ဧပြီ ၁၆၊ ၂၀၂၁ #Day75
မြန်မာနှစ်သစ်ကူးနောက်ဆုံးရက်တွင် CRPH က အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းလိုက်ကြောင်း ကြေညာလိုက်သည်။ National Unity Government (NUG) အား လက်ရှိဖမ်းဆီးခံရလျက်ရှိသော သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့၏ရာထူးများအပြင် ဒုတိယသမ္မတ၊ ဝန်ကြီးချုပ်ရာထူးများ အပါအဝင် ဝန်ကြီးဌာနပေါင်း ၁၁ ခုဖြင့်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ အဆိုပါဝန်ကြီးဌာန ၁၁ အား ဝန်ကြီး ၁၀ ဦးနှင့် ဒုဝန်ကြီး ၁၂ ဦးတို့က အသီးသီး တာဝန်ယူကြမည် ဖြစ်သည်။ NUG ၏ ပြောရေးဆိုခွင့်ပုဂ္ဂိုလ်အား Dr. Sasa ကို ခန့်အပ်ထားကြောင်းသိရသည်။ ပါဝင်သူအားလုံး၏ ကိုယ်ရေးအချက်အလက်အပြည့်အစုံကို မသိရှိရသေးသော်လည်း ရရှိထားသောအချက်အလက်များအရ ရာထူး ၂၇ နေရာတွင် အမျိုးသမီး ၃၀% (၈ ဦး)၊ ဗမာမဟုတ်တဲ့ တိုင်းရင်းသား ၅၁% (၁၄ ဦး)၊ NLD ပါတီဝင်မဟုတ်သူ ၃၇ % (၁၀ ခန့်) နှင့် ခရစ်ယာန် ၃၇ % (၁၀ ဦးခန့်) အနည်းဆုံး ပါဝင်လာကြောင်းသိရှိရသည်။ ထို့အပြင် လူငယ် အနည်းဆုံး ၁၀% (၂/၃) ခန့်ပါဝင်ပါသည်။ ပါဝင်သူ အများစုမှာ လူလတ်ပိုင်းဖြစ်သည်ကိုတွေ့ရသည်။ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုတွင် ဒုဥက္ကဌတာဝန်ယူနေသူတစ်ဦးအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် နီးစပ်သူများ၊ လူသိများထင်ရှားသောသူများ၊ ပညာတတ်များနှင့် နွေဦးတော်လှန်ရေးတွင် ဦးဆောင်သူများလည်း ပါဝင်လာသည်ကို တွေ့ရသည်။ လူမှုကွန်ယက်အသုံးပြုသူ အများစုက ယခု NUG စုဖွဲ့မှုအား ချီးကျူးထောက်ခံမှုပြုနေကြသည်ကိုတွေ့ရသည်။ သို့သော် ရခိုင်နှင့် ရှမ်းလူမျိုး အထင်ကရနိုင်ငံရေးသမားများ ပါဝင်လာခြင်းမရှိသေးခြင်း အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့၏ ကိုယ်စားလှယ်များပါဝင်လာခြင်း မရှိသေးသည်ကို ထောက်ပြဝေဖန်နေကြပါသည်။ မကြာမှီဖွဲ့စည်း မည့် အမျိုးသားညီညွှတ်ရေးအစိုးရ၏ အတိုင်ပင်ခံအဖွဲ့ (NUCC) တွင် မပါသေးသည့် အဖွဲ့များ ပါဝင်လာနိုင်ကြောင်း ခန့်မှန်းမှုများရှိပါသည်။
အဆိုပါ NUG ဖွဲ့စည်းခြင်းအား ပြည်တွင်းအဖွဲ့အစည်းများအနက် လက်ရှိစစ်အုပ်စုနှင့် ရှမ်းမြောက်တွင် တိုက်ပွဲဖြစ်ပွားနေသော TNLA (တအောင်း) အဖွဲ့က ပထမဆုံးအနေဖြင့် ကြိုဆိုကြောင်း ထုတ်ပြန်လိုက်သည်။ TNLA က အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် ဘုန်းကျော်က အခြေအနေအရပ်ရပ်ကြောင့် ၎င်းတို့အနေဖြင့် NUG အစိုးရထဲတွင် မပါဝင်ခဲ့သော်လည်း ၎င်းတို့အောင်မြင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေးသားထားပါသည်။ ထို့အပြင် အခြားသော မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် Arakan Army ၏ စစ်ဦးစီးချုပ်က ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ရခိုင်ဘာသာဖြင့် "ငါတို့ကို ဂရုတစိုက်နဲ့ ခေါ်ခဲ့ပါတယ်။ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်မပါခဲ့တာပါ။ သူတို့ကို အပြစ်ပြောစရာမလိုအပ်ပါ" ၎င်းတို့ (AA) အား ဂရုတစိုက်ဖြင့် ဖိတ်ခေါ်သော်လည်း ၎င်းတို့၏ ကိုယ်ပိုင်ရပ်တည်ချက်ကြောင့် မပါဝင်ခြင်းဖြစ်ကြောင်း၊ သူတို့ (CRPH) အား အပြစ်တင်ရန်မလိုအပ်ကြောင်း စသည်ဖြင့် ရေးသားထားပါသည်။ ရခိုင်ပြည်နယ်၏ နယ်မြေအများအပြားကိုထိန်းချုပ်ထားပြီးဖြစ်သော AA