ဧပြီ ၁၅၊ ၂၀၂၁ #day74

 


ယနေ့တွင် နွေဦးတော်လှန်ရေး၏ အထင်ကရလူငယ်သပိတ်ခေါင်းဆောင် ဝေမိုးနိုင် အဖမ်းခံခဲ့ရသည်။ မုံရွာမြို့ရှိ လူထု သပိတ်အား ဦးဆောင်ပြုလုပ်နေစဥ် ၎င်းမောင်းနှင်လာသော ဆိုက်ကယ်အား စစ်အုပ်စုတပ်ဖွဲ့ဝင်များပါသော အိမ်စီးကားက ရုတ်တရက်ဝင်တိုက်ခဲ့ပြီးနောက် ရိုက်နှက်ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းကိုကားဖြင့်တိုက်သော ဗီဒီယိုဖိုင် တစ်ခုလည်းပြန့်နှံ့နေပြီး အဆိုပါဖိုင်တွင်ပါသော ကားလိုင်စင်နံပါတ်အရ စစ်သားများသည် လိုင်စင်မရှိသော ကားတစ်စီးအား အသုံးပြုပြီး အရှေ့တည့်တည့်မှနေ့၍ ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ Myanmar Now ၏ ဖော်ပြချက်အရ ၎င်းနှင့်အတူ အမျိုးသမီး တစ်ဦးလည်း အဖမ်းခံရပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ခေါ်သွားသည်ကြောင်း သိရသည်။ အစ္စလာမ်ဘာသာဝင် တစ်ဦးလည်းဖြစ်သည့် ဝေမိုးနိုင်သည် ဆန္ဒပြမှုများမတိုင်ခင်ကတည်းက လူငယ်ရေးရာမူဝါဒရေးဆွဲရာတွင် လည်းကောင်း ကျောင်းသားသမဂ္ဂလှုပ်ရှားမှုများတွင်လည်းကောင်း တက်ကြွစာပါဝင်ခဲ့သဖြင့် တက်ကြွလှုပ်ရှားသူလူငယ်များ၏ အသိအမှတ် ပြုလေးစားခြင်းကို ရရှိထားသူဖြစ်သည်။ ၎င်းအား စစ်အုပ်စု၏ သတင်းပေးတစ်ဦးအသတ်ခံရမှုနှင့်ပတ်သက်၍ အာဏာသိမ်း စစ်ကောင်စီက လူသတ်မှု၊ အိမ်ကျော်နင်းမှု၊ ခိုးမှုများဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။ ၎င်းသည် ယခင် ဦးသိန်စိန် အစိုးရလက်ထက်ကလည်း ဆန္ဒပြမှုများကြောင့် ပုဒ်မ ၂ ခုဖြင့် တရားစွဲဆိုခံထားရဘူးကြောင်း Myanmar Now က ဖော်ပြထားသည်။ လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိဆန္ဒပြမှုများကို ဦးဆောင်မှုကြောင်း ထင်ရှားလာသည့် အိသင်ဇာမောင် သည်လည်း လိုက်လံဖမ်းဆီးနေသဖြင့် ရှောင်တိမ်းနေရကြောင်းသိရှိရသည်။

ထို့အပြင် သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (မြန်မာ) ၏ ဒါရိုက်တာ ဒေါ်မျိုးမျိုးအေး၊ သရုပ်ဆောင် ဇင်ဝိုင်း၊ အဆိုတော် ပိုပို ကဲ့သို့ နာမည်ကျော်ကြားသောသူအချို့လည်း ယနေ့ ဖမ်းဆီးခံခဲ့ရသည်။ Irrawaddy သတင်းဌာန၏ ဖော်ပြချက် အရ ယနေ့တနေ့ထဲတွင် ထင်ရှားကျော်ကြားသူနှင့် တက်ကြွလှုပ်ရှားသူပေါင်း ၃၆ ဦးအဖမ်းခံခဲ့ရကြောင်း သိရသည်။ မန္တလေးရှိ ဆေးကျောင်းသားများဦးဆောင်သည့် သပိတ်စစ်ကြောင်းသည်လည်း သတင်းပေးများကြောင့် စတင်ရန် လူစုစည်းနေစဥ်မှာပင် အရပ်ဝတ်တပ်ဖွဲ့ဝင်များက ဖြိုခွင်းခံလိုက်ရသည်။ ပြီးခဲ့သည့် အဂါနေ့က စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင် မြန်မာကွန်ပျူတာ ပညာရှင်များအသင်း၏ ဥက္ကဌ ဇော်သူရိန်ထွန်းနှင့် ၎င်း၏ ကိုယ်ဝန်ဆောင်ဇနီးသည်တို့လည်း အရပ်ဝတ်စစ်သားများက ဖမ်းဆီးခဲ့သည်။ ယနေ့နံနက်တွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ဆူးလေဗလီအတွင်းသို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ ဝင်ရောက်ပစ်ခတ်မှုကြောင့် ဥပုသ်စောင့်နေသော မွတ်ဆလင်အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး မသန်စွမ်းအမျိုးသား တစ်ဦး အပါအဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Burma Associated Press က တင်ပြထားသည်။

