ဧပြီ ၁၃၊ ၂၀၂၁ #day72

 


ယနေ့သည် သကြန်ကာလ၏ ပထမဆုံးနေ့ (အကြို) နေ့ဖြစ်သည်။ ဘာသာရေးအရသော်လည်းကောင်း ရိုးရာတစ်ခုအရ သော်လည်းကောင်း အရေးပါသောနေ့တစ်နေ့ဖြစ်သော်လည်း သပိတ်မှောက်သည့်အနေဖြင့် သကြန်ပွဲတော်အား အချို့သော နေရာမှလွဲ၍ မြန်မာပြည်အနှံ့အပြားတွင် ကျင်းပခြင်းမပြုကြသည်ကိုတွေ့ရသည်။ ထို့အစား သကြ်န်သင်္ကေတများကို အသုံးပြု၍ "တော်လှန်ရေးသကြ်န်" ဟူသည့် ခေါင်းစဥ်အောက်တွင် ဆန်းသစ်သောနည်းလမ်းများဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများကို လူငယ်များက ဦးဆောင်ပြုလုပ်နေကြသည်။ သကြ်န်လေးရက်တွင် ပထမနေ့ (အကြိုနေ့) အား အတာအိုးသပိတ် ဒုတိယနေ့ (အကျနေ့) အား သွေးမတိတ်သပိတ် တတိယနေ့ (အကြတ်နေ့) အား ကားသပိတ် စတုတ္တနေ့ (အတက်နေ့) အား ဝမ်းနည်းခြင်းသပိတ် နှစ်ဆန်းတစ်ရက်နေ့အား ဆုတောင်းခြင်းသပိတ်တို့ ဖြင့်ဆင်နွဲမည်ဖြစ်ကြောင်း လူငယ်များက လှုံ့ဆော်နေကြပါသည်။ ထို့အပြင် အစ္စလာမ်ဘာသာဝင်များအတွက် လမြတ် ဥပုသ်လဖြစ်သော Ramadan သည် ယနေ့မှစတင်ပါသည်။ သို့သော် ပျော်ရွှင်သော ရာမဒန်အစား ကျဆုံးသွားသောသူများ အိုးအိမ်စွန့်ခွာထွက်ပြေးရသူများ မတရားမှုများခံစားနေရသူများအတွက် ဆုတောင်းခြင်းဖြင့် ဝမ်းနည်းပူးဆွေး၍ တိတ်ဆိတ်သော ရာမဒန်အဖြစ်ဖြတ်သန်းကြရန် အစ္စလာမ်ဘာသာဝင်လူငယ်များက တောင်းဆိုနေကြပါသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင်အနှံ့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပေါ်နေသည်။ သို့သော် အဆိုပါဗုံးများကြောင့် လူထိခိုက်မှု လူသေဆုံးမှုမရှိကြောင်း သတင်းမီဒီယာများဖော်ပြချက်အရ သိရသည်။ Khit Thit Media ၏ တင်ပြချက်အရ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော ရန်ကင်း၊ ဗဟန်း၊ တောင်ဥက္ကလာ၊ မြေနီကုန်းမြို့နယ်များရှိ လမ်းမများတွင် စစ်အုပ်စုတပ်ဖွဲ့ဝင် များက ကားများအား တားဆီး၍ ပိုက်စိပ်တိုက်ရှာဖွေနေပြီး မရပ်သော ကားများအား ကျည်အစစ်များဖြင့် ပစ်ခေတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။ အဆိုပါပစ်ခတ်မှုများကြောင့် ကားမောင်းသူတစ်ဦး သေဆုံးကြောင်း သတင်းများထွက်နေ သော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပါ။ စစ်ကိုင်းတိုင်း တမူးမြို့တွင် စစ်အုပ်စုက အကြမ်းဖက်ပစ်ခတ်မှုများ ဆက်လက်ပြုလုပ်နေကြောင်းသိရပြီး နွားနို့ရောင်းချသော ဂေါ်ရခါးလူမျိုးဇနီးမောင်နှံနှစ်ဦး Kishan Gtm & Harimaya Gtm အား ပါဟဲတံတားအနီးတွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များက ယနေ့မနက်ပိုင်းတွင် ပစ်သတ်လိုက်ကြောင်း ဒေသခံများက ဒေသခံသတင်းမီဒီယာများကို ပြောပြသည်။ ၎င်းတို့တွင် သားသမီးသုံးဦး ကျန်ရှိခဲ့သည်။

