ဧပြီ ၇၊ ၂၀၂၁ #day66

 


ယနေ့မှာတော့ နွေဦးတော်လှန်ရေးအတွင်း စစ်အုပ်စုတွေကို ရရာလက်နက်ဆွဲကိုင်ပြီး စတင်တော်လှန်တာကြောင့် အများရဲ့ လေးစားအားကျမှုကိုရရှိခဲ့တဲ့ တာဟန်းမြို့က ဆန္ဒပြသူတွေ အကြမ်းဖက်ဖြိုခွဲခံရပါတယ်။ စစ်အုပ်စုနှင့် ကလေးမြို့က ဆန္ဒပြသူများသည် ယနေ့မနက်ထိ ၁၀ နာရီအထိ အပစ်ရပ်ထားရန်သဘောတူထားခြင်းဖြစ်သော်လည်း ဆန္ဒပြသူများ၏ သပိတ်စခန်းအား စစ်အုပ်စုက မနက်လင်းအားကြီး ၅ နာရီတွင် အလစ်ငိုက်တိုက်ခိုက်ခံလိုက်ရခြင်းဖြစ်သည်။ တိုက်ပွဲများတိုက်ခိုက်သလို လက်နက်ကြီးများ၊ ဗုံးများအသုံးပြုခဲ့ခြင်းကြောင့် သပိတ်စခန်းတွေရှိနေသော ဆန္ဒပြသူများအကြီးအကျယ်ထိခိုက်ခဲ့ကြောင်း သိရသည်။ ဒေသခံလူမှုအဖွဲ့အစည်းများက မီဒီယာများကို ပြောကြားချက်အရ အနည်းဆုံး ၁၂ ဦးခန့်သေဆုံးပြီး ၅ ဦးခန့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ သေဆုံးသူများတွင် ဆန္ဒပြမှုနှင့် ဆက်စပ်ခြင်းမရှိသော သာမန်ဒေသခံ ၃ ဦးလည်းပါဝင်ကြောင်း Chin World မီဒီယာက ဖော်ပြထားသည်။ လက်ရှိအချိန်တွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များက တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်ဆေးနေပြီး အချို့အိမ်များအား ဖောက်ထွင်းထားကြောင်းလည်း သိရသည်။ ကလေးမြို့ခံများသည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးနေရကြောင်းလည်း သိရသည်။ အာဏာသိမ်းသည့်အနေ့မှစ၍ ကလေးမြို့တွင် သေဆုံးသူ ၁၇ ဦးခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်ရှိ ဒဂုံမြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့တွင် ယနေ့ ဗုံးပေါက်ကွဲမှု ၇ ခါခန့် ဖြစ်ပွားခဲ့ကြောင်း Irrawaddy သတင်းကဖော်ပြထားသည်။ အစိုးရရုံးများ စျေးများအနီး ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများမရှိသော်လည်း ရပ်ကွက်တွင်းအရှိပြည်သူများ စိုးရိမ်ကြောက်လန့်နေကြကြောင်းသိရသည်။ Mizzima က ဒေသခံများအား မေးမြန်းထားချက်အရ ၎င်းတို့အနေဖြင့် အဆိုပါဗုံးများအား ဆန္ဒပြပြည်သူများက ဖောက်ခွဲခြင်းမှာ မဖြစ်နိုင်ဘဲ ၎င်းတို့ထံတွင် ဗုံးပြုလုပ်နိုင်သော ပစ္စည်းများမရှိကြောင်း, အဆိုပါပစ္စည်းများရှိသော စစ်အုပ်စုတပ်ဖွဲ့ဝင်များကိုယ်တိုင်က ဆန္ဒပြမှုများအား ပုံဖျက်ရန်အတွက် ကြံရွယ်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မတ်လ ၂၇ ရက်နေ့က အမေရိကန်စင်တာအား သေနတ်ဖြင့်ပစ်သူအား ဖမ်းမိပြီဖြစ်ကြောင်း နိုင်ငံပိုင် MRTV သတင်းဌာနက ကြေညာခဲ့သည်။ ပစ်ခတ်သူမှာ ဗဟန်းမြို့တွင် နေထိုင်သော အေးသော်ကောင်းဖြစ်ပီး ၎င်းသည် အွန်လိုင်းမှတစ်ဆင့် သိန်း ၁၉,၀၀၀ (အမေရိကန်ဒေါ်လာ ၁၃ သိန်းခန့်) ဖြင့် ဝယ်ယူထားသော လေသေနတ်ဖြင့် ၎င်း၏ မာစီဒီကားပေါ်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းသည် NLD ပါတီ ထောက်ခံသူဖြစ်ကြောင်း သတင်းထဲတွင် ဖော်ပြထားသည်။ လူမှုကွန်ယက်အသုံးပြုသူများက အဆိုပါပုဂ္ဂိုလ်သည် ရန်ကုန်မြို့ရှိနာမည်ကျော် ရွှေပုစွန်မုန့်တိုက်၏ ပိုင်ရှင်ဖြစ်ကြောင်း, သိန်း ၁၉၀၀၀၀ ပေး၍ လေသေနတ်ဝယ်သည်ဆိုသည်မှာ ရုပ်ထိမရှိကြောင်း, ၎င်းအား စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိထောင်ချောက်ဆင်ခြင်းသာဖြစ်ကြောင်း ဝေဖန်နေကြပါသည်။  

