ဧပြီ ၁၂၊ ၂၀၂၁ #day71

 


ရန်ကုန် တာမွေရှိ ဗိစ္စမိလ္လာဟ်ဗလီ၌ မော်ဇင် (ဝတ်ပြုရန် ဖိတ်ခေါ်သူ) ပေးသော လူငယ်တစ်ဦးသည် ယနေ့မနက်တွင် သတ်ဖြတ်ခံရကြောင်းသိရသည်။ ကျော်ဘိုဘိုသည် အဆိုပါဗလီတွင်နေထိုင်လေ့ရှိသူဖြစ်ပြီး ၎င်းအား အမျိုးသမီးကဲ့သို့ ဝတ်ဆင်ပေးထားကာ လက်နောက်ပြန်ကြိုးထုတ်ပြီး ကြိုးဆွဲချသေဆုံးနေပုံဖန်တီးကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါနေရာအနီးတွင်နေထိုင်သူများ၏ ပြောဆိုချက်အရသိရသည်။ Myanmar Now က အဆိုပါကိစ္စအား အစ္စလာမ် ဘာသာရေးခေါင်းဆောင်များကို မေးမြန်းရန်ကြိုးစားသော်လည်း စစ်အုပ်စုက ၎င်းတို့ကို ဖိအားပေးမှုများရှိနေသဖြင့် မေးမြန်းခွင့်မရခဲ့ကြောင်း သိရသည်။ လူမှုကွန်ယက်အသုံးပြုသူများက စစ်အုပ်စုသည် ဘာသာရေးကို အခြေခံသော ပဋိပက္ခများဖြစ်ပွားစေရန်အတွက် ကြံစည်နေခြင်းဖြစ်ကြောင်း, ယခင်ကလည်း ရန်ကုန်မြို့ရှိ အစ္စလာမ်များအနေများသော ရပ်ကွက်များတွင် ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်မှုများ ပြုလုပ်ခဲ့ကြောင်း ဝေဖန်နေကြပါသည်။ ထို့အပြင် အဆိုပါလူငယ်သည် အသတ်မခံရခင်တစ်ရက်က ရပ်ကွက်ရုံးတွင် ဧည့်စာရင်းတိုင်ကြားခဲ့သဖြင့် ၎င်းတစ်ယောက်ထဲရှိစဥ်တွင် တိုက်ခိုက်ခံရ ခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုမှုများလည်းရှိပါသည်။ မြန်မာပြည်အနှံ့တွင်လည်း ဧည့်စာရင်းတိုင်ခြင်းမပြုရန် လှုံ့ဆော်မှုများ ပြုလုပ်လျက် ရှိသော်လည်း အသက်ကြီးသူအများစုက ကြောက်လန့်သဖြင့် တိုင်ကြားမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

