ဧပြီ ၁၉၊ ၂၀၂၁ #day78
လူမှုကွန်ယက်တွင် အပြောများသော သတင်းတစ်ခုမှာ ပဲခူးတိုင်း ရွှေကျင်မြို့နယ်တွင် ဧပြီလ ၁၈ ရက်နေ့က အဖမ်းခံခဲ့ရသော လူငယ် ၁၈ ဦးအကြောင်းဖြစ်သည်။ ၎င်းတို့သည် နယ်စပ်တွင် စစ်သင်တန်းသွားရောက်တက်ခဲ့ပြီး အကြမ်းဖက်မှုများ ပြုလုပ်ရန်အတွက် ပြန်လာခြင်းဖြစ်ကြောင်း စစ်အုပ်စုက စွပ်စွဲထားသည်ဟု Khit Thit Media က ဖော်ပြထားသည်။ သက်သေအထောက်အထားများမရှိသဖြင့် ပြန်လွတ်ပေးမည်ဟု လူငယ်တစ်ဦး၏ မိဘများကပြောဆိုခဲ့သော်လည်း ယနေ့တွင် စစ်ကြောရေးစခန်းသို့ထပ်မံပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါသတင်းနှင့်ပတ်သက်၍ လှုမှုကွန်ယက်တွင် လူငယ်အများအပြားပြောက်ကြားဝတ်စုံဖြင့်ဓာတ်ပုံကို စတင်ခဲ့သည်ဟုယူဆရသော ပြည်ပတွင်နေထိုင်သူ Nyinyi Lwin အကောင့်ပိုင်ရှင်အား လူမှုကွန်ယက်အသုံးပြုသူများက အပြင်းအထန်ဝေဖန်နေကြပါသည်။ ၎င်းအကောင့်ပိုင်ရှင်က ဓာတ်ပုံ များနှင့်အတူ ရာပေါင်းများစွာသောပြည်သူများသည် ပြည်သူ့ကာကွယ်ရေးတပ် ပထမအသုတ်အနေဖြင့် စစ်သင်တန်းပြီးဆုံးပြီ ဖြစ်ကြောင်း တိုက်ပွဲဝင်ရန်အသင့်ဖြစ်နေပီဖြစ်ကြောင်း ရေးသားထားခြင်းဖြစ်သည်။ လူမှုကွန်ယက်အသုံးပြုသူများက အာဏာသိမ်းဆန့်ကျင်လှုပ်ရှားမှုများကို ထောက်ခံသူများအနေဖြင့် လက်နက်ကိုင်လှုပ်ရှားမှုနှင့်သက်ဆိုင်သော အချက်အလက် များအား လူမှုကွန်ယက်တွင် မျှဝေရန်မလိုအပ်ကြောင်း ဆိုးကျိုးများကြောင်းဖြစ်စေကြောင်း အဖမ်းခံရသောလူငယ်များသည် စစ်သင်တန်းတက်ခဲ့သည်ဖြစ်စေ မတက်ခဲ့သည်ဖြစ်ပါစေ အဆိုပါအကြောင်းအရာကြောင့် အဖမ်းခံရခြင်းဖြစ်ကြောင်း ဝေဖန်နေကြပါသည်။ စစ်အုပ်စုသည် ငွေကြေးကုန်ကျသွားစွာအသုံးပြု၍ အဆင့်မြင့်နည်းပညာများဖြင့် လူမှုကွန်ယက်အသုံး ပြုနေသူများကို လိုက်လံဖမ်းဆီးနေသဖြင့် သတိထားကြရန်လိုကြောင်း သတိပေးနေကြပါသည်။ အကြမ်းဖက်ဖြိုခွင်းမှုများ စတင်ချိန်မှစ၍ မြန်မာလူငယ်အများအပြားသည် နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နယ်မြေများသို့ ထွက်ပြေးတိမ်းရှောင်ကြပြီး စစ်ပညာများသင်ယူနေကြခြင်းဖြစ်သည်။
New York Times ၏ ဆောင်းပါးတစ်ခုအရ မြန်မာစစ်တပ်သည် အစ္စရေး အမေရိကန်နှင့် ဥရောပထုတ် စစ်တပ်သုံး စောင့်ကြည့်ရေး နည်းပညာများကို ရရှိထားကြောင်း၊ လွန်ခဲ့သည့် ဘဏ္ဏာရေးနှစ် ၂ ခုအတွင်း အဆိုပါနည်းပညာများအတွက် ငွေကြေးအများအပြားသုံးစွဲခဲ့ကြောင်း၊ အဆိုပါနည်းပညာများအား မူလက ငွေကြေးခဝါချမှုများ ရာဇဝတ်မှုများ ဆိုင်ဘာမှုခင်း များကို ဖော်ထုတ်ရန်အတွက် ဝယ်ယူခဲ့ခြင်းဖြစ်သော်လည်း ယခုအချိန်တွင် စစ်တပ်ဆန့်ကျင်သူများ ဖြိုခွင်းရာတွင် အသုံးပြု နေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် စစ်တပ်သည် ဆန္ဒပြမှုများအားစောင့်ကြည့်ရေးအတွက် တရုတ်ပြည်ထုတ် CH-3A မောင်းသူမဲ့လေယာဥ်များကို အသုံးပြုနေကြောင်း လူမှုကွန်ယက်တွင် အထောက်အထားများဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေကြပါသည်။
