ဧပြီ ၁၀၊ ၂၀၂၁ #day69

 


ရှမ်းပြည်နယ် လာရှိုး မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နောင်မွန်ရဲကင်းအား မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ယနေ့မနက် ၅ နာရီဝန်းကျင်တွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးခန့်သေဆုံးခဲ့ပြီး နှစ်ဦးပျောက်ဆုံးနေကြောင်း Shwe Phee Myay News က ဖော်ပြထားသည်။ လာရှိုးမြို့တွင် လုံခြုံရေးများတင်ကြပ်နေကြောင်းနှင့် စစ်ရဟတ်ယာဥ်များလာရောက်မှုရှိကြောင်း ဒေသခံများက ပြောဆိုပါသည်။ ယခုတိုက်ခိုက်မှုသည် ယခုနှစ်အတွင်း မြောက်ပိုင်းမဟာမိတ် (AA, TNLA, MNDAA) ပူးပေါင်းတိုက်ခိုက်သော ပထမဆုံးထိုးစစ်ဖြစ်သည်။ ၎င်းတို့သည် ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့က အကြမ်းဖက်မှုများရပ်တန့်ရန် စစ်အုပ်စုအား သတိပေးခဲ့ဘူးသည်။ ယနေ့သည် Arakan Army တည်ထောင်ခြင်း ၁၂ နှစ်ပြည့်မြောက်သောနေ့ဖြစ်ကြောင်းလည်းသိရသည်။ အဆိုပါအဖွဲ့များလှုပ်ရှားသော ရှမ်းမြောက်တွင် တိုက်ပွဲများပြင်းထန်လာနိုင်ကြောင်း ခန့်မှန်းမှုများရှိနေပြီး Arakan Army အခြေပြုလှုပ်ရှားသည့် ရခိုင်ပြည်နယ်တွင် စစ်ပွဲများထပ်မံဖြစ်ပွားလာမည်ကိုလည်း စိုးရိမ်နေကြပါသည်။ သို့သော် ရခိုင်ပြည်နယ်ရှိအချို့သော နေရာများတွင်မူ နှစ်သစ်ကူးသကြန်ပွဲတော်အား ကျင်းပသွားမည်ဆိုသည့် သတင်းများ ထွက်နေပါသည်။ သို့သော် ချင်းပြည်နယ်ပလက်ဝတွင် ဒေသခံချင်းရွာသားများအား သကြန်ပွဲတော်ကျင်းပရန် စစ်အုပ်စုအပါ အဝင် AA စစ်သားများက ဖိအားပေးနေကြောင်း Khumi Media က ဖော်ပြထားသည်။

ယမန်နေ့က ပဲခူးမြို့တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက် ဖြိုခွင်းမှုများကြောင်း သေဆုံးသူ ၈၀ ကျော်ခန့်ရှိနိုင်ကြောင်း AAPP အပါအဝင် ပြည်တွင်းမီဒီယာများက ဖော်ပြကြပါသည်။ Myanmar Now က အတည်ပြုနိုင်သော စာရင်းအရ အရပ်သား ၆၀ ကျော်ရှိကြောင်းသိရသည်။ သို့သော် အင်တာနက်ဖြတ်တောက်ထားမှုကြောင့် သိသိသာသာ မြေပြင်ရှိသတင်းအချက် အလက်များ လူမှုကွန်ယက်ပေါ်တွင် ရောက်ရှိလာခြင်းမရှိသည့်အတွက် ဗီဒီယို ဓာတ်ပုံအထောက်အထားများရရှိရန် ခက်ခဲခဲ့ခြင်းဖြစ်ကြောင်း သတင်းဂျာနယ်လစ်များက ပြောဆိုပါသည်။ စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် လက်နက်ကြီးများ ဒုံးပစ်လောင်ချာများကို အသုံးချ၍ စစ်ဆင်ရေးတစ်ခုအသွင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ မြန်မာပြည်ရှိ ကုလသမဂ္ဂရုံးက အဆိုပါပဲခူးရှိတိုက်ခိုက်မှုများအား စောင့်ကြည့်သတင်းအချက်အလက်များစုဆောင်းနေကြောင်း သတင်းထုတ်ပြန်ပါသည်။ အဆိုပါသေဆုံးသူ ကိန်းဂဏန်းသာမှန်ကန်ပါက မတ်လ ၂၇ ရက် ရန်ကုန် လှိုင်သာယာတွင် လူပေါင်း ၁၀၀ ကျော်အတုံးအရှုန်း သေဆုံးစေမှုပြီးလျှင် အကြီးမားဆုံးသတ်ဖြတ်မှုတစ်ခုဖြစ်လာမည်ဖြစ်သည်။ စစ်ကိုင်းတိုင်း ကလေးမြို့ရှိ သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းမှုပြုလုပ်ပြီးနောက် ရက်အနည်းငယ်အကြာ ယနေ့တွင် တမူးမြို့ရှိဆန္ဒပြမှုများကို အကြမ်းဖက်ဖြိုခွင်းရန် စစ်အုပ်စုက ကြိုးပမ်းခဲ့သည်။ သို့သော် ဒေသခံများက လက်နက်ကိုင်တော်လှန်သဖြင့် စစ်အုပ်စုဘက်မှ စစ်သား ၁၈ ဦးခန့်သေဆုံးခဲ့ကြောင်း Voice of Myanmar က ဖော်ပြထားသည်။ ပြည်သူနှစ်ဦးသေဆုံးခဲ့ကြောင်းလည်း Chin World က ဖော်ပြထားသည်။

