ဧပြီ ၁၈၊ ၂၀၂၁ #day77
အာဏာသိမ်းစစ်တပ်ခေါင်းဆောင် အင်ဒိုနီးရှားရှိ အာစီယံအစည်းအဝေးတက်ရောက်မည့်အပေါ် လူထုက ဆက်လက် အပြင်းအထန်ကန့်ကွက်နေကြသည်။ အချို့သော လူမှုကွန်ယက်အသုံးပြုသူများက စစ်ခေါင်းဆောင်အား မြန်မာပြည်မှ ထွက်ခွာသည်နှင့် ၎င်း၏နောက်လိုက်များက အာဏာပြန်သိမ်းခြင်းဖြစ်နိုင်ကြောင်း သရော်ရေးသားနေကြပါသည်။ Global Center for R2P အဖွဲ့၏ ညွှန်ကြားရေးမှူး Dr. Simon Adams ကလည်း ၎င်းကို မြန်မာပြည်ပြင်ပရောက်တာနှင့် နိုင်ငံတကာ ဥပဒေနှင့်အညီ လက်ထိပ်ခတ်ဖမ်းဆီးသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကိုသာ အာစီယံအစည်းအဝေးသို့ ဖိတ်ကြား သင့်ကြောင်း ၎င်း၏လူမှုကွန်ယက်တွင် ရေးသားထားသည်။ ရိုက်တာ၏ နာမည်ကျော်သတင်းထောက် Matthew Tostevin ကလည်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် လာမည့်အာစီယံထိပ်သီးအစည်းအဝေးပွဲသို့ မည်သူ့ကို ဖိတ်ကြားသင့် သနည်းဟူသည့် အွန်လိုင်းဆာဗေးတစ်ခုစတင်ပြုလုပ်ခဲ့ရာ ၅ နာရီအတွင်း မဲပေးသူ ၉ သောင်းနီးပါးရှိခဲ့ပြီး မဲပေးသူ၏ ၉၆ ရာခိုင်နှုန်းက NUG ကိုသာ ဖိတ်သင့်ကြောင်း၊ ၃ ရာခိုင်နှုန်းက နှစ်ဖွဲ့လုံးကို ဖိတ်သင့်ကြောင်း၊ ၁ ရာခိုင်နှုန်းကသာ စစ်ခေါင်းဆောင်တစ်ဦးတည်းကိုဖိတ်သင့်ကြောင်း တုန့်ပြန်ထားသည်။ သို့သော် စစ်အုပ်စုဘက်က ယခုအချိန်အထိ အဆိုပါ အစည်းအဝေးနဲ့ ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းမရှိသေးပါ။ အစည်းအဝေးကျင်းပမည့် အင်ဒိုနီးရှား ဂျာကာတာမြို့ တွင်လည်း အင်ဒိုနီးရှားနှင့် မြန်မာပြည်သူများက စက်ဘီးစီးဆန္ဒပြမှုဖြစ်ပွားခဲ့သည်။
NUG အစိုးရအား ပြည်တွင်းရှိအဖွဲ့အစည်းများက ထောက်ခံကြောင်း ကြေညာချက်များထုတ်ပြန်နေသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီက အဆိုပါအစိုးရအား အလေးအနက်ထောက်ခံပါကြောင်း စာထုတ်ပြန်လိုက်သည်။ ထို့အပြင် Kachin Political Interim Coordination Team, Rvwang Development Association, Kachin Alliance, Lisu National Organization, Rehmonnya Federal Democratic Committee, တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ, ကရင်နီ ပြည်နယ် အတိုင်ပင်ခံကော်မတီ, မွန်အမျိုးသားကွန်ယက်တို့ကလည်း NUG ကို ထောက်ခံကြောင်း စာထုတ်ပြန်လိုက်သည်။ NUG ၏ ကချင်လူမျိုး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ တူးခေါင်က ကချင်ပြည်နယ် မြစ်ဆုံတွင် တရုတ်အစိုးရက