စစ်အုပ်စုက အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်နေသော ဆရာဝန် အယောက် ၂၀ အား ၅၀၅(က) ဖြင့် တရားစွဲဆိုလိုက်သည်။ AAPP ၏ စာရင်းများအရ ယနေ့အထိ ဖမ်းဝရမ်းထုတ်ခံရသူ ၇၁၇ ဦးရှိကြောင်းသိရသည်။ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံမျက်မမြင်များမိတ်သဟာယအဖွဲ့ခြံဝန်းအတွင်း မနေ့ညမှစ၍ စစ်အုပ်စု၏ တပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့် ဝင်ရောက်တပ်စွဲနေကြောင်း အဆိုပါကျောင်း၏ အနီးတဝိုက်တွင်နေထိုင်သူများက ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာ တွင် ရေးသားထားပါသည်။ ၎င်းတို့သည် တစ်ပတ်နှစ်ပတ်ခန့် နေမည်ဖြစ်ကြောင်း အဆိုပါကျောင်း၏ ကျောင်းအုပ်ကြီး ဦးသိန်းလွင်ကို ပြောဆိုခဲ့ကြောင်း သိရသည်။

ဗန်းမော်ခရိုင်တွင် လှုပ်ရှားနေသော KIA တပ်ရင်း ၁၂ က ဘာသာရေးအဆောက်အဦးများအတွင်း အကြမ်းဖက်စစ်ကောင်စီကို လက်မခံကြရန်၊ ၎င်းတို့၏ လက်နက်နှင့် ရိက္ခာတွေကို သယ်ယူပေးခြင်း မပြုလုပ်ရန် ယနေ့ရက်စွဲဖြင့် စာထုတ်ပြန်လိုက်သည်။ ယခင်ကလည်း ဖားကန့်တွင်လှုပ်ရှားသော တပ်မဟာ ၉ နှင့် ပူတာအိုတွင်လှုပ်ရှားသော တပ်မဟာ ၁ တို့က အလားတူ ထုတ်ပြန်ချက်မျိုး ထုတ်ပြန်ဘူးသည်။ KIA နှင့် စစ်အုပ်စုတို့အကြား တိုက်ပွဲများသည် ပိုမိုကျယ်ပြန့်လာနိုင်ကြောင်း KIA ၏ ဗိုလ်မှူးကြီးနော်ဘူက RFA သို့ပြောဆိုခဲ့သည်။ လက်ရှိတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတို့တွင် ၎င်းတို့အကြား တိုက်ပွဲများဖြစ်ပေါ်နေသည်။ နေရာအနှံ့အပြားတွင် KIA ၏ ချုံခို တိုက်ခိုက်မှုကြောင့် စစ်အုပ်စုတပ်ဖွဲ့ဝင်များ သေဆုံးမှုများပြား နေကြောင်း BBC က ဖော်ပြသည်။ နယူးယောက်ရှိ ဒေါင်းဂျုန်းစ် စတော့ခ်ရှယ်ယာကုမ္ပဏီက အဒါနီလုပ်ငန်းအား စစ်အုပ်စုပိုင်ဆိုင်သော မြန်မာစီးပွားရေးကော်ပိုရေးရှင်းနှင့် ပူးပေါင်းလုပ်ကိုင်နေသဖြင့် ၎င်းတို့၏ တော့ခ်ရှယ်ယာ စျေးကွက် စာရင်းထဲက ဖယ်ရှားလိုက်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။ အဆိုပါကုမ္ပဏီသည် အမေရိကန်ဒေါ်လာ သန်း ၂၉၀ တန်ဖိုးရှိသော ဆိပ်ကမ်းတည်ဆောက်ရေးအား စစ်တပ်ပိုင်ဆိုင်သော မြေတွင် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

Comments

Popular Posts