ဘဏ်လုပ်ငန်းတွေ ရပ်တန့်နေရာက ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး အကန့်အသတ်ဖြင့် စတင်လုပ်ငန်းလည်ပတ်နေပါသည်။ ဗဟိုဘဏ်ညွှန်ကြားချက်အရ လူတစ်ဦး ဘဏ်စာအုပ်တစ်ခုသည် တစ်ရက်လျင် ငွေ ၅ သိန်းထုတ်ယူရန် ကန့်သတ်ထားပြီး နောက်ပိုင်းတွင် ၃ သိန်းသို့လျော့ချခဲ့ကြောင်းသိရသည်။ သို့သော် BBC ဖော်ပြချက်အရ KBZ ဘဏ်အပါအဝင် ပြည်တွင်းဘဏ်များတွင် လူတစ်ဦးသည် တစ်ရက်လျင် ငွေနှစ်သိန်းသာထုတ်ယူနိုင်ကြောင်းပြီး တစ်ပတ်လျင် သိန်း ၂၀ ခန့်သာ ထုတ်ယူနိုင်ကြောင်း, စီးပွားရေးလုပ်ငန်းများအနေဖြင့် တစ်ပတ်လျင် အများဆုံး သန်း ၂၀၀ သာထုတ်ယူနိုင်ကြောင်း သိရသည်။ ထို့အတွက်ကြောင့် မြန်မာပြည်တွင် လွှဲပြောင်းငွေ၏ ၃ ရာခိုင်နှုန်းယူပြီး ငွေလွှဲပြောင်းမှု ဝန်ဆောင်ပေးနေသော လုပ်ငန်းတစ်ခုပေါ်ပေါက်လာကြောင်း သိရသည်။ မြန်မာပြည်၏ ကျပ်ငွေတန်ဖိုးသည်လည်း တဖြည်းဖြည်းကျဆင်းလာပြီး ရွှေတစ်ကျပ်သား (၁၆.၆ ဂရမ်) လျင် ကျပ်ငွေ ၁၄ သိန်း (ဒေါ်လာ ၉၅၀)ခန့် စံချိန်တင် ရောက်ရှိနေပြီဖြစ်ကြောင်း Myanmar Now က ဖော်ပြထားသည်။ ကမ္ဘာ့ဘဏ်၏ မတ်လ ၂၆ ရက်နေ့ခန့်မှန်းချက်အရ ယခင်က မြန်မာ့စီးပွားရေးသည် ၅.၉ ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်းထားသော်လည်း ယခုအခြေအနေများကြောင့် ၁၀ ရာခိုင်နှုန်းကျဆင်းတော့မည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။

စစ်ကောင်စီလက်အောက်ခံ တြိဂံတိုင်းစစ်ဌာနချုပ်မှ အရာရှိအချို့သည် UWSA "ဝ" တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၏ ရှမ်းပြည်တောင်ပိုင်းရှိ ဌာနချုပ် ဝမ်ဟုန်တွင် ကျင်းပသော သင်တန်းတစ်ခုတွင် သင်တန်းပေးနေကြောင်း Shan News က ဓာတ်ပုံများနှင့်တကွဖော်ပြခဲ့သည်။ UWSA သည် အင်အားအကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး အာဏာသိမ်းမှုဖြင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုမှုမရှိသောအဖွဲ့ဖြစ်သည်။ ၎င်း၏ ခေါင်းဆောင်များသည် မှုးယစ်ဆေးဝါးလုပ်ငန်းများနှင့် ဆက်စက်နေသည်ဟု သတင်းများထွက်နေသူများဖြစ်သည်။ DVB က UWSA တောင်ပိုင်းတပ်ဖွဲ့၏ ဆက်ဆံရေးတာဝန်ခံသို့ မေးမြန်းရာတွင် ၎င်းတို့အနေဖြင့် လက်ရှိအခြေအနေအား မှတ်ချက်မပေးလိုကြောင်း၊ သေဆုံးသူများအတွက် ဝမ်းနည်းကြောင်းသာ ပြောဆိုခဲ့သည်။ စစ်အုပ်စုသည် ရုရှားနိုင်ငံထံမှ အဆင့်မြင့်လေကြောင်းကာကွယ်ရေးစနစ် Pantsir-S1 air defense system အား လက်ခံရရှိခဲ့ကြောင်း EurAsian Times သတင်းဌာနကဖော်ပြခဲ့သည်။ စစ်အုပ်စုသည် ၂၀၀၀ ခုနှစ်ခန့်မှစ၍ ရှရှားနိုင်ငံထံမှ စစ်လက်နက်ပစ္စည်းအမျိုးမျိုး ဝယ်ယူရရှိနေခြင်းဖြစ်ကြောင်းသိရသည်။

Comments

Popular Posts