ဧပြီ ၂၁၊ ၂၀၂၁ #Day80

 


အာဏာသိမ်းခြင်း ရက် ၈၀ ပြည့်မြောက်နေ့တွင် နိုင်ငံအနှံ့ရှိ မြန်မာပြည်သူများနှင့် ကမ္ဘာအရပ်ရပ်ရှိ မြန်မာပြည်သူကို ထောက်ခံသူများသည် #BlueShirtStrikeအပြာရောင်အကျီ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ကမ်ပိန်းသည် လွန်ခဲ့သည့် ၇ နှစ်က သေဆုံးသွားသော မြန်မာပြည်၏ အကျော်ကြားဆုံး လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူနှင့် ဂျာနယ်လစ် တစ်ဦးဖြစ်သည့် ဦးဝင်းတင်အား အမှတ်ရသည့်အနေဖြင့် ပြုလုပ်ခြင်းဖြစ်သည်။ NLD ၏ အမာခံအဖွဲ့ဝင်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လူတစ်ဦးဖြစ်သည့် ဦးဝင်းတင်သည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးလှုပ်ရှားမှုများ စာရေးသားမှုများကြောင့် ၁၉၈၉ နှင့် ၂၀၀၈ ခုနှစ်အတွင်း နှစ်ပေါင်း ၂၀ နီးပါး အကျဥ်းကျခံခဲ့ရသည်။ ၎င်းလွတ်မြောက်လာအချိန်တွင် ထောင်ထဲမှလွတ်မြောက်လာသော်လည်း လွတ်မြောက်သည်ဟု မခံစားရသောကြောင့် ထောင်ဝတ်စုံဖြစ်သည့် အပြာရောင် အကျီကို ဆွဲဆွဲမြဲမြဲဝတ်ဆင်ခဲ့သည်။ ၎င်းလွတ်မြောက်လာသည့် ၂၀၀၈ ခုနှစ်တွင် စစ်အစိုးရ၏ ဖိနှိပ်မှုများအပြင်းအထန်ခံရေသာ NLD အား ပြန်လည်လည်ပတ်လာစေရန် ပြုပြင်ပြောင်းလဲခြင်း၊ ပါတီလူငယ်များနှင့် ပုံမှန်တွေ့ဆုံခြင်း၊ ဦးဝင်းတင်ဖောင်ဒေးရှင်း ထူထောင်၍ နိုင်ငံရေးအကျဥ်းသားများနှင့် ၎င်းတို့၏ မိသားစုများကို ကူညီရန် ကြိုးပမ်းခဲ့သည်။ စိတ်ဓာတ်ပြင်းထန်သူ မူဝါဒခိုင်မာသူ ဦးဝင်းထိန်အား ခြင်္သေ့နှလုံသား ပိုင်ရှင်အဖြစ်တင်စားခဲ့ကြပြီး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပင် ပျော့ပျောင်းလွန်းသူဟု၍ ဝေဖန်ခဲ့သဖြင့် ၎င်းတို့နှစ်ဦးအကြား ဆက်ဆံရေးအေးခဲခဲ့ကြောင်း သတင်းများထွက်ခဲ့သေးသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဥ်းသားများ လွတ်မြောက်လာစေရေး အတွက် အစဥ်တစိုက်တောင်းဆိုခဲ့သော ၎င်း၏ လုပ်ရပ်ကို အတုယူ၍ နွေဦးတော်လှန်ရေးတွင် ပါဝင်သူများက အပြာရောင်အကျီဝတ်ဆင်၍ ၎င်းတို့၏ မိတ်ဆွေများ မိသားစုများ၏ အမည်များကို လက်ဖဝါးတွင်ရေး၍ လှုပ်ရှားမှုပြလုပ်ခြင်းဖြစ်သည်။

