ဧပြီ ၁၄၊ ၂၀၂၁ #day73

 


နေပြည်တော်တွင် စစ်သားနှင့်ရဲများက တပ်မတော်ဘာကြောင့် အာဏာသိမ်းရသည်ဆိုသည့် လက်ကမ်းစာစောင်များ လိုက်ဝေသည့် သတင်းသည် ပြည်သူများအကြား အပြောများနေသည်။ NLD ပါတီသည် ရွေးကောက်ပွဲအနိုင်ရရန် လျှို့ဝှက်ကြံစည်ကြောင်း၊ မဲမသမာမှုကြောင့် ဒီမိုကရေစီပျက်ပြားခဲ့ရကြောင်း၊ ဒီမိုကရေစီမပျက်စီးစေရေး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အာဏာထိန်းသိမ်းခြင်းဖြစ်ကြောင်း နှစ်မျက်နှာပါသော အဆိုပါစာရွက်တွင် ရှင်းပြထားသည်။ ထို့အပြင် အာဏာသိမ်းခြင်းနှင့် အာဏာထိန်းသိမ်းခြင်းမှာမတူညီကြောင်းကို ဥပဒေနှင့်ညီမညီ ဖွဲ့စည်းပုံပျက်ခြင်းရှိမရှိ အချိန် အကန့်အသတ်ရှိမရှိ နိုင်ငံဥသျှောင်ရှိမရှိ လွှတ်တော်ဖျက်သိမ်းရခြင်းရှိမရှိတို့ဖြင့် နှိုင်းယှဥ်ဖော်ပြထားသည်။ Facebook Twitter စသည့် လူမှုကွန်ယက်များတွင် ပိတ်ပင်ခံရသော စစ်တပ်အနေဖြင့် နည်းမျိုးစုံသုံးပြီး ဝါဒဖြန့်ချီရေးများပြုလုပ် နေခြင်းဖြစ်သည်။ ယခုရက်ပိုင်းအတွင်း Telegram ကို စစ်အုပ်စုပိုင် MWD တီဗီက အသုံးပြုသည်ကိုလည်း တွေခဲ့ရသည်။ ပြည်သူများအကြား တော်လှန်ရေးသက်ြန်နှင့်အတူ ခေတ်စားလာသော သပိတ်တစ်ခုမှာ ငွေစက္ကူများတွင် အာဏာရှင် ဆန့်ကျင်ကြောင်း စာသားများအားရေးသား၍ အသုံးပြုကြခြင်းဖြစ်သည်။ မြန်မာပြည်သူ ငွေစက္ကူကိုအလွန်အမင်း အားကိုးသုံးစွဲသော စျေးကွက်တစ်ခုဖြစ်နေသေးသဖြင့် အဆိုပါစာသားများသည် ပြန်ဖျက်ရန်ခက်ခဲခြင်း လူအများအပြား လျင်မြန်စွာရောက်ရှိနိုင်ခြင်းတို့ကြောင့် ထိရောက်သော သပိတ်နည်းလမ်းတစ်ခုအဖြစ် ချီးကျူးမှုများရရှိနေသည်။

နမ့်ဆန်မြို့နယ်တွင် သက်ငယ်မုဒိမ်းကျူးလွန်သူအား TNLA (တအောင်း) လက်နက်ကိုင်အဖွဲ့က သေဒဏ်ချမှတ်လိုက်သော သတင်းသည်လည်း လူထုအကြားတွင် ရေပန်းစားနေသည်။ ၎င်းသည် အသက် (၅) နှစ်ကလေးငယ်အား မုဒိမ်းပြုကျင့်ပြီး သတ်ဖြတ်ခဲ့သောကြောင့် PSLF/TNLA တရားစီရင်ရေးဌာနက ဧပြီလ ၁ ရက်နေ့တွင် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း TNLA က ထုတ်ပြန်ခဲ့သည်။ မြန်မာပြည်ရှိ နယ်မြေအခိုင်အမာနှင့် စစ်အင်အားရှိသော လက်နက်ကိုင်တပ်ဖွဲ့များသည် အစိုးရတစ်ရပ်ကဲ့သို့ အုပ်ချုပ်ရေး တရားစီရင်ရေးတို့ကို ကျင့်သုံးလျက်ရှိပါသည်။ အချို့အဖွဲ့များတွင်မူ ၎င်းတို့ကိုယ်တိုင်ရေးဆွဲကျင့်သုံးသော ဥပဒေများသာမက ဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့များပင်ရှိပါသည်။ ရှမ်းမြောက်ပိုင်း နမ္မတူမြို့နယ်တွင် RCSS အဖွဲ့နှင့် SSPP၊ TNLA ပူးပေါင်းအဖွဲ့များ ထပ်မံတိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။ လူမှုကွန်ယက်အသုံးပြုသူများအကြားတွင်လည်း ဖက်ဒရယ်တပ်မတော်အား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အခြေခံပြီး ဖွဲ့စည်းမည်ဟူသည့် ဖြစ်နိုင်ချေတဖြည်းဖြည်း နည်းလာကြောင်း မျှော်လင့်ချက်များလည်း တဖြည်းဖြည်းပျောက်ကွယ်လာကြောင်း ညီးညူနေကြသည်ကိုတွေ့ရသည်။ ဒေသခံများသည် စိုက်ပျိုးရာသီရောက်ရှိလာတော့မည်ဖြစ်သောကြောင့် ယခုကဲ့သို့ တိုက်ပွဲများဖြစ်ပွား၍ နေရပ်စွန့်ခွာထွက်ပြေး နေရခြင်းတို့ကြောင့် မစိုက်မပျိုးနိုင်ဘဲ အငတ်ဘေးကြုံတွေ့ရမည်ကို စိုးရိမ်နေကြကြောင်း Shwe Phee Myay News ကို ပြောဆိုပါသည်။

