ဧပြီ ၁၁၊ ၂၀၂၁ #day70
မြန်မာပြည်အနှံ့တွင် ယနေ့ည ၉ နာရီအချိန်၌ "မြေပြင်မှာ ကြယ်တွေလင်းမယ်" ဆိုသည့်ကြွေးကြော်သံဖြင့် အလင်းသပိတ်ဟူသော ငြိမ်းချမ်းစွာဆန္ဒပြမှုတစ်ခုကို ဆောင်ရွက်ခဲ့ကြသည်။ ဆန္ဒပြသူများက ဖုန်းမီးများ ဓာတ်မီးများကို ကောင်းကင်ယံသို့ထိုးပြီး ပါဝင်ကြခြင်းဖြစ်သည်။ စစ်အုပ်စု၏ တပ်ဖွဲ့များက ဖမ်းဆီးမှုများ ခြိမ်းခြောက်မှုများကို လိုက်လံလုပ်ဆောင်နေကြကြောင်း သိရသည်။ နိုင်ငံအနှံ့အများတွင် သံပုံးများတီး၍ ဆန္ဒပြခြင်းကို ည ၈ နာရီတိုင်း ကျင်းပလျက်ရှိပါသည်။ သံပုံးတီးသူများအား စစ်အုပ်စုက သေနတ်ဖြင့်ပစ်ခတ်ခြင်း ဖမ်းဆီးရိုက်နှက်ခြင်းများကို လုပ်ဆောင်နေပါသည်။ စစ်အုပ်စုသည် နေ့စဥ်ထုတ်ဝေနေသော သတင်းစာအား ပထမဦးဆုံးအကြိမ်အဖြစ် တရုတ်နှင့် ရုရှားဘာသာတို့ဖြင့် ထုတ်ဝေလိုက်သည်။ စစ်အုပ်စုအနေဖြင့် အဆိုပါနိုင်ငံ၏ အစိုးရများဖြင့် ဆက်ဆံရေးကောင်းမွန်စေရန် အစွမ်းကုန်ကြိုးစားနေခြင်းဖြစ်သည်ဟု ယူဆနိုင်ကြသည်။ ဆန္ဒပြလူငယ်များအနေဖြင့်လည်း သတင်းစာများရပ်တန့်သွားခြင်း အင်တာနက်များပိတ်ဆို့ခံထားရခြင်းတို့ကြောင့် နွေဦးအသံနှင့် မိုလိုတော့ခ်ကဲ့သို့ မြေအောက် သတင်းစာများကို စတင်ထုတ်ဝေလာကြသည်ကိုတွေ့ရသည်။ အဆိုပါသတင်းစာများအား အများပြည်သူနေရာများတွင် ဖြန့်ဝေလျက်ရှိပါသည်။
ယမန်နေ့က အွန်လိုင်းတွင်ပေါက်ကြားလာသော ရုံးသုံးစာတစ်ခုအရ စစ်အုပ်စုသည် CDM လှုပ်ရှားမှုတွင် ပါဝင်နေသာ နိုင်ငံအနှံ့ရှိ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ် ၂၄ ဦးအား အလုပ်မှထုတ်ပယ်လိုက်ကြောင်း ဧပြီလ ၇ ရက်နေ့စာဖြင့် အမိန့်ထုတ်ပြန်ခဲ့သည်။ အဆိုပါ ပါမောက္ခချုပ်များသည် အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် အလုပ်ဆင်းရန် ငြင်းဆန်ခြင်း တက္ကသိုလ်များဖွင့်ရန် ငြင်းဆန်ခြင်းတို့ကို ဆောင်ရွက်နေကြခြင်းဖြစ်သည်။ ပြည်သူများအနှင့်အနီးစပ်ဆုံး ဖြစ်သော ကျောင်းဆရာများသည် ဆရာဝန်များနီးတူ CDM လှုပ်ရှားမှုအား ဦးစွာဆောင်ရွက်ခဲ့ကြသော သူများဖြစ်ပြီး အချို့သည် စစ်အုပ်စု၏ ဖမ်းဆီးခြင်း ခြိမ်းခြောက်ခြင်းကို ခံနေရပါသည်။ စစ်အုပ်စုအနေဖြင့် ဆရာများအတွက် ဆရာဖြစ်မွန်းမံသင်တန်းများကို ဒေသအနှံ့တွင် ကျင်းပနေပြီး ၎င်းတို့ လုပ်ငန်းခွင်ပြန်ဝင်လာစေရန် ရာထူးတိုးကမ်းလှမ်းခြင်း ခံစားခွင့်များတိုးပေးခြင်းတို့ပြုလုပ်၍ မက်လုံးများပေး စည်းရုံးခြင်းတို့ကို ဆက်တိုက်လုပ်ဆောင်နေပါသည်။ အဆိုပါ သင်တန်းများ ကျင်းပလျက်ရှိသော နေရာများတွင် ကျောင်းသားများ ဆရာများက ဆန္ဒပြမှုများပြုလုပ်လျက်ရှိကြောင်း သိရပါသည်။ စစ်အုပ်စုသည် ယခင်ကလည်း တက္ကသိုလ်များပြန်လည်ဖွင့်တော့မည်ဖြစ်ကြောင်း ကျောင်းသားများအား တစ်နှစ်လျင် နှစ်တန်းအောင်မြင်ခွင့်ပေးမည်ဖြစ်ကြောင်းလည်း ကြေညာခဲ့ဘူးသည်။ ကျောင်းသားခေါင်းဆောင်တစ်ဦး၏ VOA သို့ပြောပြချက်အရ ရန်ကုန်ရှိ တက္ကသိုလ်ကျောင်းများတွင် စစ်တပ်က တပ်စွဲထားသဖြင့် တက္ကသိုလ်ဝင်းအတွင်း နေထိုင်ကြသော ဆရာများအနေဖြင့် ဖိအားပေးခံနေရပြီး လုပ်ငန်းခွင်ပြန်ဝင်နေရကြောင်းသိရသည်။