မန္တလေးမြို့ရှိ နွေဦးတော်လှန်ရေး၏ ပထမဆုံးလမ်းပေါ်ထွက်ဆန္ဒပြမှုကို ဦးဆောင်ခဲ့သော မန္တလေးမြို့ရှိ တေဇာဆန်းအား အရပ်ဝတ်စစ်အုပ်စုတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးနေကြောင်းသိရသည်။ ၎င်းနေထိုင်ခဲ့သော တိုက်ခန်းတစ်ခုအား သုံးကြိမ်မြောက်အဖြစ်လာရောက်ရှာဖွေမှုလုပ်ခဲ့ကြကြောင်း ၎င်းပိုင်ဆိုင်သော ပစ္စည်းများအား ယူဆောင်သွားကြောင်း သိရ သည်။ မန္တလေးတိုင်း ညောင်ဦးမြို့နယ်တွင် သပိတ်စစ်ကြောင်းဖြိုခွင်းခံခဲ့ရပြီး ၁၁ ဦးအဖမ်းခံရကြောင်း DVB က ဖော်ပြထားသည်။ မန္တလေးမြို့တွင်းရှိ သပိတ်တွင်လည်း ၁၅ ဦးခန့်အဖမ်းခံရကြောင်း၊ ရန်ကုန်မြို့ရှိ အင်းစိန်ကြို့ကုန်း သိပိတ်လည်း ဖြိုခွင်းခံရပြီး လူငယ် ၂၀ ကျော် အဖမ်းခံရကြောင်း Mizzima က ဖော်ပြသည်။ မန္တလေးမြို့သပိတ်အား စစ်သားများက မော်တော်ကားဖြင့်တိုက်၍ ဖြိုခွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယနေ့ည ၈ နာရီတွင် စစ်တပ်ပိုင် သတင်းဌာနက ဧပြီလ ၁၅ ရက်နေ့အထိ သေဆုံးသူ ၂၄၀ ဦးသာရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ဆန္ဒပြသူများ၏ အကြမ်းဖက်မှု ကြောင့် စစ်သား ၇ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁၇ ဦးလည်း သေဆုံးရကြောင်းနှင့် AAPP မှ ထုတ်ပြန်ထားသော လူ ၇၀၀ ကျော်စာရင်းသည် မှားယွင်းနေပြီး အချက်အလက်များဖောင်းပွနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စနစ်တကျစာရင်း ပြုလုပ်ထားကြောင်း ပြောဆိုခဲ့သည်။
ကချင်ပြည်နယ်အခြေစိုက် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရုံးက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် KIA နှင့် စစ်အုပ်စုတို့ စစ်ပွဲဖြစ်ပွားနေသဖြင့် အရပ်သားအချို့သေကြေရခြင်း နေအိမ်အဆောက်အအုံများပျက်စီးရခြင်း ငွေကြေး ကောက်ခံမှုများရှိနေခြင်းတို့ကြောင့် ရပ်ရွာများအတွင်း တိုက်ပွဲဖော်ဆောင်နေမှုများအား ရှုတ်ချကြောင်း စာကို Shan News ကဖော်ပြထားသည်။ အဆိုပါစာထုတ်ပြန်မှုအပေါ် လူမှုကွန်ယက်အသုံးပြုသူတစ်ချို့က အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်နေ သော KIA ကိုပါ ထည့်သွင်းခြင်း အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြမှုအပေါ် ပါတီအနေဖြင့် မှတ်ချက်ပေးလေ့မရှိဘဲ ယခုမှစာထုတ်ပြန်ခြင်းအပေါ် ဝေဖန်နေကြသည်ကို တွေ့ရသည်။ ယမန်နေ့က ရှမ်းပြည်နယ်တောင်ပိုင်းတွင် အခြေစိုက်သော RCSS တပ်များလှုပ်ရှားနေသည့် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်တဖက်ကမ်းရှိ လွိုင်ကော်ဝမ်း ကျေးရွာအနီးကို စစ်အုပ်စုက လက်နက်ကြီးများဖြင့် (၃)ကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း Mizzima က ဖော်ပြထားသည်။ ယနေ့တွင်လည်း အဆိုပါ ဒေသတစ်ဝိုက်အား လက်နက်ကြီးဖြင့် နှစ်ကြိမ်ထပ်မံပစ်ခတ်ခဲ့ကြောင်း Shan News က ဖော်ပြသည်။ အဆိုပါဒေသအနီး တဝိုက်တွင် ထိုင်းနယ်စပ်တလျောက်တွင် ရှမ်းလူမျိုးများနေထိုင်သော ဒုက္ခသည်စခန်း ၆ ခုအနက်တစ်ခုဖြစ်သည့် လွိုင်ကော်ဝမ်း ဒုက္ခသည်စခန်း Loi Kaw Wan refugee camp တည်ရှိပါသည်။ မတ်လ ၃၀ ရက်နေ့က ထိုင်းမြန်မာ နယ်စပ်တလျောက်ရှိ RCSS/SSA တပ်စခန်းများကိုတိုက်ခိုက်ဟု စစ်တပ်ကခြိမ်းခြောက်ခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြခဲ့သေးသည်။ RCSS သည် KNU နည်းတူ အစိုးရနှင့် အပစ်ခတ်ရပ်စပ်ရေးစာချုပ်ချုပ်ဆိုထားသောအဖွဲ့ဖြစ်သည်။ အဆိုပါ တင်းမာမှုများကြောင့် ရှမ်းပြည်သူ ၇၀၀၀ ခန့် စစ်ဘေးရှောင်နေရကြောင်းလည်းသိရသည်။ ဧပြီလ ၁၇ ရက်နေ့တွင် ထိုင်းနိုင်ငံမြောက်ပိုင်း မဲ့စရိန်းမြို့နယ်ရှိ သံလွင်မြစ်ထဲတွင် သွားလာနေသော ထိုင်းလူမျိုးပိုင် ကုန်တင်လှေ ၃ စီးအား မြန်မာဘက်ကမ်းမှ စစ်အုပ်စုတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ကြောင်း အာဆီယံနယူးစ်သတင်းတွင် ဖော်ပြထားသည်။ ထိခိုက်ဒဏ်ရာ ရရှိမှုများမရှိကြောင်း သိရသည်။
မြန်မာ့အရေးဆွေးနွေးမည့် အာစီယံအထူးအစည်းအဝေးပွဲအား ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကသည် တက်ရောက်မည်မဟုတ်ဘဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အစားထိုးတက်ရောက်မည်ဖြစ်ကြောင့် BBC က ဖော်ပြထားသည်။ အကြောင်းအရာအတိအကျကိုမသိရသော်လည်း အွန်လိုင်းအသုံးပြုသူများက ၎င်းအနေဖြင့် မြန်မာစစ်အုပ်စုများနှင့် ဆက်ဆံရေးပျက်မည်စိုးသည့်အတွက် တမင်တကာလက်ရှောင်ခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းကြပါသည်။ ဥရောပသမဂ္ဂက စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းကြီးနှစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်(MEHL) နှင့် စစ်အုပ်စုနှင့်ဆက်နွယ်နေသူ လူ ၁၀ ဦးအား ဒဏ်ခံပိတ်ဆို့မှုများ ထပ်မံပြုလုပ်လိုက်ကြောင်း BBC က ဖော်ပြသည်။
Comments
Post a Comment