ဧပြီ ၁၇၊ ၂၀၂၁ #day76


 

ယနေ့မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် မြန်မာပြည်အနှံ့မှာ အမျိုးသားညီညွတ်ရေးအစိုးရအား ကြိုဆိုကြောင်း ဆန္ဒပြနေကြ သည်ကိုတွေ့ရသည်။ လုံခြုံရေးအထူးတင်းကြပ်နေသာ နေရာများတွင် လူငယ်များက အများပြည်သူနေရာများတွင် NUG ကို ကြိုဆိုသည့် စာသားများကို လိုက်ကပ်နေကြသည်ကို တွေ့ရသည်။ NUG သည် ပထမဆုံး အစိုးရအဖွဲ့အစည်းအဝေးအား အွန်လိုင်းမှုတစ်ဆင့်ပြုလုပ်ခဲ့ပါတယ်။ ဒုသမ္မတ ဒူဝါလရှီးလက ၎င်း၏နှစ်သစ်ကူးမိန့်ခွန်းတွင် ၎င်းတို့အနေဖြင့် လုပ်ငန်းစဥ် နှစ်ခုရှိကြောင်း အောက်ခြေရှိပြည်သူများနှင့်ချိတ်ဆက်မှုအားကောင်းအောင် ဆောင်ရွက်ခြင်းနှင့် နိုင်ငံတကာ၏ အသိအမှတ် ပြုရန် ဆောင်ရွက်ခြင်းတို့ကို ဦးစားပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် NUG ဝန်ကြီးများ၏ သတင်းစာရှင်းလင်း ပွဲတွင် ၎င်းတို့အနေဖြင့် ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရေးသည် ရေရှည်ရည်မှန်းချက်ဖြစ်ပြီး လက်တလောတွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့စည်းရေးကို ဦးစားပေးဆောင်ရွက်နေကြောင်း၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (National Unity Consultative Council – NUCC) မကြာခင်ကြေညာတော့မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး၏ ၉၀ ရာခိုင်နှုန်းကျော်သည် ဖက်ဒရယ်ချာတာ ပထမပိုင်းကို သဘောတူကြကြောင်း ဒုတိယအပိုင်းကို ဆက်လက်ညှိနှိုင်း နေကြကြောင်းနှင့် မင်းအောင်လှိုင် လုပ်ဆောင်နေသည်များကို မကြိုက်နှစ်သက်သော တပ်မတော်ဗိုလ်ချုပ်ကြီးများ ရှိနေကြောင်း ဝန်ကြီးများက ထည့်သွင်းပြောဆိုခဲ့သည်။

မန္တလေးတိုင်း မိုးကုတ်မြို့တွင် အကြမ်းဖက်ပစ်ခတ်မှုများကြောင်း ဆန္ဒပြသူအနည်းဆုံး ၆ ဦးဒဏ်ရာရရှိခဲ့ပြီး ၂ ဦးသေဆုံး ခဲ့ကြောင်း Irrawaddy သတင်းဌာနကဖော်ပြထားသည်။ စစ်သားတစ်ဦးက “ကြားတယ်နော် ငါးယောက်၊ အသေဘဲလိုချင်တယ်” ဟု ၎င်း၏ တပည့်များအား အမိန့်ပေးနေသည့် ဗီဒီယိုဖိုင်တစ်ခုလည်း အင်တာနက်တွင် ပြန့်နှံ့နေပါသည်။ ထို့အပြင် ခြေထောက်တွင် သေနတ်ဒဏ်ရာရရှိထားသဖြင့် ထွားသွားသွားနေသော အရပ်သားတစ်ဦး၏ ဗီဒီယိုဖိုင်လည်းနှင့် သေဆုံးသူ အရပ်သားနှစ်ဦးအား စစ်သားများက တွန်းလှဲဖြင့် သယ်ဆောင်သွားသည့် ဓာတ်ပုံတစ်ခုလည်း အင်တာနက်တွင် ပြန့်နှံ့နေပါသည်။ သံလွင်ခက်သတင်းဌာနက၏ ဖော်ပြချက်အရ ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ၂ ရပ်ကွက်ရှိ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နေ့လည်ပိုင်းတွင် ဗုံးပေါက်ကွဲခြင်းကြောင်း ဒုအရာခံဗိုလ်တစ်ဦး သေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်းသိရှိရသည်။ လက်ပစ်ဗုံးဖြစ်သည်ဟု ယူဆကြပြီး စစ်အုပ်စုတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်မှုများ ရှိကြောင်းသိရသည်။ ယခင်ရက်အနည်းငယ်ကလည်း ရန်ကင်းမြို့တွင် ဗုံးသေးတစ်ခုပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။ ထို့အပြင် ဦးဝိစာရလမ်းမပေါရှိ တော်လှန်ရေးပန်းခြံနားတွင်လည်း ယနေ့ညနေတွင် ပေါက်ကွဲတစ်ခုဖြစ်ခဲ့သေးသည်။ ယမန်နေ့ည ၈ နာရီဝန်းကျင်တွင် ရန်ကုန်မြို့တစ်မြို့လုံးနီးပါးကြားသည့် ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့သော်လည်း ကာဖျူးအမိန့်ရှိသောကြောင့် ဖြစ်ပွားသည့်အကြောင်းအရာအသေးစိတ်ကို သိရှိခြင်းမရှိပါ။