စစ်အုပ်စုသည် လမ်းပေါ်ထွက်ဆန္ဒပြမှုများအား အကြမ်းဖက်ဖြိုခွင်းမှုများပြုလုပ်နေသည့်အလျောက် တိုင်းရင်းသား ဒေသများရှိ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကိုလည်း ပြင်းပြင်းထန်ထန်တိုက်ခိုက်ချေမှုန်းလျက်ရှိသည်။ KIA ပြန်လည်သိမ်းပိုက်ထားသော အလောဘွမ်တောင်အား စစ်အုပ်စုက အပြင်းအထန်တိုက်ခိုက်နေကြောင်း သိရပြီး KIA အရာရှိတစ်ဦး၏ ပြောပြချက်အရ ခြေလျင်တပ်ရင် ၃၈၇ တပ်ရင်းမှူးအပါအဝင် စစ်သားများအများပြား သေဆုံးခဲ့ ကြောင်းသိရသည်။ အဆိုပါတောင်ကုန်းအား လေယာဥ်ဖြင့် ၁၆ ကြိမ်လာရောက် ဗုံးကြဲခဲ့ကြောင်းလည်း KIA နှင့်နီးစပ်သည့် လူမှုစာမျက်နှာများက ဖော်ပြထားသည်။ အဆိုပါလေယာဥ်များသည် တရုတ်လေပိုင်နက်အားအသုံးပြု၍ ပစ်ခတ်တိုက်ခိုက် နေခြင်းဖြစ်ကြောင်းလည်း ကောလဟလများလည်း ထွက်ပေါ်နေပါသည်။ ကလေးမြို့၏ မြောက်ပိုင်းတွင်တည်ရှိသော တမူးမြို့တွင် စစ်သားရာချီသည် ဆန္ဒပြသူများ၏ ခံတပ်များအား လက်နက်ကြီးများ ဘူဒိုဇာများအသုံးပြု၍ ဖြိုခွင်းနေကြောင်း ဒေသခံမီဒီယာများနှင့် နိုင်ငံသားသတင်းထောက်များက ဖော်ပြရေးသားနေပါသည်။ ဒေသခံများ၏ လက်လုပ်သေနတ်များဖြင့် ခုခံမှုကြောင့် ယခင်နေ့များက စစ်သား ၁၀ ကျော်သေဆုံးခဲ့ကြောင်းသိရသည်။ ကလေးမြို့က တိုက်ခိုက်မှုကဲ့သို့ ယနေ့မနက် ၅ နာရီခန့်မှစ၍ စစ်အုပ်စုက ပြည်သူများ၏ခံတပ်များအား အပြင်းအထန်ထိုးစစ်ဆင်သဖြင့် လမ်းသွားလမ်းလာ အရပ်သားအနည်းဆုံး ၂ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ထို့အပြင် Grace ဆေးရုံကို ဝင်ရောက်ဖျက်ဆီးခဲ့ပြီး သူနာပြုဆရာမအားရိုက်နက်ခြင်း ဆေးရုံရှိ ကလေးငယ်တစ်ဦးကို ဖမ်းဆီးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း Tamu Security Group က ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားထားသည်။ ဧပြီလ ၁၀ ရက်နေ့ကလည်း ထိုကဲ့သို့သော တိုက်ခိုက်မှုများကြောင့် ပဲခူးမြို့တွင် အရပ်သား ၈၂ ဦးသေဆုံးခဲ့ကြောင်း AAPP က ဖော်ပြထားပါသည်။ 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ်ကြေညာထားသည့် လှိုင်သာယာမြို့သို့ သွားရောက်ခဲ့ကြောင်း Burma Associated Press က ဖော်ပြထားသည်။ ၎င်း၏ လက်တွင် ပရိတ်ကြိုးပတ်ထားပြီး ခါးတွင် ပစ္စတိုတစ်လက်ချိတ်ဆွဲထားသဖြင့် လူမှုကွန်ယက်အသုံးပြုသူများက ၎င်းသည် လုံခြုံရေးအပြည့်ရှိနေသော်လည်း ကြောက်ရွံ့ စိုးထိန့်နေဟန်ရှိကြောင်း လှောင်ပြောနေကြပီး ၎င်းသည်အခမ်းအနားများတက်ရောက်ရာတွင်လည်း ကျည်ကာအကျီ ဝတ်ဆင်လေ့ရှိကြောင်း သတင်းများထွက်ခဲ့ဘူးသည်။ စစ်တပ်၏ ရဟတ်ယာဥ်အား ပစ်ခတ်ခဲ့သော တပ်သားအား အရေးယူမည်ဖြစ်ကြောင်း ရှမ်းပြည်ရှိ SSPP က ထုတ်ပြန်ချက်တစ်ခု အင်တာနက်တွင် ပြန့်နှံ့လာသည်။ ၎င်းတို့အနေဖြင့် အာဏာသိမ်းစစ်တပ်နှင့် ဆက်ဆံရေးကောင်းမွန်စေရန် ကြိုးပမ်းဆောင်ရွက်နေသည်ဟု ဝေဖန်ခံနေရပါသည်။