သည် အာဏာရှင်ဆန့်ကျင်ရေးကို ထောက်ခံကြို ဆိုသော်လည်း ရခိုင်တွင် CDM နှင့် လမ်းပေါ်ထွက်ဆန္ဒပြမှုများကို ပြန်လုပ်ရန်မလိုအပ်ကြောင်း စာထုတ်ပြန်ဘူးသည်။ နိုင်ငံတကာအဖွဲ့အစည်းအနေဖြင့် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီကလည်း သမိုင်းဝင် NUG အစိုးရအား ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်လိုက်သည်။ CRPH ၏ Public Voice TV တွင် ပြောဆိုချက်အရ အစိုးရအသစ်အား ထောက်ခံမည့်နိုင်ငံများရှိနေကြောင်း သိရသည်။ CRPH နှင့်ဆက်သွယ်မှုများရှိနေသော အမေရိကန်နိုင်ငံနှင့် နော်တစ်နိုင်ငံများသည် အဦးဆုံးထောက်ခံသော နိုင်ငံများဖြစ်နိုင်ကြောင်း ခန့်မှန်းမှုများရှိပါသည်။
လူမှုကွန်ယက်တွင် ယမန်နေ့က ဖမ်းဆီးခံရသော နွေဦးတော်လှန်ရေး၏ အထင်ကရ လူငယ်တစ်ဦးဖြစ်သည့် ဝေမိုးနိုင်၏ ဓာတ်ပုံတစ်ပုံပြန့်နှံ့လာပြီး ၎င်း၏ မျက်နှာတွင် ရိုက်နှက်ခံထားရသော ဒဏ်ရာများရှိနေသည်ကိုတွေ့ရပါသည်။ လူမှုကွန်ယက် အသုံးပြုသူမျာက ၎င်း၏ ဓာတ်ပုံနှင့် ကရင်ပြည်နယ်တွင် KNU က ဖမ်းဆီးထားသည့် ပြုံးနေသော စစ်အုပ်စု တပ်သားများ၏ ဓာတ်ပုံတို့ကိုနှိုင်းယှဥ်၍ လက်နက်ကိုင်အချင်းချင်းဖြစ်သော်လည်း အကျင့်စာရိတ္တအလွန်ပင် ကွဲပြားကြောင်း ဝေဖန်နေကြပါ သည်။ Ayeyarwaddy Time ၏ဖော်ပြချက်အရ ဧရာဝတီတိုင်းအတွင်းရှိ လူငယ်များသည် Ayeyarwaddy Federal Army ကိုဖွဲ့စည်းလိုက်ကြောင်းသိရှိရသည်။ ယခင်ကလည်း စစ်ကိုင်းတိုင်းကလေးမြို့ရှိလူငယ်များက Kalay Civil Army တည်ထောင်ပြီး စစ်အုပ်စုအား လက်လုပ်သေနတ်များဖြင့် တန်ပြန်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် လူမှုကွန်ယက်အသုံးပြု သူများအကြားတွင် အခြားတိုင်းရင်းသားလူမျိုးများ လက်နက်ကိုင်အဖွဲ့များရှိသကဲ့သို့ အများစုဖြစ်သော ဗမာလူမျိုးများတွင် လည်း လက်နက်ကိုင်တပ်ဖွဲ့ရှိသင့်ပြီဖြစ်ကြောင်း ပြောဆိုနေကြပါသည်။
မန္တလေးမြို့တွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များက ဒေသခံများအား အတင်းအကြပ်ရေးကစားခိုင်းနေကြောင်း DVB က ဖော်ပြခဲ့သည်။ ယခုနှစ်သက်ြန်ပွဲတော်အား ပြည်သူများက သပိတ်မှောက်ထားသဖြင့် နိုင်ငံအနှံ့အပြားတွင် ခြောက်ကပ်နေသည်ကိုတွေ့ရသည်။ စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် ဆန္ဒပြပြည်သူများဖွဲ့စည်းထားသည့် ကနီမြို့နယ်လုံခြုံရေးအဖွဲ့နှင့် အာဏာသိမ်းစစ်တပ်တို့ ယမန်နေ့ညနေပိုင်းက တိုက်ခိုက်မှုများဖြစ်ခဲ့သဖြင့် ဒေသခံ ၆ ဦး သေဆုံးခဲ့ကြောင်း Myanmar Now က ဖော်ပြထားသည်။ AAPP ၏ ဖော်ပြချက်အရ ယနေ့အထိ သေဆုံးသူ ၇၂၈ ဦးရှိပြီဖြစ်ကြောင်း သိရသည်။ ယမန်နေ့ Nikkei Asia ၏ ရေးသားချက်အရ အိန္ဒိယနှင့် မြန်မာနယ်စပ်အနီး စစ်ကိုင်းတိုင်းရှိ ဆန္ဒပြမှုများအား ဖြိုခွင်းရန်အတွက် အိန္ဒိယအခြေစိုက် မဏီပူရ်လက်နက်ကိုင်အဖွဲ့ဖြစ်သည့် Meitei အဖွဲ့များ၏ အကူအညီကို ရယူခဲ့ကြောင်းသိရသည်။ အဆိုပါတပ်ဖွဲ့ဝင်များသည် မြန်မာပြည်ဘက်သို့ကူးလာပြီး တပ်မတော်၏ စစ်ဝတ်စုံများကို ဝတ်ဆင်၍ အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြမှုများကို ပစ်ခတ်ခဲ့သဖြင့် အရပ်သား ၁၂ ဦးသေဆုံးခဲ့ရကြောင်း သိရသည်။ ယခင်ကလည်း စစ်အုပ်စုသည် နယ်စပ်၍တိုင်းရင်းသား တပ်ဖွဲ့အချို့ကို အသုံးချ၍ ၎င်းအား အာခံသူများကို နှိမ်နင်းလေ့ရှိကြောင်း သတင်းများလည်းထွက်ဘူးသည်။



Comments
Post a Comment