ဧပြီ ၈, ၂၀၂၁ #day67
မြန်မာပြည်တွင်ဖြစ်ပျက်နေသည့်အခြေအနေများသည် နိုင်ငံတကာတွင်ရှိ မြန်မာသံရုံးများတွင်လည်း ကြီးစွားရိုက်ခတ်မှုများရှိနေပါသည်။ ယမန်နေ့ညနေတွင် လန်ဒန်တွင်အခြေစိုက်သော မြန်မာသံရုံးတွင် အာဏာသိမ်းမှုကဲ့သို့သော် အခြေအနေတစ်ရပ်ဖြစ်ပွားခဲ့သည်။ သံအမတ်ကြီး ကျော်စွာမင်းသည်ရုံးဆင်းချိန်တွင် သံရုံးအပြန်သို့ထွက်နေခိုက် စစ်သံမှူးနှင့် သံမှူးကြီး ဒေါ်တာချစ်ဝင်းတို့က ဦးဆောင်၍ သံရုံးအား အထဲကသော့ခတ်လိုက်ပြီး ၎င်းအား အဝင်မခံတော့ခြင်းဖြစ်သည်။ အဆိုပါသံအမတ်ကြီးသည် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံရသူများ လွှတ်ပေးရန် တောင်းဆိုခဲ့ဘူးပီး ၎င်းအနေဖြင့် သူမညွှန်ကြားချက်များကို လိုက်နာသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ဘူးသည်။ သို့သော် CDM ပြုလုပ်ကြောင်း လူသိရှင်ကြားပြောဆိုရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ဆန္ဒပြသူများ၏ နှစ်ဖက်ခွအဖြစ်ဝေဖန်မှုကို ခံနေရသူဖြစ်သည်။ သို့သော် ယနေ့ညနေတွင် ၎င်းအနေဖြင့် CRPH နှင့်အတူရပ်တည်မည်ဖြစ်ကြောင်း သံရုံးရှေ့တွင် ကြေညာခဲ့ကြောင်း BBC က ဖော်ပြထားသည်။ CPRH ကလည်း UK အစိုးရအနေဖြင့် အဆိုပါအခြေအနေကို ဖြန်ဖျေပေးရန် ကျော်စွာမင်းကိုသာ သံအမတ်ကြီးအဖြစ်အသိအမှတ်ပြုရန် စာထုတ်ပြန်ခဲ့သည်။ စစ်အုပ်စုဘက်ကလည်း ချစ်ဝင်းသည် သံအမတ်ကြီးလစ်လပ်နေခိုက် သံရုံးအကြီးအမှူးအဖြစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စာထုတ်ပြန်ခဲ့သည်။ BBC ဖော်ပြချက်အရ UK နိုင်ငံခြားရေးရုံးသည် မြန်မာစစ်အုပ်စု၏ ဆုံးဖြတ်ချက်အား လက်ခံရမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးက စစ်အုပ်စု၏ အနိုင်ကျင့်ဗိုလ်ကျသော လုပ်ရပ်ကိုဆန့်ကျင်ကြောင်း ၎င်း၏လူမှုကွန်ယက်တွင် ရေးသားထားသည်။ သံတမန်ရေးရာနှင့်ဆိုင်သော Vienna Convention အရ မိခင်နိုင်ငံက သက်ဆိုင်ရာနိုင်ငံကိုအကြောင်းကြားပီးပါက သံအမတ်၏ လုပ်ငန်းတာဝန်များချက်ချင်းရပ်ဆိုင်းရမည်ဖြစ်သည်။ လူမှုကွန်ယက်အသုံးပြုသူများက စစ်အုပ်စု၏ လုပ်ရပ်အား လက်ခံခဲ့သော UK အစိုးရအား ပြစ်တင်ဝေဖန်နေကြပါသည်။ လက်ရှိအချိန်တွင် CDM ပြုလုပ်သည့် နိုင်ငံတကာအရပ်ရပ်ရှိ သံရုံးဝန်ထမ်းများ ၃၀ ခန့်ရှိကြောင်းလည်း သတင်းဌာနများ၏ ဖော်ပြချက်အရသိရှိရသည်။
ကလေးမြို့တွင် စစ်အုပ်စု၏အကြမ်းဖက်ပစ်ခတ်မှုများကြောင့် သေဆုံးသူ စုစုပေါင်း ၁၂ ဦးအထိရှိလာပြီဖြစ်ကြောင်းသိရသည်။ ယမန်နေ့က လက်တစ်ဖက်ပြတ် ဒဏ်ရာရရှိခဲ့သော လူငယ်သည်လည်း သေဆုံးခဲ့ကြောင်း Chin World က ဖော်ပြထားသည်။ ဖမ်းဆီးခံရသူ ၂၀ ဦးခန့်ရှိကြောင်းလည်းသိရသည်။ အာဏာသိမ်းသည့်နေ့မှစ၍ လက်ရှိအချိန်အထိ ကလေးမြို့တွင် သေဆုံးသူ ၂၉ ဦးအထိရှိပြီဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်သည်။ တစ်မြို့လုံးလား လုံခြုံရေးများတင်းကြပ်စွာချထားပြီး မြို့ခံများသည်း ချင်းတောင်နှင့် နယ်စပ်သို့ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်းသိရသည်။ စစ်ကိုင်းတိုင်းရှိ နောက်မြို့တစ်မြို့ဖြစ်သော တန့်ဆည်မြို့တွင် စစ်အုပ်စုက ကျည်အစစ်များဖြင့် ဆန္ဒပြမှုများအား ပစ်ခတ်မှုကြောင့် အရပ်သား ၁၁ ဦးအနည်းဆုံး သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း Mizzima က ဖော်ပြထားသည်။ ပြည်သူများက ပြန်လည်ခုခံခြင်းကြောင်း စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပါ။ ၎င်းမြို့သည် လူထောင်ချီပါဝင်သော လမ်းလျောက်ဆန္ဒပြမှုများအား နေ့စဥ်ရက်စပ်ပြုလုပ်နေသော နေရာဖြစ်သည်။