စစ်အုပ်စုသည် ဒေါ်အောင်ဆန်းစုကြည်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေဖြင့် ပုဒ်မနောက်တစ်ခုတိုး၍ တရားစွဲဆိုလိုက်ပြီး စုစုပေါင်း ပုဒ်မ ၆ ခုရှိပြီဖြစ်ကြောင်း Khit Thit Media က ဖော်ပြထားသည်။ သူမက ရှေ့နေဖြင့် တွေ့ခွင့်ရရန် အကြိမ်ကြိမ်တောင်းဆိုနေသော်လည်း တွေ့ခွင့်မရသေးကြောင်း သိရသည်။ ချင်းပြည်နယ်တီးတိန်မြို့ရှိ နာမည်ကျော်ဓမ္မဆရာတစ်ဦးဖြစ်သည့် Rev. Khup Khen Pau နှင့် ဇနီးသည်တို့အား စစ်အုပ်စုက ယမန်နေ့ည သန်းခေါင်ချိန်တွင် ဖမ်းဆီးလိုက်ကြောင်း Chin World ကဖော်ပြထားသည်။ ၎င်းတို့၏ သားနှစ်ဦးသည် CDM လှုပ်ရှားမှုတွင် တက်ကြွစွာဆောင်ရွက်နေပြီး ထွက်ပြေးလွတ်မြောက်နေသဖြင့် ၎င်းတို့အား ဓါးစာခံအနေဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ထိုကဲ့သို့ မိသားစုဝင်တစ်ဦးဦးအား ဖမ်းဆီးခြင်းကို စစ်သားများက ပြုလုပ်လေ့ရှိသည်။

မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကော်မရှင်က ပဲခူးဖြစ်ရပ်ကိုကိုးကား၍ မြန်မာပြည်သည် ထိတ်လန့်ကြောက်ရွံ့မှုများ ဥပဒေမဲ့လုပ်ရပ်များနှင့် ပြည့်နှံ့နေပြီဖြစ်ကြောင်း ကုလအထွေထွေအတွင်းရေးမှူးအနေဖြင့် သတ်ဖြတ်မှုများရပ်တန့်ရန် အမြန်ဆုံးအကောင်အထည်ဖော်ရန်လိုအပ်ပြီဖြစ်ကြောင်း တိုက်တွန်းလိုက်သည်။ AAPP ၏ ယနေ့အထိစာရင်းများအရ ပဲခူးမြို့ရှိသေဆုံးသူ ၈၂ ဦး ကလေးသူငယ် ၅၀ ဦးအပါအဝင် အရပ်သား သေဆုံးသူ ၇၁၀ ရှိပြီဖြစ်ကြောင်း သိရသည်။ လူပေါင်း ၃၀၈၀ ကျော် အဖမ်းခံထားရပြီး ၆၉၇ ဦးအား ဖမ်းဝရမ်းထုတ်ထားပါသည်။ အဖမ်းခံရသူအများအပြားသည် ရှေ့နေများနှင့်တွေ့ဆုံခွင့်မရရှိသည့်အပြင် ၎င်းတို့၏ တည်နေရာများကို မိသားစုဝင်များက သိရှိရခြင်းမရှိပါ။ တရုတ်နိုင်ငံဘက်ရှိ ကုန်သည်များက မြန်မာပြည်မှထွက်ရှိသော ဖရဲသီးများအား အရေအသွေးမကောင်းကြောင်း အကြောင်းပြ၍ စျေးနှိမ်ဝယ်ယူနေကြောင်း သတင်းများထွက်နေသဖြင့် မြန်မာပြည်သူများက ဖရဲသီးသပိတ်အမည်တပ်၍ ပြည်တွင်းဖရဲသီးများကို ပိုမိုအားပေး စားသောက်ကြရန် လှုံဆော်နေကြပါသည်။

Comments

Popular Posts