Kachinwaves မီဒီယာ၏ ဖော်ပြချက်အရ အလောဘွမ် (Alaw Bum) တောင်သို့ မိုးမောက်မြို့အခြေစိုက် ခြေမြန်တပ်ရင်း (၃၂၀) က ယနေ့လာရောက်တိုက်ခိုက်ခဲ့သော်လည်း တပ်ရင်းတစ်ခုလုံးနီးပါး ထိခိုက်ကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ ၁၉၈၇ ခုနှစ်ကတည်းက စစ်တပ်က သိမ်းပိုက်စခန်းချထားသော အဆိုပါတောင်ကုန်းသည် KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့သို့ သွားရာလမ်းတွင်တည်ရှိသဖြင့် စစ်ရေးအရမဟာဗျူဟာကျသောနေရာ ဖြစ်ကြောင်း သိရသည်။ KIA ဗိုလ်မှူးကြီးနော်ဘူ၏ အဆိုအရ လာရောက်တိုက်ခိုက်သောစစ်ကြောင်းများတွင် ထွက်ပြေးသောတပ်သားများရှိနေကြောင်း ၎င်းတို့အနေဖြင့် ရိက္ခာလုံလောက်မှုမရှိဘဲ ရှေ့တန်းထွက်တိုက်နေခြင်းကြောင့် အစာရေစာပတ်လပ်မှုများဖြစ်နေကြောင်း သိရသည်။ Khit Thit Media ၏ ဖော်ပြချက်အရ ဗန်းမော်လေဆိပ်တွင် စစ်သားများကိုတင်ဆောင်လာသော စစ်လေယာဥ် Y8 ဆင်းသက်မှု ၇ ကြိမ်ရှိခဲ့ကြောင်းသိရသည်။ တပ်သားအင်အားအနေဖြင့် ၈၀၀ ခန့်ရှိနိုင်ကြောင်း သိရသည်။ အဆိုပါတောင်ကုန်းအနီး တိုက်ပွဲများသည် မတ်လ ၂၅ ရက်မှစတင်ခြင်းဖြစ်သောကြောင့် ယနေ့ဆိုရင် ရက်ပေါင်း ၂၁ ရက်ရှိပြီဖြစ်ကြောင်း ယခင် ၂၀၁၆ ခုနှစ်အတွင်း လေးလကျော်ကြာတိုက်ခိုက်ခဲ့ကြသော ဂီဒေါင် (Gidon) တိုက်ပွဲထက် အချိန်ပိုမိုကြာမြင့်မည်လားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း တိုင်ရင်းသားအရေးကျွမ်းကျင်သူ မောင်မောင်စိုးက လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားပါသည်။