Covid ကြုံတွေ့စဥ်ကာလအတွင်း စွမ်းစွမ်းတမံဆောင်ရွက်မှုများကြောင့် လေးစားမှုရရှိခဲ့သော ဒေါက်တာ ဇော်ဝေစိုးနှင့် အရှိန်အဝါကြီးသည့် ၈၈ မျိုးဆက်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် မင်းကိုနိုင်တို့အပါအဝင် ဖမ်းဝရမ်းထုတ်ခံရသူ ၁၇ ဦး၏ အမည်နှင့်ရုပ်ပုံများအား မြို့အများအပြားတွင် ကပ်ထားကြောင်း ပြည်တွင်းသတင်းမီဒီယာများက ဖော်ပြထားသည်။ ယနေ့တွင် အနုပညာရှင်များအပါအဝင် ကျော်ကြားသူ အယောက် ၂၀ အား ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် စစ်အုပ်စုက ထပ်မံဖမ်းဝရမ်း ထုတ်ပြန်လိုက်သည်။ အဆိုပါပုဒ်မဖြင့် တရားစွဲဆိုခံရသော ကျော်ကြားသူ အယောက် ၁၅၀ ခန့်ရှိပြီဖြစ် ကြောင်း DVB ကဖော်ပြထားသည်။ အဆိုပါအနုပညာရှင်များပါဝင်သော ရုပ်ရှင် သီချင်းများအား ထုတ်လွှင့်မှုမပြုရန် အမိန့်ထုတ်ထားပါသည်။ ရုံတင်ရန်စောင့်ဆိုင်းနေသော ရုပ်ရှင်များ ကျပ်ငွေ ဘီလီယျံ ၆၀ မှ ၁၀၀ ခန့် (US$ 45 - 70 millions) အထိရှိနိုင်ကြောင်း အနုပညာရှင်တစ်ဦး၏ ပြောကြားချက်အား VOA သတင်းက ဖော်ပြထားသည်။
Arakan Army စစ်ဦးစီးချုပ်၏ ယမန်နေ့တွင် ထုတ်ပြန်ခဲ့သောစာအရ AA အနေဖြင့် စစ်အုပ်စု၏ တရားမဲ့သတ်ဖြတ်မှု များကြောင့် သေဆုံးသွားသူများအတွက် အလွန်စိတ်မကောင်းဖြစ်ရကြောင်း ၎င်းတို့အနေဖြင့် တက်နိုင်သည့်နည်းဖြင့် ကူညီသွားမည်ဖြစ်ကြောင်း သို့သော် ရခိုင်ပြည်နယ်တွင် CDM နှင့် လမ်းပေါ်ထွက်ဆန္ဒပြမှုများလုပ်ဆောင်ခြင်းအား မလိုလားကြောင်း ဖော်ပြထားပါသည်။ အဆိုပါဖော်ပြမှုအား အချို့ပြည်သူများက အပြင်းအထန် ဝေဖန်နေကြပြီး အချို့ကမူ AA သည် စစ်တပ်ကိုထောက်ခံခြင်းထက် ရခိုင်ရှိ မြို့နယ်များအား ၎င်းတို့အနေဖြင့် ကောင်းစွာထိန်းချုပ်နိုင်သဖြင့် ယခုကဲ့သို့ CDM ပြုလုပ်ရန်ကို မလိုလားခြင်းဖြစ်ကြောင်း တုံ့ပြန်ကြပါသည်။ သေဆုံးမှုများအား စာနာသည့်အနေဖြင့် စစ်တွေမြို့တွင် နှစ်သစ်ကူးသကြန်ပွဲတော်များကို ကျင်းပတော့မည်မဟုတ်ကြောင်း ရခိုင်အရပ်ဖက်အဖွဲ့အစည်းများက RFA ကို ပြောဆိုခဲ့သည်။ ယမန်နေ့က လာရှိုးမြို့ နောင်မွန်တွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ရဲ ၁၄ ဦးအား ယနေ့သဂြိုလ်လိုက်ကြောင်း Shan News က ဖော်ပြသည်။ လူမှုကွန်ယက်အသုံးပြုသူအများအပြားက အဆိုပါတိုက်ခိုက်မှုအပေါ် အားပေးထောက်ခံနေကြသည်ကိုလည်းတွေ့ရသည်။ Myanmar Labour News အား တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ ၎င်းသေဆုံးသူရဲများ၏ ကျန်ရှိခဲ့သော ဇနီးသည်များအား မဲနှိုက်၍ အိမ်ထောင်မကျ သေးသည့် တပ်ဖွဲ့ဝင်များက တာဝန်ယူစေမည်ဖြစ်ကြောင်း သိရသည်။ တပ်နှင့်နီးစပ်သူများက အဆိုပါဖြစ်ရပ်သည် သာမန်ဖြစ်ရိုးဖြစ်စဥ်သာဖြစ်ကြောင်း ပြောဆိုနေကြပါသည်။ ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် စစ်အုပ်စုလက်အောက်ရှိ အမြောက်တပ် ၃၇၀ နှင့် KIA တပ်ဖွဲ့တို့ ယမန်နေ့ည ၈ နာရီဝန်းကျင်မှစ၍ လက်နက်ကြီးများဖြင့်အပြန်အလှန်ပစ်ခတ်၍ တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။ ထို့အပြင် KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေတွင် တိုက်ပွဲများ ပြန်လည် ပြင်းထန်လာကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက VOA ကို ပြောဆိုပါသည်။



Comments
Post a Comment