တပ်မတော်ရေ စက်မှုလက်မှုဌာနမှ ဗိုလ်အဆင့်ရှိ ကိုင်ဇာအောင် ကိုယ်ပိုင်အမှတ် ၅၄၂၇ CDM တွင်ပါဝင်လာကြောင်း Mizzima ကဖော်ပြသည်။ ၎င်းအနေဖြင့် စစ်တပ်က ပြည်သူများအား အနိုင်ကျင့်သတ်ဖြတ်နေမှုကို မနှစ်မြို့သည့်အတွက် တပ်မှထွက်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ ခြေမြန်တပ်ရင်း ၅၂၈ က ဗိုလ်ကြီးလင်းထက်အောင် ကိုယ်ပိုင်နံပါတ်က ၆၂၁၃၆ သည် CDM တွင် ပူးပေါင်းကြောင်း RFA သို့ပြောဆိုခဲ့သည်။ ၎င်း၏ပြောဆိုချက်အရ စစ်တပ်ထဲတွင် ယခုလုပ်ရပ်များအား မတရားကြောင်းပြောဆိုသူများစွာရှိနေပြီး စိတ်ဓာတ်ပျက်ပြား နေသူများစွာရှိနေပြီဖြစ်ကြောင်း ၎င်းတို့၏ စစ်စခန်းများကို အမှန်တကယ်တိုက်ခိုက်လာပါက ပြန်လည်ခုခံမည့်သူ နည်းပါး ကြောင်း ပြောဆိုခဲ့သည်။ လက်ရှိ စစ်တပ်တွင် အင်အား ၃ သိန်းကျော်ပဲရှိပြီး အရာရှိအနည်းဆုံး ၇၅ ရာခိုင်နှုန်းသည် လက်ရှိ စစ်ခေါင်းဆောင်တွေ မှားယွင်းနေတာကို သိထားသော်လည်း ရုန်းမထွက်နိုင်သေးခြင်းဖြစ်ကြောင်း ဖက်ဒရယ်တပ်မတော်သာ ရှိလာပါက ဝင်ရောက်ပူးပေါင်းမည့်သူများစွာရှိကြောင်း ပြောဆိုခဲ့သည်။

လူထောင်ပေါင်းများစွာဖြင့် နေ့စဥ်နီးပါး အာဏာသိမ်းမှုအားဆန့်ကျင်ဆန္ဒပြမှုများပြုလုပ်နေသည့် မန္တလေးရှိ မြတောင်သပိတ် စစ်ကြောင်းအား စစ်အုပ်စုက ယနေ့ ဖြိုခွင်းခဲ့ကြောင်း Khit Thit Media က ဖော်ပြထားသည်။ အဆိုပါသပိတ်စစ်ကြောင်းအား ဦးဆောင်သူ တေဇာဆန်းအပါအဝင် ဆန္ဒပြသူအများစုသည် မိနစ်ပိုင်းလေးစော၍ လွှတ်မြောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။ တေဇာဆန်းသည် ဆရာဝန်တစ်ဦးဖြစ်ပြီး အာဏာသိမ်းမှုအပြီး လမ်းပေါ်ထွက်ဆန္ဒပြမှုကို ပထမဦးဆုံးဦးဆောင်ခဲ့သူ ဖြစ်ပြီး ယခုအခါတွင် နွေဦးတော်လှန်ရေး၏ လူအများ ထောက်ခံအားပေးမှုကို ရရှိထားသော လူငယ်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ မန္တလေးမြို့ ရတနာပုံစျေးအနီးတွင် လက်လုပ်ဗုံးတစ်လုံး ယနေ့နေ့လည်တွင် ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း Irrawaddy ကရေးသားထားပြီး ထိခိုက်သေဆုံးမှုမရှိကြောင်းသိရသည်။ ယမန်နေ့က နော့တစ်နိုင်ငံများ (ဒိန်းမတ်၊ ဖင်လန်၊ အိုက်စလန်၊ နော်ဝေး၊ ဆွီဒင်) တို့က မြန်မာပြည်ဆိုင်ရာ Arria Formula Meeting အတွက်ထုတ်ပြန်သော ကြေညာချက်တွင် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် မြန်မာပြည်သူများအတွက် Responsibility to Protect ပြုလုပ်ရန် တာဝန်ရှိကြောင်း ပြောဆိုခဲ့သည်။ ဒေါက်တာဆာဆာ၏ လူမှုကွန်ယက်စာမျက်နာတွင်ဖော်ပြချက်အရ CRPH အနေဖြင့် စစ်အုပ်စု၏ အကြမ်းဖက်မှု သတ်ဖြတ်မှုများကိုပြသနေသော သက်သေအထောက်အထား ၂၇၅၀၀၀ ကျော် လက်ခံရရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။

Comments

Popular Posts