တည်ဆောက်မည့် အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယျံတန်ဖိုးရှိ မြစ်ဆုံရေကာတာစီမံကိန်းဟာ မည်သို့မျှဆောက်လုပ်ခွင့်ပေးမည်မဟုတ်ကြောင်း ပြောဆိုခဲ့ကြောင်း DVB က ဖော်ပြထားသည်။ ၎င်းက “မြစ်ဆုံကတော့ ဘယ်တော့မှလည်း ဖြစ်လာစရာအကြောင်းမရှိဘူး။ တရုတ်အကျိုးစီးပွားဘယ်လောက်ပဲရှိရှိ၊ သူတို့ရဲ့ စဉ်းစားချက်တွေဘယ်လိုပဲရှိရှိ၊ ခြွင်းချက်မရှိ ကျနော်တို့က ကန့်ကွက်သွားရမှာပဲ” ပြောဆိုခဲ့သည်။ မြစ်ဆုံစီမံကိန်းသည် ပြည်သူများအကြား နာမည်ပျက်နေသော စီမံကိန်းတစ်ခုဖြစ်ပြီး ပြည်သူအများအပြားကန့်ကွက်မှုကြောင့် ၂၀၁၁ ခုနှစ်ကတည်းက ဦးသိန်းစိန်အစိုးရမှ ရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့သည်။
စစ်အုပ်စုသည် ဆန္ဒပြနေသူများကို ခြိမ်းခြောက်သည့်အနေဖြင့် ဖမ်းဆီးခံရသူများအား ညှင်းပန်းနှိပ်စက်ပြီး ၎င်း၏ ရုပ်မြင် သံကြားမှ ဖော်ပြကြေညာနေသည်။ ဖမ်းဆီးခံရသည့် နာမည်ကျော်သပိတ်ခေါင်းဆောင် ဝေမိုးနိုင်အား ရိုက်နှက်ပီးနောက် ၎င်း၏ ဓာတ်ပုံကို လူမှုကွန်ယက်တွင် စစ်အုပ်စုကဖြန့်ခဲ့သည်။ ယနေ့တွင်လည်း ယမန်နေ့ ရန်ကင်းတွင် ဗုံးပေါက်ကွဲသည့် ကိစ္စနှင့် ဆက်စပ်ပြီး လူငယ်ခြောက်ဦးအား ဖမ်းဆီးလိုက်ပြီးနောက် ယနေ့ညနေတွင် နှိပ်စက်ခံထားရသော ၎င်းတို့၏ မျက်နှာများအား ရုပ်မြင်သံကြားတွင် ထပ်မံပြသခဲ့သည်။ အလားတူပင် လှိုင်သာယာတွင် ဖမ်းဆီးခံရသော လူငယ်များ သည်လည်း အပြင်းအထန်နှိပ်စက်ခံထား ရကြောင်း ထွက်ပေါ်လာသော ဓာတ်ပုံများတွင်မြင်တွေ့ရသည်။ အဆိုပါ ဖမ်းဆီးခံရသူ အများစုသည် ဆယ်ကျော်သက်နှင့် အသက် ၂၀ ဝန်းကျင်အရွယ်များသာရှိပြီး ဗုံးဖောက်ခွဲမှုနှင့်သက်ဆိုင်သူများမဟုတ်ဘဲ ဆန္ဒပြမှုများတွင်ပါဝင်သည်ကို သတင်းပေးများက လုပ်ကြံဖန်တီးခြင်းဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သူများက လူမှုကွန်ယက် များတွင် ရေးသားထားသည်ကိုတွေ့ရသည်။
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင် ကျော်ကြားသူတစ်ဦးပိုင်ဆိုင်သည်ဆိုသော မော်တော်ကားတစ်စီး ယနေ့မီးလောင်ကျွမ်း ခဲ့ကြောင်း Mizzima သတင်းဌာနကဖော်ပြထားသည်။ ယုန်လေးဟုခေါ်သော သူ၏ကားဖြစ်ပြီး ၎င်းသည် သက်ြန်နောက်ဆုံး ရက်က တပ်စခန်းအတွင်းကျင်းပသော သက်ြန်ပွဲတော်သို့ တက်ခဲ့သဖြင့် မကျေနပ်သူတစ်ချို့က ကားကိုမီးရှို့လိုက်ခြင်း ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။ ၎င်းအပါအဝင် နာမည်ကျော်ကြားသူအချို့သည် အာဏာသိမ်းဆန့်ကျင်မှု ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြသော်လည်း စစ်အုပ်စု၏ ပွဲအားတက်ရောက်ခဲ့သဖြင့် သတင်းပေးများ သစ္စာဖောက်သူများအဖြစ် လူမှုကွန်ယက်အသုံးပြုသူများ၏ ဝေဖန်မှုကို ခံနေရပါသည်။ ဂျပန်သတင်းထောက် Mr. Yuki Kitazumi အား စစ်အုပ်စုက ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ရေကျော်လမ်းမပေါ်တွင် ယနေ့ည ၈ နာရီခန့်က ထပ်မံဖမ်းဆီးလိုက်ကြောင်း Khit Thit Media က ဖော်ပြထားသည်။ ၎င်း၏ စာရွက်စာတမ်းများပါရှိသည့် စက္ကူပုံး ၂ ပုံးကိုလည်း သယ်ဆောင်သွားကြောင်း သိရသည်။ ၎င်းသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကလည်း မြေနီကုန်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုများကို သတင်း ယူနေစဥ် အဖမ်းခံခဲ့ရဘူးသည်။ မန္တလေးတိုင်း မြင်းခြံမြို့တွင် အိမ်ထဲတွင်ရှိနေသော လူငယ်တစ်ဦးအား စစ်အုပ်စုတပ်ဖွဲ့ဝင် များက လမ်းပေါ်မှနေ၍ ပစ်ခတ်လိုက်ခြင်းကြောင်း အဆိုပါလူငယ်သည် အသက်အန္တရာယ်စိုးရိမ်နေရကြောင်းသိရသည်။ Irrawaddy သတင်း၏ ဖော်ပြချက်အရ မြင်းခြံမြို့တစ်မြို့ထဲတွင်ပင် သေဆုံးသူ ၂၅ ဦးရှိပြီဖြစ်ကြောင်းသိရသည်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် KIA နှင့် စစ်အုပ်စုတို့ ယနေ့ည ၇ နာရီကျော်မှစ၍ တိုက်ပွဲပြင်းထန်နေကြောင်းသိရသည်။ ထို့အပြင် KIA ဌာနချုပ်ရှိသည်ဆိုသော မြန်မာနှင့်တရုတ်နယ်စပ်အနီးရှိ လိုင်ဇာမြို့တွင် KIA က မြို့နေပြည်သူများအား လေကြောင်းမှုတိုက်ခိုက်မှုများရှိလာနိုင်သဖြင့် သတိထားကြရန် သတိပေးနေကြောင်း KIA နှင့်နီးစပ်သော လူမှုကွန်ယက် စာမျက်နှာများတွင်ရေးသားထားသည်။ လိုင်ဇာမြို့အဝင်လမ်းပေါ်ရှိ အလွန်ဘွမ်းတောင်အနီးတဝိုက်တွင် တိုက်ပွဲများပြင်းထန် နေသည်မှာ တစ်လနီးပါးရှိပြီဖြစ်သည်။ ကရင်လူမျိုးသိန်းချီနေထိုင်လျက်ရှိသော ထိုင်းနိုင်ငံမှ အဝေးရောက်ကရင်လူမျိုးများက KNU အတွက် ထိုင်းဘတ်ငွေ ၁ သန်းလှုဒါန်းလိုက်ကြောင်းလည်းသိရသည်။ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အဆိုပါလှုဒါန်းမှုအတွက် ကျေးဇူးတင်ကြောင်း စာထုတ်ပြန်ခဲ့သည်။ နိုင်ငံတကာသို့ရောက်ရှိနေသော သန်းချီသည့်မြန်မာလူမျိုးများသည် CDM အတွက်သော်လည်းကောင်း CRPH အတွက်သော်လည်းကောင်း တိုင်းရင်းသား တပ်ဖွဲ့ဝင်များအတွက်သော်လည်းကောင်း အလှူငွေကောက်ခံခြင်းတို့ကို တက်တက်ကြွကြွလှုပ်ဆောင်နေကြသည်။
Comments
Post a Comment