မနက်ဖြန်တွင် CRPH မှ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းကြောင်း ကြေညာတော့မည်ဟု ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရှိရသည်။ စင်ပြိင်အစိုးရကဲ့သို့ဖြစ်လာတော့မည့် အဆိုပါအစိုးရအဖွဲ့တွင် ထင်ရှားသည့် ဒီမိုကရေစီအရေးလှုပ်ရှားသူများ တိုင်းရင်းသားခေါင်းဆောင်များပါဝင်လာမည်ဟုလည်း သိရှိရသည်။ အများပြည်သူလက်ခံသော နိုင်ငံရေးခေါင်းဆောင်များ ပါဝင်လာပါက လက်ရှိအာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုများ အရှိန်အားကောင်းလာတော့မည် ဖြစ်ကြောင်း နိုင်ငံတကာ အစိုးရများ၏ တရားဝင်အသိအမှတ်ပြုမှုကိုလည်း ရရှိလာတော့မည်ဖြစ်ကြောင်း ခန့်မှန်းပြောဆိုမှုများရှိပါသည်။ လက်ရှိအချိန် တွင် စစ်အုပ်စုက နေ့စဥ်ရက်စက်အကြမ်းဖက်ဖြိုခွဲမှုများကြောင့် လမ်းပေါ်ထွက်ဆန္ဒပြမှုများနည်းပါးလာပြီး ပြည်သူများ အကြား ကြောက်ရွံ့မှုများ ကြီးစိုးလာနေပါသည်။ နိုင်ငံတကာမှ CRPH အား ထောက်ခံမှုများ ဆက်သွယ်ပြောဆိုမှုများ ရှိနေသော်လည်း အစိုးရတစ်ခုအဖြစ်အသိအမှတ်ပြုခြင်းမရှိသေးပါ။ ထို့အပြင် အဆိုပါအစိုးရအသစ်၏ သတင်းအချက် အလက်များကို မျှဝေရန်အတွက် Public Voice Television (PVTV) https://www.facebook.com/Public-Voice-Television-102986271923475 ကို ထုတ်လွှင့်ပြသတော့မည်ဖြစ်ကြောင်း CRPH ကကြေညာခဲ့သည်။

အင်တာနက်ပိတ်ဆို့ထားမှုအား အခွင့်ကောင်းယူ၍ စစ်အုပ်စု၏တပ်ဖွဲ့ဝင်များက ဆန္ဒပြသူလူငယ်များအသွင်ဆောင်ပြီး သတင်း အမှာများရေးသားထားသော လက်ကမ်းစာစောင်များကို ဖြန့်ဝေနေကြောင်း လူမှုကွန်ယက်အသုံးပြုသူများက ဝေဖန်နေ ကြပါသည်။ အဆိုပါစာစောင်များထဲတွင် ည ၈ နာရီ သံပုံးတီးခြင်းများ ရပ်တန့်ရန်၊ သက်ြန်ကာလအတွင်း ရေကစားကြရန်၊ CRPH နှင့် NLD အား မယုံကြည်ရန်၊ အသက်မစွန့်ရန်တို့ကို တိုက်တွန်းထားပါသည်။ ကချင်ပြည်နယ် မိုးမောက်မြို့တွင် KIA ၏ မြေမြှပ်မိုင်းများထိခြင်းကြောင့် စစ်အုပ်စုအဖွဲ့ဝင် ၃၀ ကျော်ခန့်သေဆုံးခဲ့ကြောင်း ယမန်နေ့ကလည်း စစ်သား ၁၈ ဦးကို KIA က အရှင်ဖမ်းမိလိုက်ကြောင်း DVB က ဖော်ပြထားသည်။ စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရန်ကုန် ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံးအား မီးရှို့သဖြင့် လူ ၃ ဦးအား စစ်ခုံရုံးက မတ်လ ၃၀ ရက်နေ့တွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၃၆ အရ အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ကြောင်း သိရသည်။ လူမှုကွန်ယက်အသုံးပြုသူများက ၎င်းတို့ ၃ ဦးသည် မီးရှို့သူများမဟုတ်ဘဲ မီးငြိမ်းသတ်ရန် သွားရောက်ခဲ့ခြင်းအား စစ်သားများက ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း ပြောဆိုနေကြသည်။ အာဏာသိမ်းမှုဖြစ်ကတည်က ရန်ကုန်မြို့ရှိ နေရာတော်တော်များများတွင် ညမထွက်ရ ကြေညာထားသည့် အချိန်တွင် မီးလောင်မှုများဖြစ်ပွားလေ့ရှိသည်။

နော်ဒစ် ၄ နိုင်ငံ၏ သံရုံးများက နှစ်သစ်ကူးချိန်တွင် ငြိမ်းချမ်းစွာဆန္ဒပြနေကြသော မြန်မာပြည်သူများအား အကြမ်းဖက် တိုက်ခိုက်နေမှုများအား ရပ်တန့်ရန်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ အသင်းအဖွဲ့များဖွဲ့စည်းခွင့်၊ အင်တာနက်သုံးစွဲပိုင်ခွင့်တို့ လုပ်ဆောင်ရန် စစ်အုပ်စုကို ထပ်မံဖိအားပေးတောင်းဆိုလိုက်သည်။ ဥရောပသမဂ္ဂကလည်း အာဏာသိမ်းစစ်တပ်နှင့် ဆက်စပ်နေသူ လူ ၁၀ ဦးနှင့် စစ်အုပ်စု၏ စီးပွားရေးလုပ်ငန်းစု နှစ်ခုအား အရေးယူပိတ်ဆို့မှုပြုလုပ်မည်ဖြစ်ကြောင်း ရိုက်တာ သတင်းထောက်တစ်ဦးမှတစ်ဆင့် သိရှိရသည်။ ယူကေနိုင်ငံတွင် မြန်မာဆရာဝန်များဆေးကုသခွင့်ရရှိရန်အတွက် မြန်မာဆေး ကောင်စီ၏ ထောက်ခံစာ ပြသရန်အလိုအပ်တော့ကြောင်း BBC က တင်ပြထားပါသည်။

Comments

Popular Posts