ဧပြီ ၂၀၊ ၂၀၂၁ #day79

 


စစ်အုပ်စုသည် CDM ဦးဆာင်ပြုလုပ်သည့် ကျန်းမာရေးဝန်ထမ်းများအား အမျိုးအမျိုးဖိအားပေးလျက်ရှိသည်။ ယခင်က ဖမ်းဆီးထောင်ချခြင်း ဖမ်းဝရမ်းကြေညာခြင်း အလုပ်ဖြုတ်ခြင်း ဆေးကုသခွင့်လိုင်စင်များရုပ်သိမ်းခြင်း ဝန်ထမ်းအိမ်ယာမှ ဖယ်ရှားခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ယနေ့ညနေတွင် CDM ပြုလုပ်သူဆရာဝန်များ၏ နိုင်ငံကူးလက်မှတ်များကို ပယ်ဖျက် သွားမည်ဖြစ်ကြောင်း စစ်အုပ်စုကကြေညာလိုက်သည်။ ပြည်သူပိုင်ဆေးရုံများတွင် လုပ်ကိုင်နေသော ဆရာဝန်များနှင့် သူနာပြု များသည် CDM လှုပ်ရှားမှုကို အာဏာသိမ်းပြီး ဒုတိယနေ့တွင် စတင်ဦးဆောင်ခဲ့သူများဖြစ်ပြီး အဆိုပါလှုပ်ရှားမှု၏ ကျယ်ပြန့်မှုနှင့် အောင်မြင်မှုများကြောင့် စစ်အုပ်စုသည် တုန်လှုပ်ခဲ့ရကြောင်း လူမှုကွန်ယက်အသုံးပြုသူများက ထောက်ပြ ပြောဆိုနေကြသည်။ CDM လှုပ်ရှားမှုကို ကူညီနေသော အဖွဲ့အစည်းများက ပြည်သူ့ဝန်ထမ်းများအနက် ကျန်းမာရေး ဝန်ထမ်းများ CDM ပြုလုပ်မှုသည် ပျမ်းမျှ ၉၀ ရာခိုင်နှုန်းဝန်းကျင်ဖြင့် အများဆုံးဖြစ်ကြောင်း ဖော်ပြကြသည်။ ကျန်းမာရေး ဝန်ထမ်းများက ၎င်းတို့သည် ရုံးမတက်သော်လည်းဘဲ လူနာများအား ပြင်ပဆေးရုံများ ဆေးပေးခန်းများတွင် ကုသပေးလျက် ရှိကြောင်း အရေးပေါ်လူနာများကိုလည်း ခွဲစိတ်ကုသပေးနေဆဲပင်ဖြစ်သဖြင့် စစ်အုပ်စုစွပ်စွဲသကဲ့သို့ ၎င်းတို့ CDM ကြောင့် လူနာသေဆုံးမှုများ များပြားလာသည်မှာ မဟုတ်မှန်ကြောင်း ငြင်းဆိုပါသည်။ အစပိုင်းက စစ်အုပ်စုသည် CDM ပြုလုပ်နေသူ ဝန်ထမ်းများအား အရေးယူမည်မဟုတ်သဖြင့် လုပ်ငန်းခွင်ပြန်ဝင်ရန် ချော့မော့ခဲ့သော်လည်း ယခုအခါတွင် ဖမ်းဆီးခြင်း ခြိမ်းခြောက်ခြင်းတို့ကို ပြုလုပ်လာခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားတပ်ဖွဲ့တစ်ခုထံသို့ ဒုတပ်ရင်းမှူးအဆင့်ရှိ CDM ပြုလုပ်သည့် ဗိုလ်မှူးတစ်ဦး ထွက်ပြေးလွတ်မြောက်လာကြောင်း RFA က ဖော်ပြခဲ့သည်။ ၎င်းသည် CDM ပြုလုပ်သည့် စစ်သားများအနက် ရာထူးအကြီးဆုံးဖြစ်ကြောင်းလည်းသိရသည်။ ဗိုလ်မှူးဟိန်းသော်ဦးသည် အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ်က ဦးစီးအရာရှိ (ဒုတိယတန်း- စစ်ရေးစစ်ထောက်) ဖြစ်သည်။ RFA အား ၎င်း၏ ပြောဆိုချက်အရ စစ်တပ်ထဲတွင် အာဏာသိမ်းမည် ဆိုသည်အား ၎င်းတို့အနေဖြင့် ၂၀၁၅ ခုနှစ် NLD အနိုင်ရစဥ်ကတည်းက အရိပ်အယောင်များတွေ့ရကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်ကာလတွင် စစ်တပ်ဘက်မှ အာဏာသိမ်းမှုအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တပ်တွင်းစည်းရုံးမှု များ ပိုမိုပြုလုပ်လာသဖြင့် အာဏာသိမ်းမှုဖြစ်လာမည်ကို ၎င်းတို့ သိရှိခဲ့ရကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် စစ်တပ်ထဲမှာ သူ့လို ပြည်သူနဲ့ ပူးပေါင်းလိုသူ တပ်မတော်သားနဲ့ အရာရှိအများအပြားရှိနေသော်လည်း ခြိမ်းခြောက်ခံထားရခြင်းနှင့် မက်လုံးပေး၍ စည်းရုံးထားခြင်းများကြောင့် ထွက်မပြေးနိုင်ခြင်းဖြစ်ကြောင်း၊ ၎င်းကဲ့သို့ထွက်ပြေးရန်ကြိုးပမ်းနေသည့် စစ်သားအများအပြားရှိနေသေးကြောင်း၊ ပြည်သူများဖက်မှ ဒေသတစ်ခုခုတွင် အခိုင်အမာတပ်စွဲနိုင်သည့် အနေအထား ရောက်ရှိလာပါက တပ်သည်ပြိုကွဲလာမည်ဖြစ်ကြောင်း၊ ပြင်ပတွင် သေနတ်များသည် သိန်း ၂၀ သိန်း ၄၀ ခန့် စျေးရှိသော်လည်း စစ်တပ်၏ စက်ရုံမှ ထုတ်သော သေနတ်များသည် အဆမတန်စျေးသက်သာပြီး ၉ ထောင် မှ တစ်သောင်း ခြောက်ထောင် ခန့်သာရှိကြောင်း ပြောဆိုခဲ့သည်။ KNU တပ်မဟာ ၅ က တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်အပေါ် စာထုတ်ပြန် ကန့်ကွက်လိုက်သည်။ ၎င်းတို့အနေဖြင့် NCA စာချုပ်ချိုးဖောက်ခြင်းမရှိဘဲ စစ်တပ်သည်သာ NCA စာချုပ်ပါအချက်အလက်များအားလုံးကို အကြိမ်ကြိမ် ချိုးဖောက်နေခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