မြန်မာပြည်အရေးအား ဆွေးနွေးမည့် အာစီယံနိုင်ငံခေါင်းဆောင်များအစည်းအဝေးကို စစ်အုပ်စု၏ ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် တက်ရောက်မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရ Tanee Sangrat က သတင်းထောက် တွေဆီပေးပို့သော ရေးသားချက်တွင် ဖော်ပြထားကြောင်း VOA က တင်ပြခဲ့သည်။ အဆိုပါထိပ်သီးအစည်းအဝေးအား အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်တွင် ဧပြီလ ၂၄ ရက်နေ့မှာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသတင်းအပေါ် ပြည်တွင်းပြည်ပအဖွဲ့အစည်းများက ကန့်ကွက်နေကြပြီး လူ ၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့သော အာဏာသိမ်းအစိုးရအား အာစီယံ အနေဖြင့် အသိအမှတ် မပြုသင့်ကြောင်း ဝေဖန်နေကြသည်။ အချို့လူမှုကွန်ယက်အသုံးပြုသူများက #ASEANrejectSAC ဆိုသည့် အွန်လိုင်းလှုံဆော်မှုတစ်ခုကို စတင်နေကြပြီး၊ မြန်မာပြည်သူများ၏ ဆန္ဒကိုဆန့်ကျင်သော အာစီယံအဖွဲ့မှ မြန်မာပြည် သည် ထွက်ခွာရန်သင့်ပီဖြစ်ကြောင်း လှုံ့ဆော်နေကြပါသည်။ စစ်ကောင်စီသည် ဆရာဝန် ၂၀ အား ပုဒ်မ ၅၀၅ (က)ဖြင့် ထပ်မံဝရမ်းထုတ်ပြန်လိုက်သည်။ နှစ်သစ်ကူးနေ့တွင် လုပ်နေကြထုံးစံတစ်ခုဖြစ်သည့် ထောင်ကျနေသူများ လွတ်ငြိမ်း ချမ်းသာခွင့်ကို စစ်အုပ်စုက ပြုလုပ်ခဲ့သည်။ Frontier Myanmar ၏ ဖော်ပြချက်အရ လွတ်မြောက်လာသူ ၂၃၀၀၀ ခန့်ရှိကြောင်းသိရသည်။ အစိုးရကို လှောင်ပြောင်သယော်သည့် တင်ဆက်မှုပြုလုပ်ခဲ့ခြင်းကြောင့် ထောင်ကျခဲ့သည့် ဒေါင်းမျိုး ဆက်ဝင် ၃ ဦးလည်းလွတ်မြောက်လာသည်။ သို့သော် လူမှုကွန်ယက်အသုံးပြုသူများက ယခင်တစ်ခေါက်ကကဲ့သို့ ဒုစရိုက် သမားများကို လွတ်ပြေးလိုက်သဖြင့် ရပ်ရွာလုံခြုံရေးထိခိုက်မည်ကို စိုးရိမ်နေကြပါသည်။