မတ်လ ၂၄ ရက်နေ့က CDM ဝင်ခဲ့သော ဗိုလ်မှူးဟိန်းသော်ဦး၏ Myanmar Now နှင့်အင်တာဗျူးတွင် ၎င်းက နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန၏ အထူးစစ်ဆင်ရေးမှူးများက ဆန္ဒပြမှုဖြိုခွင်းမှုများအား စစ်ဆင်ရေးတစ်စုကဲ့သို့ သတ်မှတ်ပြီး တိုက်ရိုက်ညွှန်ကြားနေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထို့အတွက်ကြောင့် လက်နက်ကြီးများကို အသုံးပြုခွင့်ပြုသည်သာမက ၎င်းတို့၏ အောက်ခြေတပ်ဖွဲ့ဝင်များက ပြည်သူများ၏ ဥစ္စာပစ္စည်းများအား လုယက်ခြင်းကိုလည်း အဆိုပါစစ်သားများအတွက် အခွင့်အရေးတစ်ခုအဖြစ်သဘောထား၍ မျက်ကွယ်ပြုနေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ၎င်းသည် စစ်တက္ကသိုလ်အပတ်စဉ် ၄၈ ကျောင်းဆင်းတစ်ဦးဖြစ်ပြီး စစ်တပ်ထဲတွင် နှစ် ၂၀ ခန့်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် လာရှိုးတွင် တာဝန်ကြစဥ် CDM ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ချင်းပြည်နယ်တွင် အခြေစိုက်လှုပ်ရှားသော Chin National Front ဌာနချုပ်သို့သွားရာ လမ်းတစ်လျောက်ရှိ ရွာ၅ရွာအား စစ်အုပ်စုက ကာဖျူးထုတ်လိုက်ကြောင်း Khonumthung သတင်းဌာနက ဖော်ပြခဲ့သည်။ ချင်းပြည်နယ်ရှိ CDM ဝန်ထမ်းများ တပ်ဖွဲ့ဝင်များ အဆိုပါဌာနချုပ်ဖက်သို့ ထွက်ပြေးခိုလှုံခြင်းမရှိစေရန် ပြလုပ်ခြင်း ဖြစ်ကြောင်း၊ ယခင်ကလည်း CDM ပြုလုပ်နေသူများအား လက်ခံထားသည်ဆိုသည့်သတင်းကြောင့် စစ်အုပ်စု တပ်ဖွဲ့ဝင်များ အဆိုပါဌာနချုပ်သို့ သွားရောက်ခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းရှိ ကနီရွာသားများအား စစ်အုပ်စုတပ်ဖွဲ့ဝင်များက မောင်းသူမဲ့လေယာဥ်များဖြင့် စောင့်ကြည့်ပီးမှာ လက်နက်ကြီးဖြင့် အဝေးက ခုနှစ်ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက RFA ကိုပြောဆိုခဲ့သည်။ ထိုပစ်ခတ်မှုများကြောင့် အနည်းဆုံး ၁၀ ဦးသေဆုံးခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် ည ၈ နာရီတွင် သံပုံးတီးခတ်နေသူများအား တပ်ဖွဲ့ဝင်များက ပစ်ခတ်ခြင်း ဖမ်းဆီးခြင်းများပြုလုပ်နေကြောင်း သိရသည်။ AAPP ၏ ယမန်နေ့ စာရင်းများအရ သေဆုံးသူမှာ အနည်းဆုံး ၇၃၈ ဦးရှိပီဖြစ်ကြောင်း သိရသည်။