စစ်ကိုင်းတိုင်း ယင်းမာမြို့နယ် သီးကုန်းရွာအနီးတွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုများကြောင့် ရွာသား ၉ ဦးသေဆုံးခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက BBC ကို ပြောဆိုခဲ့သည်။ ယနေ့ညနေ ၅ နာရီဝန်းကျင်ခန့်တွင် အဆိုပါတပ်ဖွဲ့ဝင်များက စိန်ပြောင်းများကိုပါ အသုံးပြု၍ ရွာကိုပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပစ်ခတ်မှု ၅၀ ထက်မနည်း ရှိကြောင်းလည်းသိရသည်။ ဧပြီလ ၁၇ ကလည်း အနီးရှိ ကနီမြို့နယ်တွင် လက်လုပ်သေနတ်များကိုင်ဆောင်ထားသည့် ဒေသခံ ၃၀၀ ခန့်နှင့် စစ်သားများအကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့သေးသည်။ ရွာသားများ သေဆုံးသူနှင့် ပျောက်ဆုံးသူ ၂၀ ခန့်ရှိခဲ့ကြောင်းနှင့် စစ်သားများဘက်မှ ထိခိုက်သေဆုံးမှုများ ရှိကြောင်း ဒေသခံများက BBC ကိုပြောဆိုခဲ့သော်လည်း သေဆုံးသူများကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။ အဆိုပါဒေသများတွင် ပြည်သူများနေရပ်စွန့်ခွာမှုများ ရှိလာကြပြီး လယ်ကွင်းများထဲတွင် နေထိုင်နေကြကြောင်း သိရသည်။ စစ်အုပ်စုသည် သပိတ်ခေါင်းဆောင် တေဇာဆန်းအား ဖမ်းမိသူများ အတွက် ဆုကြေးငွေ သိန်း ၁၀၀ ပေးမည်ဖြစ်ကြောင်း မန္တလေးမြို့တွင် လက်ကမ်းစာစောင်များ ဝေဌနေပါသည်။ ၎င်း၏ သူငယ်ချင်းတစ်ဦးက ၎င်းသည်တေဇာဆန်းရှိနေ့သည့်နေရာအား မသိသော်လည်း ၎င်းထံတွင် တေဇာဆန်း၏ အတွင်းခံရှိ သဖြင့် သိန်း ၂၀ ပေးလျင်လာရောက် အပ်နှံမည်ဖြစ်ကြောင်း လှောင်ပြောင်လိုက်သည်။

