်းထုတ်နေသောအချိန်တွင် မြန်မာပြည်သို့လာရောက်ခြင်းကြောင့်လည်းကောင်း ထူးခြားသောသတင်းများ ကို မတင်ဆက်နိုင်ခြင်းကြောင့်လည်းကောင်း အချို့သော ပြည်တွင်းပြည်ပ ဂျာနယ်လစ်များက CNN အား လူမှုကွန်ယက် များတွင် ဝေဖန်နေကြပါသည်။ စစ်အုပ်စု၏ သတင်းပေးများကြောင့် မော်လမြိုင်မြို့တွင် NLD အမတ်တစ်ဦးအဖမ်းခံရ ကြောင်းသိရသည်။ ထို့အပြင် ကျော်ကြားသည့် လူရွှင်တော်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဇာဂနာ၊ beauty blogger တစ်ဦးဖြစ်သည့် ဝင်းမင်းသန်းတို့သည် ယနေ့အဖမ်းခံရကြောင်း သိရသည်။ Irrawaddy ၏ တင်ပြချက်အရ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရသည့် အွန်လိုင်းတွင်ကျော်ကြားသူ အယောက် ၁၂၀ ခန့်ရှိပြီဖြစ်ကြောင်းသိရသည်။ ရန်ကုန်ရှိလူငယ်အချို့က ယနေ့တွင် သွေးသပိတ်လို ပြုလုပ်ခဲ့ကြပြီး အနီရောင်ဆေးများအား လမ်းမများတွင် ပတ်ဖြန်းခြင်း ရေးချယ်ခြင်းတို့ကို ပြုလုပ်လျက်ရှိသည်ကို တွေ့ရပါသည်။ မော်လမြိုင်မြို့ရှိ မုပွန်ရေတပ်စခန်းငယ်မှ ရေတပ်အရာရှိတစ်ဦးအပါအဝင် စစ်သား ၁၅ ဦးခန့် ထွက်ပြေးသွားကြောင်း Ayeyarwaddy Times တင်ပြကြပါသည်။ စစ်အုပ်စုအနေဖြင့် ဘဂလားပင်လယ်အော်တွင် ရေတပ်လေ့ကျင့်ခန်းပြုလုပ်နေချိန်တွင် ၎င်းတို့သည် လက်နက်များကိုချန်ထားပြီး ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။ CRPH ဘက်သို့ပြောင်းလဲ ထောက်ခံခဲ့သည့် UN ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ၎င်းအား UN မှ တရားဝင်အသိအမှတ်ပြုထားသေကြောင်း VOA သို့ပြောဆိုခဲ့သည်။ ၎င်းအနေဖြင့် စစ်အုပ်စုအား အရေးယူနိုင်ရေးအတွက် ကုလသမဂ္ဂတွင် ဆက်လက်ဆောင်ရွက်နေကြောင်းသိရသည်။

ထိုင်းနယ်စပ်ရှမ်းပြည်နယ်ဒုက္ခသည်များဆိုင်ရာကော်မတီက စစ်အုပ်စုတိုက်လေယာဥ်ပျံများသည် RCSS အဖွဲ့၏ ဌာနချုပ် တည်ရှိရာနေရာအနီးရှိ ဒုက္ခသည်စခန်းများအနီးတွင် ဝဲပျံခဲ့ခြင်းကြောင့် ပြည်သူများအနေဖြင့်အလွန်ပင် စိုးရိမ်ထိန့်လန့် နေရကြောင်း VOA သတင်းဌာနသို့ပြောဆိုခဲ့သည်။ တစ်ချိန်တည်းမှာပင် RCSS နှင့် TNLA အဖွဲ့တို့သည် ရှမ်းပြည်နယ်သီပေါမြို့နယ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းကြောင်း လူနေအိမ်များမီးလောင်ပြီး ဒေသခံ ၁၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း Irrawaddy က တင်ပြထားပါသည်။ ကချင်ပြည်နယ် ဝန်သိုမြို့နယ်တွင် KIA အဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်အုပ်စု၏ တပ်မ ၃၃ လက်အောက်ခံ တပ်ရင်း ၁၁၁ တစ်ခုလုံးကျဆုံးကြောင်း သေဆုံးသူ စစ်သား ၆၀ ခန့်ရှိကြောင်း သတင်းများ လူမှုကွန်ယက်တွင် မနေ့ကစ၍ ပြန့်နှံ့နေပါသည်။ သို့သော် အဆိုပါသတင်းအား သတင်းမီဒီယာ များက အတည်ပြုထုတ်ပြန်နိုင်ခြင်းမရှိသေးပါ။ စစ်အုပ်စုမှ တစ်ဖက်သတ်အပစ်ရပ် ၁ လ ကြေညာထားသော်လည်း ယနေ့တွင် မွန်ပြည်နယ် ရေးမြို့နယ်ရှိ KNU တပ်မဟာ ၆ အား စတင်တိုက်ခိုက်ခဲ့ကြောင်း Karen Information Center ကရေးသားထားပါသည်။ လက်ရှိအချိန်တွင် KNU တပ်မဟာ ခုနှစ်ခုရှိသည့်အနက် တပ်မဟာ လေးခုအား စစ်အုပ်စုက တိုက်ခိုက်နေခြင်းဖြစ်ပါသည်။ စစ်အုပ်စုတပ်များအား လက်နက်ကိုင်တိုက်ပွဲဝင်နေသော ကလေးမြို့တွင် ဒေသခံများက အခြားနီးစပ်ရာမြို့များ နယ်စပ်များသို့ ရွေ့ပြောင်းနေကြပီဖြစ်ကြောင်း RFA က တင်ပြပါသည်။ ကလေးမြို့ရှိ ဆန္ဒပြသူများက ကလေးပြည်သူ့တပ်ဖွဲ့ ဖွဲ့စည်းပြီး မတ်လ ၂၇ ရက်ကတည်းက စစ်အုပ်စုအား လက်လုပ်သေနတ်များဖြင့် တန်ပြန်ဆန့်ကျင်နေကြခြင်းဖြစ်ပါသည်။

Comments