ဧပြီ ၉၊ ၂၀၂၁ #day68

 


စစ်အုပ်စု၏ ရက်စက်မှုများသည် လျော့မနည်းသွားသည့်အပြင် ပိုမိုဆိုးရွားလာပါသည်။ ယနေ့မနက်ကစ၍ ရန်ကုန်အနီးတွင်းရှိသည့် ပဲခူးတိုင်းတွင် ဆန္ဒပြသူများအား ကျည်အစစ်များအပြင် ဒုံးပစ်လောင်ချာများ လက်နက်ကြီးများဖြင့် ဖြိုခွင်းခဲ့ခြင်းကြောင်း လူအနည်းဆုံး ၂၀ သေဆုံးကြောင်း သိရသည်။ အချို့သူများ၏အဆိုအရ လူပေါင်း ၄၀ ခန့်ရှိနိုင်ကြောင်း ခန့်မှန်းကြသည်။ သေဆုံးသူများ၏အလောင်းများအား စေတီအနီးတစ်ခုတွင် ပုံထားသည်ကို မြင်တွေ့ရကြောင်း ဒဏ်ရာရသူများကို ဆေးကုသခွင့်ပေးခြင်းလည်း မရှိသဖြင့် သေဆုံးသူအများစုမှာ သွေးထွက်လွန်၍ သေဆုံးခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြည်တွင်းမီဒီယာများကို ပြောပါသည်။ ထို့အပြင် စစ်အုပ်ချုပ်ရေး ကြေညာထားသော မြို့နယ်များတွင် စစ်ခုံရုံးက ဖမ်းဆီးခံရသူများအား သေဒဏ်ချမှတ်ကြောင်း စစ်အုပ်စုပိုင် MRTV သတင်းဌာနက ယနေ့ည ၈ နာရီသတင်းတွင် ကြေညာလိုက်သည်။ ယခင် ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်တွင် ဖမ်းဆီးထားသော ပြည်သူ ၁၉ ဦးနှင့် ယနေ့ ပဲခူးမြို့တွင် ဖမ်းဆီးခံရသူ ၄ ဦး စုစုပေါင်း ၂၃ ဦးတို့အား လူသတ်မှုပါသော ဓားပြမှုဖြစ်သည့် ပုဒ်မ ၃၉၆ ၃၉၇ အရ သေဒဏ်ချမှတ်ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာပြည်တွင် သေဒဏ်ချမှတ်မှုများရှိသော်လည်း ၁၉၈၈ နောက်ပိုင်း လက်တွေ့သတ်ဖြတ်ခြင်းမရှိကြောင်းသိရသော်လည်း လက်ရှိ စစ်ခုံရုံးက သေဒဏ်ချမှတ်ထားသောသူများအား စစ်အုပ်စုက မည်သို့မည်ပုံကိုင်တွယ်မည်ဆိုသည်မှာ မရှင်းလင်းသေးပါ။ အဆိုပါ ရုပ်သံက ပြသသော ဖမ်းဆီးခံရသူများ၏ မျက်နှာများသည် ရိုက်နှက်ညှင်းဆဲခံထားရကြောင်း တွေ့ရပါသည်။

စစ်အုပ်စုသည် အင်အားကြီးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို လိုက်လံစည်းရုံးနေကြောင်းသိရသည်။ စစ်အုပ်စု၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီ ဥက္ကဋ္ဌဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဦးဆောင်ပြီး UWSA နှင့် SSPP တို့အား သွားရောက်တွေ့ဆုံခဲ့ပြီး လက်ရှိအာဏာသိမ်းမှုများနှင့် ပတ်သက်သော အကြောင်းအရာများ, လက်ရှိဆက်ဆံရေးကို ထိန်းသိမ်းလိုသည့်အကြောင်းအရာများအား ပြောဆိုခဲ့ကြောင်း UWSA ၏ ပြောရေးဆိုခွင့်ရှိသူက Irrawaddy သို့ပြောဆိုခဲ့သည်။ UWSA သည် ၂၀၂၀ ရွေးကောက်ပွဲအပြီး အနိုင်ရရှိသော ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသည့်စာပေးပို့ခဲ့ဘူးသော်လည်း လက်ရှိအာဏာသိမ်းမှုနှင့် ပတ်သက်၍မူ နှုတ်ဆိတ်နေသော အဖွဲ့ဖြစ်သည်။ ဧပြီလ ၈ ရက်နေ့က SSPP ၏ ဌာနချုပ်အနီးသို့ ပျံဝဲလာသော စစ်အုပ်စု၏ ရဟတ်ယာဥ်အား SSPP ဘက်က ပစ်ခတ်ခဲ့သဖြင့် အရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Shan News က ဖော်ပြထားသည်။ စစ်ကောင်စီ၏ လေးကြိမ်မြောက်အစည်းအဝေးတွင် အဆိုပါအဖွဲ့များ နှင့်တွေ့ဆုံဆွေးနွေးမှု အောင်မြင်ကြောင်း စစ်အုပ်စု၏ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့သော်လည်း လူမှုကွန်ယက်အသုံးပြုသူတစ်ချို့က မြေပြင်တွင် စစ်တပ်နှင့် SSPP တပ်အကြား စစ်ရေးတင်းမာနေကြောင်း ပြောဆိုနေပါသည်။