ယနေ့တွင်ကျရောက်သည့် ဝ အထူးဒေသ (၂) UWSA နှင့် စစ်တပ်တို့ ငြိမ်းချမ်ရေးရယူခြင်း ၃၂ နှစ်မြောက်နေ့သို့ မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့က ဂုဏ်ပြုသဝဏ်လာပေးပို့ခဲ့သည်။ အဆိုပါစာထဲတွင် UWSA အား ၎င်းတို့၏ ဘုံအကျိုးစီးပွားများအား ကာကွယ်ပေးရန်၊ နိုင်ငံရေးပြောင်းလဲမှုများနှင့် ငြိမ်းချမ်းရေးလမ်းစဥ်တွင် ပူးပေါင်းပါဝင်ရန်၊ ၎င်းတို့၏ ဘုံရည်မှန်းချက်များကို ဖော်ဆောင်ပေးရန် တောင်းဆိုထားသည်။ UWSA သည် လက်ရှိအချိန်အထိ နွေဦးတော်လှန်ရေးနှင့်ပတ်သက်၍ နှုတ်ဆိတ် နေသော အဖွဲ့ဖြစ်ပါသည်။ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ စစ်အုပ်စု၏ စုပေါင်းဂိတ် ၁ ခုအား KIA က ယနေ့မနက်ပိုင်းတွင် သိမ်းပိုက်လိုက်ကြောင်း အရာရှိတစ်ဦးက DVB ကို ပြောဆိုပါသည်။ ထို့အပြင် ယနေ့ညပိုင်းတွင်လည်း Alaw Bum တွင် စစ်သားအများအပြားသေဆုံးထားသော တပ်ရင်း ၃၂၀ အား KIA မှ တိုက်ခိုက်နေကြောင်း နိုင်ငံသားသတင်းထောက်များ၏ ရေးသားချက်အရသိရသည်။ Kachin News Group ကဖော်ပြချက်အရ ပူတာအိုမြို့နယ်တွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် KIA တိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် အရပ်သားများကို ရှေ့တန်းတွင် လူသားဒိုင်းကာအဖြစ်အသုံးပြုခြင်း၊ ပေါ်တာဆွဲမှုများ ပြုလုပ်ခြင်း၊ အရပ်သားကားများကို အသုံးပြုခြင်းတို့ကို ပြုလုပ်နေကြောင်း ရေးသားထားသည်။ CRPH ၏ လုပ်ဆောင်မှုများ နှင့် CDM လှုပ်ရှားမှုများကို ထောက်ခံကြောင်း KNU တပ်မဟာ ၅ က စာထုတ်ပြန်လိုက်သည်။ အဆိုပါစာထဲတွင် စစ်အုပ်စုသည်၎င်းတို့အား ထပ်မံထိုးစစ်ဆင်လာရန် ပြင်ဆင်နေသဖြင့် ပြည်သူများအနေဖြင့် သတိထားရန်၊ ၎င်းတို့အား သတင်းအချက်အလက်များပေးရန် တောင်းဆိုထားသည်။ ယခင် KNU ဒုတိယဥက္ကဌ Naw Zipporah Sein အပါအဝင် KNU ခေါင်းဆောင်ဟောင်းများဖြင့် ဖွဲ့စည်းထားသော KNU Concerned Group က NUG ဖွဲ့စည်းမှုအား ကြိုဆိုထောက်ခံကြောင်း စာထုတ်ပြန်ခဲ့သည်။ NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး Naw Htoo Paw သည် ယခင်က Naw Zipporah Sein အား နည်းပညာအထောက်အကူအဖြစ် အနီးကပ် ကူညီခဲ့သူဖြစ်သည်။

တောင်ကိုရီးယားအစိုးရက မြန်မာပြည်တွင်ပြုလုပ်နေသော အခြေခံအဆောင်အအုံများနှင့်ပတ်သက်သော ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများအား ရပ်တန့်မည်ဖြစ်ကြောင်း the Korea Herald က ဖော်ပြထားသည်။ အမေရိကန်နိုင်ငံ၏ မြို့ကြီး ၅ မြို့တွင် အမေရိကန်ကုမ္ပဏီ Chevron ကို ရင်းနှီးမြှုပ်နှံမှုများရုပ်သိမ်းရန် ကန့်ကွက်ဆန္ဒပြနေကြကြောင်း Mizzima က ဖော်ပြထားသည်။ ပြည်သူများ၏ သပိတ်မှောက်မှုကြောင့် စစ်တပ်ပိုင် မြန်မာဘီယာသည် နှစ်လအတွင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယျံခန့် ဆုံးရှုံးနိုင်ကြောင်း Frontier Myanmar က ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ အရက်ဘီယာစျေးကွက်၏ ၈၀ ရာခိုင်နှုန်းခန့်ရရှိထားသော နာမည်ကျော်မြန်မာဘီယာသည် အာဏာသိမ်းမှုဖြစ်ပြီးနောက် ရောင်းအား ၈၀ မှ ၉၀ ရာခိုင်နှုန်း အထိ ထိုးကျသွားခြင်းဖြစ်သည်။ လူမှုကွန်ယက်အသုံးပြုသူများက အရက်ဘီယာကြိုက်နှစ်သက်သူများအား ချီးကျူး နေကြသည်ကို တွေ့ရသည်။

Comments

Popular Posts