စစ်အုပ်စုက ဧရာဝတီတိုင်းတွင် ထိုင်းနိုင်ငံပိုင် PSI စလောင်းများအား လိုက်ခံသိမ်းဆည်းနေကြောင်း သိရသည်။ ၎င်းစလောင်းများဖြင့် Mizzima နှင့် DVB တို့အား ဖမ်းယူကြည့်ရှုနိုင်သောကြောင့် ဖြုတ်သိမ်းခိုင်းခြင်းဖြစ်ကြောင်း Mizzima က ဖော်ပြပါသည်။ မွန်ပြည်နယ်ရှိအရောင်းဆိုင်များတွင်လည်း ရဲများက လိုက်ခံသိမ်းဆည်းနေကြောင်း Khit Thit Media က ဖော်ပြထားသည်။ အဆိုပါထိုင်းနိုင်ငံ PSI ကုမ္ပဏီကလည်း Mizzima နှင့် DVB သတင်းချာနယ်များအား ပိတ်ပင်လိုက်ကြောင်း Tachileik News Agency ၏ ရေးသားချက်အရ သိရှိရသည်။ စစ်အုပ်စုသည် ပြည်သူများအား သတင်းအမှောင်ချရန်အတွက် ညအချိန်အင်တာနက်ပိတ်ခြင်း၊ ဝိုင်ဖိုင်အင်တာနက်ပိတ်ခြင်း၊ ဖုန်းမှအင်တာနက်ပိတ်ခြင်းတို့ကို ဆောင်ရွက်ပြီးဖြစ်သည်။ အင်အားကြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က CRPH ၏ အခြေခံဥပဒေဖျက်သိမ်းကြောင်း ကြေညာချက်ကို ကြိုဆိုကြောင်း RFA သို့ပြောကြားခဲ့သည်။ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာရေးအတွက် CRPH မှ တွန်းတွန်းတိုက်တိုက်လုပ်ဆောင်ရန်လည်း ပြောဆိုခဲ့သည်။ မြန်မာပြည်သူများအပြင် အရှေ့တောင်အာရှနိုင်ငံများတွင် ကျော်ကြားသော မြန်မာမော်ဒယ် ပိုင်တံခွန်အား စစ်အုပ်စုက ယနေ့မနက် ၅ နာရီတွင် မြောက်ဒဂုံတွင် ဖမ်းဆီးလိုက်ကြောင်း Irrawaddy ကဖော်ပြထားသည်။ ၎င်းသည် အာဏာသိမ်းမှုဖြစ်ကတည်းက လမ်းပေါ်ထွက်ဆန္ဒပြပွဲများတွင်သာမက ၎င်း၏ လူမှုကွန်ယက်များကတစ်ဆင့် နွေဦးတော်လှန်ရေးတွင် တက်တက်ကြွကြွပါဝင်ခဲ့သဖြင့် လူအများ၏ ချစ်ခင်လေးစားမှုကို ရရှိခဲ့သူဖြစ်သည်။ ၎င်းအပါအဝင် ကျော်ကြားသူ အယောက် ၁၂၀ ခန့်သည် ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဆွဲဆိုခံထားရသည်။
ကျဆုံးသွားသောဆန္ဒပြသူများကိုရည်ညွှန်း၍ "ခြေလှမ်းတိုင်း ပန်းများပွင့်တယ်" ဆိုသည့် ကြွေးကြော်သံဖြင့် #MarchingShoesStrike ကို လူငယ်များက ပြုလုပ်ခဲ့ကြသည်။ ကျဆုံးသွားသူများရှိနေသော်လည်း ၎င်းတို့အနေဖြင့် ဒီမိုကရေစီရသည်အထိ ဆက်လက်ချီတက် သွားဆို့သည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ကြောင်းသိရပါသည်။ Twitter ကုမ္ပဏီက #MilkTeaAlliance emoji အား ဖန်တီးလိုက်ကြောင်း ယနေ့ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည် နှစ်ဧပြီလမှစ၍ အဆိုပါ hashtag သုံးစွဲမှု ၁၁ သန်းခန့်ရှိပြီး ထိုင်း ထိုင်ဝမ် နှင့် မြန်မာနိုင်ငံတို့ရှိ တက်ကြွလှုပ်ရှားသူများ ဦးဆောင်သည့် ဒီမိုကရေစီအရေးအတွက် ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုတစ်ခုဖြစ်လာသည်ကို အသိအမှတ်ပြုခြင်း ဖြစ်ကြောင်းဖော်ပြထားသည်။ Twitter သည် ယခင်ကလည်း #Metoo#Blacklivesmatter တို့အတွက် emoji များ ပြုလုပ်ပေးခဲ့သည်။ အမေရိကန်အစိုးရက မြန်မာအစိုးရပိုင် မြန်မာ့ကျေက်မျက်လုပ်ငန်းကို စီးပွားရေးပိတ်ဆို့လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ၎င်းက လူမှုကွန်ယက်တွင်ရေးသားထားသည်။
Comments
Post a Comment