မြန်မာပြည်တွင် ရောင်းအကောင်းဆုံး မြန်မာဘီယာ ရောင်းအား ၈၀ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ပြီးနောက် လူမှုကွန်ယက် အသုံးပြုသူများက အခြားသော စစ်တပ်ထုတ်ကုန် ဘီယာများဖြစ်သည့် Andaman Gold နှင့် Black Shield တို့ကိုလည်း မသောက်သုံးရန် လှုံ့ဆော်နေကြပါသည်။ အဆိုပါ အမှတ်တံဆိပ်များသည် စစ်တပ်ထုတ်ကုန်ဖြစ်ကြောင်း မသိသဖြင့် စျေးကွက်ထဲတွင် သုံးဆောင်နေကြသဖြင့် တောင်းဆိုရခြင်းဖြစ်ကြောင်းသိရသည်။ ယမန်နေ့နေ့စွဲဖြင့် မြန်မာလူမှုအဖွဲ့အစည်း ၄၀၃ ဖွဲ့က ပြင်သစ် Total နှင့် အမေရိကန် Chevron တို့အား ၎င်းတို့၏ အခွန်ငွေများအား စစ်အုပ်စုအားပေးဆောင်ခြင်းမပြုရန် တောင်းဆိုလိုက်သည်။ Total ၏ ဦးဆောင်သူတစ်ဦးက ၎င်းတို့၏ ဝန်ထမ်းများလုံခြုံရေးအတွက် ၎င်းတို့၏ ရေနံတူးဖော်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း တုံ့ပြန်ခဲ့ဘူးသည်။ ထို့အပြင် Justice for Myanmar ၏ ဖော်ပြချက် အရ အီတလီ Puma ကုမ္ပဏီသည် စစ်အုပ်စုနှင့် ဆက်လက်အလုပ်လုပ်လျက်ရှိကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လေယာဥ်ဆီများထောက်ပံ့ခြင်းတို့ကို လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။ ထို့အပြင် ရန်ကုန်မြို့လယ်ရှိ နာမည်ကျော် ဆူးလေစကွဲ (Sule Square) လုပ်ငန်း၏ ဒရိုက်တာဖြစ်သူ Kay Kuok Oon Kwong အား သူမတာဝန်ယူထားသည့် နာမည်ကျော် Yale-NUS ကောလိပ်ဘုတ်အဖွဲ့က ထုတ်ပယ်ရန် Justice for Myanmar က တောင်းဆိုလိုက်သည်။ အဆိုပါလုပ်ငန်းကို လုပ်ကိုင်နေသော Shangri-La Group သည် စစ်တပ်နှင့်ပူပေါင်း၍ ရင်းနှီးမြှုပ်နှံမှုများကို ပြလုပ်နေခြင်းဖြစ်သည်။ သို့သော် ကျောင်းက ၎င်းတို့အနေဖြင့် သူမ၏ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများအတွက် သီးခြားမှတ်ချက်ပေးရန်မရှိကြောင်း တုံ့ပြန်ခဲ့ သည်။ သဃ်န်းကျွန်း လေးထောင့်ကန်လမ်းအနီးရှိ စစ်ကောင်စီအဖွဲ့ဝင် ဦးသိန်းညွန့်အိမ်တွင် ယနေ့ည ၉ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း ရပ်ကွက်နေသူတစ်ဦးက Voice of Myanmar သို့ပြောဆိုခဲ့သည်။ စစ်သားများရောက်ရှိလာကြောင်း ညမထွက်ရအချိန်ဖြစ်သဖြင့် အချက်အလက်များမသိရသေးကြောင်း ရေးသားထားသည်။