မန္တလေးတိုင်း၏ မြို့ကြီးတစ်မြို့ဖြစ်သော မြင်းခြံမြို့တွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုများ ယနေ့ပြုလုပ်နေကြောင်း သိရသည်။ ၎င်းတို့၏ ပစ်ခတ်မှုများကြောင်း လက်ရှိအချိန်အထိ သေဆုံးသူ နှစ်ဦးရှိပြီဖြစ်ကြောင်း RFA က တင်ပြထားသည်။ အပြင်းအထန်ဒဏ်ရာရရှိသူများကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး သေဆုံးမှုရှိမရှိမသိရ သေးကြောင်း ဒေသခံများက ပြောဆိုပါသည်။ မွန်ညီညွတ်ရေးပါတီက ၎င်းတို့ပါတီအကြောင်းအား လူမှုကွန်ယက်တွင် မမှန်မကန်ရေးသားသော သူများအနေဖြင့် ၎င်းတို့ပါတီဌာနချုပ်တွင်လာရောက်တောင်းပြန်ရန် စာထုတ်ပြန်ခဲ့သည်။ မွန်ညီညွတ်ရေးပါတီသည် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မှီတွင် မွန်ပါတီ သုံးခုပူးပေါင်းဖွဲ့စည်းထားသောပါတီဖြစ်ပြီး မဲဆန္ဒနယ် အချို့အနိုင်ရရှိခဲ့သော်လည်း စစ်ကောင်စီနှင့်ပူးပေါင်းရန်ဆုံးဖြတ်ခဲ့ခြင်းကြောင့် မွန်ပြည်သူများအကြားတွင် ဝေဖန်မှု ခံနေရသော ပါတီဖြစ်သည်။ ပါတီခေါင်းဆောင်အချို့အပါအဝင် ပါတီဝင် ၃၀ ခန့် ပါတီမှနှုတ်ထွက်ကြောင်း ယခင်လက ကြေညာခဲ့သည်။

မြန်မာပြည်အရေးနှင့်ပတ်သက်ပါက တုံ့ပြန်မှုများနှေးကွေးသဖြင့် ဝေဖန်မှုများခံနေရသော သြစတေးလျအစိုးရသည် ယမန်နေ့က လွှတ်တော်ကြားနာမှုတစ်ခုပြုလုပ်ခဲ့ပြီး မြန်မာအရေးဆောင်ရွက်နေသူများနှင့် တွေ့ဆုံခဲ့သည်။ လက်ရှိအချိန်အထိ စစ်အုပ်စုက သြစတေးလျနိုင်ငံသား စီးပွားရေးပညာရှင် Sean Turnell အား ဖမ်းဆီးထားဆဲဖြစ်သည်။ အခြားသော နိုင်ငံသား နှစ်ဦးကိုလည်း ဖမ်းဆီးခဲ့သော်လည်း ယခုအချိန်အတွင် လွတ်မြောက်သွားပီဖြစ်ကြောင်း ပြောဆိုမှုများရှိသော်လည်း အတည်မပြု နိုင်သေးပါ။ သြစတေးလျနိုင်ငံသည် မြန်မာ့အရေးအား ပိုမိုထိရောက်စွာတုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက အဆိုပါနိုင်ငံတွင်ရောက်ရှိနေသော မြန်မာပြည်သူများအား ကတိပေးခဲ့ပါသည်။ စစ်တပ်နှင့်နီးစပ်သော စီးပွားရေးလုပ်ငန်းများအား စုံစမ်းဖော်ထုတ်နေသော Justice For Myanmar ၏ ဖော်ပြချက်အရ ကိုးရီးယား ကုမ္ပဏီကြီး POSCO သည် စစ်တပ်အတွက် တစ်နှစ်တစ်နှစ် အမေရိကန်ဒေါ်လာ သန်းချီရှာဖွေပေးနေကြောင်း သိရသည်။ POSCO International က ၆၃% ပိုင်ဆိုင်သော ရန်ကုန်မြို့ရှိ နာမည်ကျော် LOTTE ဟိုတယ်လုပ်ငန်းသည် စစ်တပ်ပိုင်မြေပေါ်တွင်တည်ဆောက်ထားခြင်းဖြစ်ပြီး တစ်နှစ်လျှင် မြေဌားရမ်းခ ဒေါ်လာ ၁.၈ သန်းပေးချေ နေကြောင်းသိရသည်။ နှစ် ၇၀ ကြာမည့်စာချုပ်အတွက် ဒေါ်လာ ဘီလီလျံချီပေးချေမည့်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် စစ်တပ်မိသားစုများတစိတ်တပိုင်းပိုင်ဆိုင်သည့် IGE ကုမ္ပဏီနှင့်လည်း အကျိုးတူလုပ်ငန်းများလုပ်ကိုင်နေကြောင်းသိရသည်။ စစ်တပ်လက်အောက်ရှိ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေအရ စာရင်းစစ်ဆေးခြင်းမှ ကင်းလွတ်ခွင့်ရရှိနေကြောင်း Justice for Myanmar က ဖော်ပြထားသည်။

Comments

Popular Posts