NUG နှင့် အဆိုပါအစိုးရတွင် တာဝန်ယူထားသူများအား မတရားအသင်းနှင့် မတရားအသင်းဝင်များအဖြစ် စစ်အုပ်စု၏ ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ညနေတွင်ကြေညာလိုက်သည်။ ၂/၂၀၂၁ ထုတ်ပြန်ချက်ဖြင့် မတ်လ ၂၁ ရက်နေ့တွင် CRPH အား မတရားအသင်းအဖြစ်ကြေညာခဲ့ဘူးသည်။ Public Voice Television ၏ ဖော်ပြမှုအရ NUG ဖွဲ့စည်းခဲ့ခြင်းအား ကြိုဆို ကြောင်း နိုင်ငံပေါင်း ၁၆၀ ရှိ အလုပ်သမားပေါင်း ၂၀၇ သန်းဖြင့် ဖွဲ့စည်းထားသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ International Trade Union Confederation (ITUC) ကကြေညာခဲ့သည်။ အာစီယံအထူးအစည်းအဝေးနီးကပ်လာသည်နှင့် အမျှ အာစီယံအဖွဲ့ဝင်နိုင်ငံများအပေါ်တွင်လည်း ဖိအားများ ပိုမိုကျရောက်လာနေသည်။ ကုလသမဂ္ဂ၏ အတွင်းရေးမှူးဟောင်း ဘန်ကီမွန်းက မြန်မာနိုင်ငံရှိ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများ ရပ်သွားရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီရော အာဆီယံအဖွဲ့အစည်းရော အခွင့်အရေးယူရန်လိုအပ်ကြောင်း၊ လက်ရှိအကြမ်းဖက်မှုများသည် ပြည်တွင်းရေးမဟုတ်ဘဲ အာဆီယံပဋိညာဉ်ကိုလည်း ချိုးဖောက်နေသည်သာမက ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်နေကြောင်း ၎င်းက ပြောဆိုခဲ့သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း အာစီယံ ခေါင်းဆောင်များအနေဖြင့် ၎င်းတို့၏ သြဇာအရှိန်အဝါအသုံးပြီး မြန်မာနိုင်ငံအရေးကို ဝင်ရောက်ဖြေရှင်းကြရန် တိုက်တွန်း လိုက်သည်။ NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဇင်မာအောင်အား အဆိုပါအစည်းအဝေးသို့ ဖိတ်ကြားသည်ဆိုသည့် သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်းမရှိပါ။

ပထမဦးဆုံးသောနိုင်ငံအဖြစ် UK နိုင်ငံ၏ ဝန်ကြီး Nigel Adams သည် NUG ၏ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး Dr Sasa အား တွေ့ဆုံအစည်းအဝေးပြုလုပ်ခဲ့သည်။ NUG ဖွဲ့စည်းပီးနောက် NUG တာဝန်ရှိသူတစ်ဦးနှင့် နိုင်ငံတစ်နိုင်ငံ၏ အဆင့်မြင့် တာဝန်ရှိသူတစ်ဦးတွေ့ဆုံသော ပထမဆုံးအစည်းအဝေးဖြစ်လာသည်။ နာဆာ၏ အဂါဂြိုလ်ပေါ်တွင် ဆင်းသက်ခဲ့သည် ရဟတ်ယာဥ်ငယ်တည်ဆောက်မှု ပရောဂျက်အား ဦးဆောင်တီထွင်ခဲ့သူ အမေရိကန်နိုင်ငံဖွား မြန်မာအမျိုးသမီး မီမီအောင်အကြောင်းသည် မြန်မာလူငယ်များအကြားတွင် ရေပန်းစားနေပါသည်။ သတင်းဆိုးများနေ့စဥ်ရက်ဆက် ကြားနေရသဖြင့် သူမ၏ ကမ္ဘာကျော်အောင်မြင်မှုသည် မြန်မာလူငယ်များအတွက် အားတက်စေမှုဖြစ်ကြောင်း လူမှုကွန်ယက် အသုံးပြုသူများက မှတ်ချက်ပြုနေကြသည်။ ဥရောပသမဂ္ဂ၏ အရေးယူမှုစာရင်းတွင် စစ်ကောင်စီတွင် ပါဝင်နေသာ အရပ်သားများလည်းပါဝင်ခဲ့ပြီး ယနေ့အထိ ပိတ်ဆို့အရေးယူခံရသူ ၃၅ ဦးနှင့် အဖွဲ့အစည်း ၂ ခုရှိပြီဖြစ်ကြောင်း DVB က ဖော်ပြထားသည်။

Comments

Popular Posts