ဝေဖန်မှုများရှိနေသော်လည်း ဧပြီ ၂၄ ရက်နေ့တွင် ဂျာကာတာမြို့၌ ကျင်းပမည့် အာစီယံထိပ်သီးအစည်းအဝေးအား အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မည်ဖြစ်ကြောင်း စစ်အုပ်စု၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက Nikkei Asia ကို အတည်ပြုပြောကြားသည်။ အဆိုပါအစည်းအဝေးအား အင်ဒိုနီးရှားသမ္မတက စတင်အဆိုပြုခြင်းဖြစ်ပြီး မလေးရှားနှင့် စင်ကာပူတို့က ထောက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အပါအဝင် အရာရှိစစ်ဗိုလ် ၁၁ ဦး ဖမ်းဆီးခံရသည်ဆိုသည်မှာလည်း မဟုတ်မှန်ကြောင်း ၎င်းက ငြင်းဆိုလိုက်သည်။ NUG ၏ ဖက်ဒရယ်ရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဇခေါင်းက ငြိမ်းချမ်းရေးဆွေးနွေးမှုများမှတစ်ဆင့် ၎င်းနှင့်ရင်းနှီးမှုရှိ သော စစ်ဗိုလ်ကြီးများသည် အာဏာသိမ်းမှုကို မကြိုက်နှစ်သက်ကြောင်း CDM ပါဝင်ရန်ဖိတ်ခေါ်ကြောင်း ထုတ်ဖော်ပြောဆို လိုက်ပြီးနောက် ယခုကဲ့သို့ နောက်ဆက်တွဲသတင်းများထွက်ပေါ်လာခြင်းဖြစ်သည်။ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့သည့် ဒုဗိုလ်ချုပ်ကြီး ၅ ဦးပါ တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ၏ ခေါင်းဆောင်ဖြစ်ပြီး ၎င်းသည် NCA ၏ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစောင့်ကြည့်ရေးကော်မတီ၏ ခေါင်းဆောင်လည်း ဖြစ်သည်။  

NUG ၏ နိုင်ငံခြားရေးဝန်ကြီးက ဧပြီလ ၂၀ ရက်နေ့တွင် ၎င်းတို့အစိုးရအား ကုလသမဂ္ဂအဖွဲ့၏ UNDP/UNFPA/UNOPS ၏ အမှုဆောင်ကော်မတီဝင်အဖြစ် ၃ နှစ်စာအတွက် ယနေ့ ကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးကောင်စီအစည်းအဝေး (ECOSCO) တွင် အရွေးခံခဲ့ရကြောင်း စာထုတ်ပြန်လိုက်သည်။ လူမှုကွန်ယက်အသုံးပြုသူများက ယခုဖြစ်ရပ်သည် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုရရှိရန်ကြိုးပမ်းနေသည့် စစ်အုပ်စုအတွက် ထိုးနှက်ချက်ဖြစ်ကြောင်း၊ မကြာမှီတွင် နိုင်ငံများကလည်း ထောက်ခံလာကြတော့မည်ဖြစ်ကြောင်း မှတ်ချက်ပြုနေကြပါသည်။ လွန်ခဲ့သည့်နှစ်ရက်အတွင်း စင်ကာပူဆိပ်ကမ်းသို့ ရောက်ရှိနေသည့် UN တံဆိပ်ပါသော စစ်ကားများနှင့် မော်တော်ယာဥ်များအကြောင်းသည် မြန်မာပြည်သူများအကြား ဂယက်ရိုက်ခဲ့သည်။ အဆိုပါ စစ်သုံးယန္တရားများသည် မြန်မာပြည်အားတိုက်ရန်မဟုတ်ဘဲ UN ငြိမ်းချမ်းရေးတပ်ဖွဲ့တွင် တပ်ဖွဲ့ဝင်အများဆုံး စေလွှတ်ထားသောသည့် မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ပို့ဆောင်ရန်ဖြစ်ကြောင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်နှင့် သီရိလင်္ကာတို့ လေးနိုင်ငံပါဝင်သည့် စစ်ရေးလေ့ကျင့်မှု ပြန်လုပ်ရန်အတွက်ဖြစ်ကြောင်း လူမှုကွန်ယက်အသုံးပြုသူအချို့က ပြန်လည်ဖြေရှင်းနေကြသည်။ နိုင်ငံတကာတပ်များဝင်ရောက်ကူညီရန်မှာ ဖြစ်နိုင်ချေအလွန် နည်းပါးသော်လည်း မြန်မာပြည်သူအများအပြားသည် R2P အစီအစဥ်ဖြစ်ပေါ်လာစေရန် အစဥ်တစိုက် တောင်းဆိုလျက် ရှိပါသည်။

Comments

Popular Posts