စစ်အုပ်စု၏ လေးကြိမ်မြောက်ပြုလုပ်သော နေပြည်တော်ရှိ သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူက အရေးပေါ်ကာလအား ၂၀၀၈ အခြေခံဥပဒေအရ ၁ နှစ်ကာလအား သက်တမ်းတိုး၍ ၂ နှစ်ပြုလုပ်မည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။ အဆိုပါနှစ်နှစ်တာကာလအတွင်း ရွေးကောက်ပွဲပြုလုပ်ပြီး အနိုင်ရသည့်ပါတီအား အာဏာလွှဲပြောင်းသွားမည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။ ထို့အပြင် လူ ၅၀၀ ကျော်သေဆုံးခြင်း နှင့်ပတ်သက်၍ “အမှန်တကယ်သာ ဒီဆန္ဒပြတဲ့ လူအုပ်စုကို မောင်းပြန်ရိုင်ဖယ်နဲ့ အော်တိုမစ်တစ် ပစ်မယ်ဆိုရင် အခု ခင်ဗျားတို့ ပြောနေတဲ့ လူ ၅၀၀ ဆိုတာ နာရီပိုင်း အတွင်းတင် သေတယ်” ဟုပြောဆိုခဲ့သည်။ ထို့အပြင်၎င်းတို့အနေဖြင့် KNU ၏ တပ်မဟာ ၅ အား လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရခြင်းမှာလည်း လူအသေအပျောက်နည်းစေရန်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။ ပုဒ်မ-၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသော သရုပ်ဆောင် ပြေတီဦး နှင့် အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံအား ဖမ်းဆီးရမိကြောင်း ယနေ့ည (၈)နာရီသတင်းတွင် MRTV သတင်းကြကြေညာလိုက်သည်။ လက်ရှိအချိန်အထိ နာမည်ကျော် အနုပညာရှင် ၁၅ ဦးခန့်ဖမ်းဆီးခံရပြီဖြစ်သည်။

ဧပြီ ၉ ရက်နေ့ ယနေ့ညနေ ၈ နာရီခွဲတွင် ကျင်းပသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီသီးသန့် အစည်းအဝေး (Arria-Formula Meeting) တွင် CRPH ၏ ယာယီနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကုလသမဂ္ဂ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းအပါအဝင် မြန်မာ့အရေးလှုပ်ရှားသူအချို့ တက်ရောက်ခွင့်ရရှိကြောင်း DVB ကဖော်ပြသည်။ အဆိုပါအစည်းအဝေးသည် လုံခြုံရေးကောင်စီ ဆောင်ရွက်နေသော ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ပိုမိုနက်နဲစွာ သိရှိနိုင်ရန်အတွက် လုပ်ဆောင်သောအစည်းအဝေးဖြစ်ကြောင်းလည်းသိရသည်။ ဆုံးဖြတ်ချက်ချမှတ်မှုများပြုလုပ်ခွင့်မရှိသော်လည်း လုံခြုံရေးကောင်စီ၏ အစည်းအဝေးအား တိုက်တွန်းချက်များ မှတ်တမ်းများပေး ပို့နိုင်သည့် အစည်းအဝေးဖြစ်သည်။ UN ၏ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner သည် ဘန်ကောက်မြို့သို့ ယမန်နေ့ကရောက်ရှိနေပီဖြစ်ကြောင်း သူမ၏ လူမှုကွန်ယက်တွင်ရေးသားထားသည်။ သူမအနေဖြင့် စစ်အုပ်စုနှင့် တွေ့ဆုံရန်ကမ်းလှမ်း ထားသော်လည်း စစ်အုပ်စုက သူမအား လက်ခံတွေ့ဆုံရန် အသင့်မဖြစ်သေးကြောင်း အကြောင်းပြန်ထားကြောင်းသိရသည်။

Comments